
ရက်အတန်ကြာ တိုက်ပွဲဆက်ဖြစ်နေသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၁၅) နံနက်ပိုင်းက စစ်သားအလောင်း ၅ လောင်းကို သေနတ်များနှင့်အတူ ထပ်မံတွေ့ရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချောင်းနှစ်ခွတိုက်ပွဲအတွက် စစ်ကူလာသည့် ဘားအံအခြေစိုက် တပ်မ ၂၂ လက်အောက်ခံ အမှတ် ၈၁ ခြေလျင်တပ်ရင်းမှ စစ်သားများကို ယမန်နေ့ ညနေပိုင်းက ချောင်းနှစ်ခွရွာမရောက်မီ KNU ဦးဆောင်သော ပူး ပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“မနေ့ညက ပွဲထပ်ဖြစ်တာ၊ မိုးချုပ်သွားတော့ တက်ရှင်းလို့ မရတော့ဘူး။ ဒီမနက်မှ တက်ရှင်းတာ ထပ်ရတယ်။ ငါးလောင်းနဲ့ ငါးလက်ပါ” ဟု KNU တာဝန်ရှိသူက ပြောသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ချိတ်ဆက်ထားသည့် အတ္ထရံမြစ်ကူး ချောင်းနှစ်ခွတံတားအနီး ယခုလ ၁၀ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေပြီး စစ်သားနှင့် ရဲအင်အား ၆၀ ခန့်ရှိ ချောင်းနှစ်ခွရဲစန်းကို KNU ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့ထားသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း စစ်ကူလာသည့် တပ်မ ၂၂ လက်အောက်ခံစစ်ကြောင်းကို KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၁၄ ဦး သေဆုံးကာ ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့သည်။
ယင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးကို အရှင်ဖမ်းမိကာ နောက်ထပ် အရာရှိ ၁ ဦးနှင့် စစ်သား ၇ ဦး ပျောက်ဆုံးနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ညနေပိုင်းက ချောင်းနှစ်ခွကို စစ်ကူလာသည့် စစ်သားအရေအတွက်ကိုမူ မသိရပေ။
နိုင်ငံမြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်ပိုင်း အပါအဝင် ကရင်နီဒေသတွင် ဖြစ်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ နေ့စဉ် သတင်းထုတ်ပြန်နေသော်လည်း KNU နှင့် ခြောက်ရက်ကြာ ဖြစ်နေသော မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ချောင်းနှစ်ခွတိုက်ပွဲအကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)