သတင်း

နွေဦးဘဏ် ရှယ်ယာ ၁၀ သန်းဖိုး ရောင်းရငွေကို တော်လှန်ရေးတွင် သုံးမည်ဟု NUG ပြော

ဘဏ်ရှယ်ယာ ဒေါ်လာ ၁၀ သန်းဖိုး ရောင်းရငွေကို နွေဦးတော်လှန်ရေးအတွင်း အရေးပေါ် လိုအပ်ချက်များအတွက် သုံးစွဲသွားမည်ဟု NUG က ဆိုသည်။

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထူထောင်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank- SDB) က အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး အစုရှယ်ယာများကို နိုဝင်ဘာ ၁၇ မှ စတင်၍ ပထမဆုံးအကြိမ် ထုတ်ရောင်းမည်ဟု ကြေညာသည်။

ဘဏ်ထူထောင်ပြီး ၄လနီးပါးကာလတွင် နွေဦးဖွံ့ဖြိုးရေးဘဏ်တန်ဖိုးကို အမေရိကန်ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိသည်ဟု အခြေခံသတ်မှတ်ထားကာ ဒေါ်လာ ၁၀ သန်းတန် အစုရှယ်ယာပေါင်း ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်းမည်ဟု ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် NUG က ပြောသည်။ 

ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှရရှိသည့် ရန်ပုံငွေအားလုံးသည် နွေဦးတော်လှန်ရေးတွင် အရေးပေါ်လိုအပ်သည့် အသုံးစရိတ်များ ဖြစ်သွားမည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ရှယ်ယာရောင်းချမှုနှင့် ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်လိုက်ပါပြီးတော့ နိုင်သမျှ ပမာဏကို ထည့်ဝင်ရင်းနှီးမြှုပ်နှံကြပါ။ ဒါသည် တော်လှန်ရေးအတွက် အင်မတန်အရေးကြီးတဲ့ ရင်းနှီး မြှုပ်နှံမှုဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့က အာဏာသိမ်းစစ်ကောင်စီကို ထိုးစစ်အရှိန်မြှင့်လာသလို တော်လှန်ရေးအောင်ပွဲ မဝေးသည့်ကာလတွင် ဘဏ္ဍာရေးလိုအပ်ချက်လည်း မြင့်တက်လာသည်ဟု သူက ဆိုသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်ကို NUG အစိုးရက ၅၁ ရာခိုင်နှုန်း၊ ပြည်သူလူထုက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ရန် စီစဉ်ထားရာ ရှယ်ယာများကို အသုတ်လိုက်ရောင်းချသွားမည်ဟု SDB ဘဏ်၏ စီမံခန့်ခွဲမှု အလုပ်အမှု ဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်က ပြောသည်။

ရှယ်ယာတစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၀ ဒဿမ ၀၀၁ သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံလိုသူသည် ၁၀ ဒေါ်လာ တန်ကြေးရှိ အစုရှယ်ယာပေါင်း ၁၀,၀၀၀ အနည်းဆုံးဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ဘဏ်အောင်မြင်မှုအပေါ်မူကာ ရှယ်ယာရှင်များကို အမြတ်ဝေစုခွဲပေးမည့်အပြင် ဘဏ်တန်ဖိုးတက်လာ သည့်အပေါ် တွင်လည်း အကျိုးခံစားခွင့်ရှိမည်ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီထိန်းချုပ်သော ဘဏ်စနစ်အတွင်း ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရန်၊ ရန်ပုံငွေရှာဖွေရန်နှင့် တော်လှန်ရေးအလွန်ကာလ၌ ယုံကြည်စိတ်ချရသည့် ဘဏ်စနစ် အသင့်ဖြစ်ရန် ယခုနှစ် ဇူလိုင် ၂၂ ရက်မှ စတင်ကာ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဖွင့်လှစ်ခဲ့သည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဒစ်ဂျစ်တယ်ဘဏ်ဖြစ်ပြီး ဘဏ်ပိုင်ဆိုင်မှုကို ဥပဒေကြောင်းအရ တရားဝင်ရန် ပြည်ပနိုင်ငံတစ်ခုတွင် ကုမ္ပဏီတစ်ခု ထူထောင်ကာ နွေဦးဘဏ်ကို ထိုကုမ္ပဏီအောက်တွင် ထားရှိမည်ဖြစ်သည်။ 

လက်ရှိတွင် နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ရွှေအပါဝင် မြန်မာကျပ်၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်နှင့် ငွေကြေးအမျိုးအစား ၁၁ ခုအသုံးပြုနိုင်ပြီး အကောင့်ဖွင့်လှစ်ထားသူ ၄၄,၀၀၀ ရှိကာ ဒေါ်လာ ၁၀ သန်းကို  စီမံခန့်ခွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

NUG က ဘဏ်တစ်ခုပိုင်ဆိုင်မည့် အစီအစဉ်သည် တော်လှန်ရေးအတွက် အားတက်စရာဖြစ်သော်လည်း ငွေဝင်ငွေထွက်အပါအဝင် ဘဏ်တစ်ခု နောက်ကွယ်တွင် လည်ပတ်နေသည့် လုပ်ငန်းစဉ် များပြားသဖြင့် အကျိုးစီးပွားပဋိပက္ခနှင့် ရှုပ်ထွေးမှုများ ရှိလာနိုင်သည်ဟု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြထားသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button