သတင်း

နေပြည်တော်သို့ ဝင်နိုင်သည့် တောင်ပေါ်နယ်စပ်များတွင် လုံခြုံရေးတင်းကျပ်

ဒေသအများအပြားကို စစ်ကူပို့ရန် လိုအပ်နေသော်လည်း စစ်ကောင်စီက နေပြည်တော်ရှိ စစ်အင်အားကို အလျော့မခံဘဲ ရန်သူ အလွယ်တကူဝင်မလာနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများဖြစ်နေချိန်တွင် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ရုံးထိုင်ရာ နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် တောင်ပေါ်နယ်စပ်များတွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ စစ်စခန်းတချို့ တိုးချဲ့ချထားသည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုများ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အနီး ပဲခူးရိုးမပေါ်မှ နေပြည်တော်သို့ ဝင်ရောက်လာမည်ကို ကာကွယ်နိုင်ရန်    ပြင်ဆင်နေခြင်းဖြစ်သည်ဟု နေပြည်တော်တွင် လုံခြုံရေးတာဝန်ယူထားသူ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

 “နေပြည်တော်မြို့တွေမှာ လုံခြုံရေးက အရင်အတိုင်းပုံမှန်ပဲ၊ တောင်ပေါ်က နယ်စပ်တွေမှာ စစ်စခန်းနဲ့ ထပ်ချပြီး လုံခြုံရေးတော့ ပိုယူထားတယ်” ဟု သူ ပြောသည်။

နေပြည်တော်မြို့အဝင် တိုးဂိတ်တွင် လုံခြုံရေးကို ပိုမိုတင်းကျပ်နေသော်လည်း ၂ နှစ်ကျော် ပိတ်ထားသည့် သပြေကုန်းအဝိုင်းကို နိုဝင်ဘာ ၁၂ရက်နေ့က ပြန်လည်ဖွင့်ပေးပြီး အများပြည်သူကို ဖြတ်သန်းသွားလာခွင့် ပြုလိုက်သည်။

သို့သော် ဘန်ကာလုံခြုံရေးစခန်း ၅ ခုနှင့် ရဲကား ၆ စီးတို့မှာ ဆက်ရှိနေဆဲဖြစ်သည်။ သပြေကုန်းအဝိုင်း ဘန်ကာခန်း ၅ ခုတွင် ရဲဝန်ထမ်းအင်အား ၇ ဦးခန့်သာ ရှိသည်။

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာများဖွင့်ထားရပြီး မြို့များသိမ်းပိုက်ခံထားရချိန်တွင် နေပြည်တော်ရှိ ပိတ်ဆို့ထားသည့် သပြေကုန်းအဝိုင်းအပါအဝင် မြို့တွင်းကင်းစခန်းတချို့ ဖျက်သိမ်းသွားသည်။

ပျဉ်းမနားမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ရှိခဲ့သည့် ကင်းစခန်းတစ်ခု ဖျက်သိမ်းထားသည်ကို တွေ့ရပြီး ကင်းစခန်းများနှင့် အင်အားများကို လျှော့ချနေသည်။ သို့သော် နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် လမ်းများကိုမူ စစ်ကောင်စီက အာရုံစိုက်တင်းကျပ် စစ်ဆေးနေကြောင်း ဒေသခံများက ဆိုကြသည်။

တစ်နိုင်ငံလုံးအနှံ့ စစ်သည်အင်အားနည်းပါးမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် စစ်စခန်း သုံးလေးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး ခံစစ်ပြင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်‌ဆွေက ပြောသည်။

နေပြည်တော်တွင်လည်း မြို့တွင်းကင်းစခန်းတချို့ကို ဖျက်သိမ်းပြီး ထိုနေရာမှ ထွက်လာသည့် အင်အားများကို  တောင်ပေါ်ဒေသများသို့ ပို့နေကြောင်း သိရသည်ဟု သူက ဆိုသည်။

“သပြေကုန်းအဝိုင်းကို ပိတ်တာကို ဖြုတ်တာ၊ အလကားဖြုတ်တာ မဟုတ်ဘူး၊ အင်အားမရှိတော့တဲ့အတွက် အဲဒီအင်အားတွေကို နေပြည်တော်ရဲ့ အစပ်တွေမှာ ဝင်မလာနိုင်အောင် ကာဗာလုပ်ပို့ရတဲ့အတွက် မြို့တွင်းမှာ လုံခြုံရေးအင်အားကို မဖြစ်မနေ လျှော့လိုက်ရတဲ့ သဘောရှိတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင်းသို့ ဝင်ရောက်လာနိုင်သည့် နေရာများတွင် ခံစစ်အတွက် ပြင်ဆင်နေသလို ဝန်ကြီးဌာနများနှင့် လူကြီးလမ်းကြောင်းများအတွက် လုံခြုံရေးကိုလည်း အထူးဂရုစိုက်ရန် မှာကြားနေသည်ဟုလည်း ဝန်ထမ်းတချို့က ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးရယူနေသည့် ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကိုလည်း နံနက်အစောပိုင်းနှင့် ညမိုးချုပ် သတိထားသွားလာကြရန် မှာကြားထားကြောင်း စုံစမ်းသိရှိရသည်။

“မြို့သိမ်းတိုက်ပွဲတွေဖြစ်လာတဲ့နောက် နေပြည်တော်မှာ နေတဲ့သူတွေဆီမှာ စိုးရိမ်ကြောက်လန့်မှုတော့ ရှိလာကြပြီ” ဟု နေပြည်တော်မှ အရာထမ်းဝန်ထမ်းတစ်ဦးက ဆိုသည်။

နေပြည်တော်သည် စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သည့်အတွက် ဝင်ရောက်လာနိုင်သည့် တောင်ပေါ်ဒေသလမ်းများတွင် စစ်အင်အားကို တိုးချဲ့ချထားသည်ဟု ကြားသိထားကြောင်း ဦးမောင်မောင်ဆွေက အတည်ပြုပြောဆိုသည်။

“သူတို့ အသက်မသေစေ‌ရေး နေပြည်တော်ကို ပိတ်ဆို့ထားမယ်ဆိုတဲ့ ဗျူဟာ။ ကျန်တဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ လူတွေ ကြိုက်သလိုသေ သူတို့ဂရုမစိုက်ဘူး။ နောက်ဆုံးအချိန်ထိ သူတို့ နေပြည်တော်မှာ ပိတ်ပြီးခံမယ်ဆိုတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

နေပြည်တော်သည် ပဲခူးရိုးမနှင့် ရှမ်းရိုးမကြားတွင် ရှိပြီး အရှေ့ဘက်တွင် ရှမ်းတောင်ပိုင်း၊ အနောက်ဘက်တွင် မကွေးတိုင်း၊ မြောက်ဘက်တွင် မန္တလေးတိုင်း၊ တောင်ဘက်တွင် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့ တည်ရှိနေသည်။

နေပြည်တော်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ကရင်အမျိုးသားအစည်းရုံးနှင့် PDF တော်လှန်ရေးအင်အားစုများ လှုပ်ရှားနေကြသည်။

နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ပိတောက်ကုန်း၊ ရေတာရှည် ဆွာမကြီးကျေးရွာတို့တွင်လည်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်နေပြီး၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်များကိုလည်း နေ့စဉ်ခံနေကြရသည့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဉီးရည်မွန်နှင့် တော်လှန်ရေးအင်အားစုများကလည်း “လမ်းများအားလုံး နေပြည်တော်ဆီသို့” စီမံချက်ကို ထုတ်ဖော်ပြောဆိုထားသည်။

ဒေသအသီးသီးတွင် ဆုံးရှုံးသွားရသည့် စခန်းများ ပြန်လည်ရရှိရေးအတွက် မြေပြင်တပ်အင်အားပို့ရန် လိုအပ်သော်လည်း နေပြည်တော်ရှိ တပ်အင်အား ထုတ်ယူသွားခြင်းကို မတွေ့ရသေးပေ။

အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ရှိနေခြင်းကြောင့် နေပြည်တော်တွင် ခံစစ်ကို ဆက်လက်ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း စစ်တပ်နှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။

ပျဉ်းမနားမြို့နယ်ရှိ ဆင်ဖြူတောင်အရှေ့ဘက် ကူးတို့ဆိပ်ကျေးရွာရှိ ဝဲကြီးကကျေးရွာကြားတွင် စစ်တပ်လုံခြုံရေးခန်းများကို ထပ်ချထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးရိုးမအစပ်နှင့် ရှမ်းရိုးမအစပ် တောင်ပေါ်ဒေသများသို့ သွားရောက်သည့် လမ်းများတွင် စစ်ဂိတ်စခန်း ၄ ခုထက်မနည်း တွေ့ရပြီး စခန်းတစ်ခုတွင် လက်နက်ကိုင် ၅ ဦးမှ ၁၀ ဦးအထိ ရှိကြောင်း ယင်းလမ်းတွင် သွားလာလေ့ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသများတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကိုလည်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့စည်းများ ဝင်ရောက်လာခြင်း ရှိမရှိ သတင်းပေးပို့ရန် စစ်ကောင်စီတပ်သားတချို့က ခေါ်ယူသတိပေးခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဆိုသည်။

“တောင်ဖီလာ ကျောက်ကွင်းနားမှာက ခြေမြန်တပ်ရင်း ၆၀၄၊ ၆၀၅ တို့ရှိတော့ စစ်အင်အားတိုးချတာတော့ မရှိဘူး၊ မြေပြင်အခြေအနေနဲ့ သတင်းအချက်လက်ရချင်လို့ ခေါ်ပြီး မေးမြန်းတာပါ” ဟု ပြောသည်။

သို့သော် ယင်းခြေမြန်တပ်ရင်းထဲတွင် စစ်သားဟူ၍ပင် မရှိဘဲ မိသားစုများသာ ကျန်ရစ်ခဲ့ပြီး စစ်သားများသည် တောင်ပေါ်ဒေသရှိ ရိုးမအစပ်များသို့ လုံခြုံရေးရယူခြင်းနှင့် စစ်ကြောင်းများထွက်နေရသည်ဟု ထိုဒေသတွင် နေထိုင်သူတစ်ဦးက ပြောသည်။

လုံခြုံရေးတင်းကျပ်ထားသည့် နေပြည်တော်မြို့တွင်းတွင် ပြောက်ကျားလှုပ်ရှားမှု နည်းပါးနေသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ပင်လောင်းမြို့နယ်နှင့်အနီး ကယား (ကရင်နီ) ပြည်နယ်တွင်လည်း ၁၁၀၇ စစ်ဆင်ရေးကိုလည်း ဖော်ဆောင်ပြီး စစ်ကောင်စီစခန်းများကို သိမ်းပိုက်ထားသည်။

ပဲခူးရိုးမတစ်ဝိုက် စစ်ရေးလှုပ်ရှားနေသည့် PDF တပ်ရင်း (၃၅၀၁) သည် ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာ အကူတပ်ဖွဲ့မှ အရာရှိဖြစ်သူ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည့် သာဓကရှိသည်။

နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၁၊ ၆ ဖာလုံအနီးတွင် ဇန်နဝါရီ ၂၂ ရက်က လက်နက်ဝယ်လိုကြောင်း အဆိုပါ စစ်ထောက်လှမ်းရေးအရာရှိတို့ကို လှည့်စားခေါ်ယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button