သတင်း

စစ်ရေးတင်းမာလာသည့် ရခိုင်တွင် ဒေသခံများ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်

ဗုံးခိုကျင်း တူး၊ ရိက္ခာစုဆောင်းနေကြသူများထဲတွင် ယခင်က တိုက်ပွဲဖြစ်ခဲ့သည့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး အစရှိသည့် မြို့များမှ ကျေးလက်ဒေသခံများ ပါဝင်သည်။

ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်း တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော် (AA) က ပါဝင်တိုက်ခိုက်နေရာ AA အခြေစိုက်သော ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံတို့က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

ယခုရက်ပိုင်းအတွင်း ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး အစရှိသည့် ယခင်က တိုက်ပွဲဖြစ်ခဲ့သည့် ဒေသများရှိ ကျေးရွာများတွင် ဗုံးခိုကျင်းတူးနေကြသလို ရိက္ခာများစုဆောင်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲက ဖြစ်တော့မယ်ဆိုပြီး သတင်းတွေထွက်နေတော့ ဖြစ်လာရင် အသက်ဘေးက လွတ်အောင် ဗုံးခိုကျင်းတွေ ကြိုလုပ်ထားကြတာပါ။ သူများအိမ်တွေမှာ လုပ်ထားတော့ ကိုယ့်အိမ်မှာလည်း ကြိုလုပ်ထားရတယ်။ တိုက်ပွဲဖြစ်ရင် စစ်တပ်က လက်နက်ကြီးနဲ့ ရွာတွေကိုပဲ လှမ်းပစ်တာ။ AA နဲ့ မတိုက်တော့ဘဲ လူနေရွာတွေကိုပဲ အထိုင်စခန်းတွေက လှမ်းပစ်တယ်” ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ဒေသတွင်း ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာသကဲ့သို့ အထိုင်စခန်းများကလည်း လက်နက်စမ်းသပ်ပစ်ခတ်ခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောကြသည်။

“အခုတလော လက်နက်စမ်းတာတွေ၊ လူတွေကို စစ်ဆေးတာတွေကို စစ်တပ်က ပိုလုပ်လာတယ်။ နောက်ပြီး အပြန်အလှန်ဖမ်းဆီးတာတွေ ရှိနေတဲ့အခါကျတော့ စိုးရိမ်တဲ့ ရွာတချို့က လူတွေ မြို့ပေါ် ရွှေ့ပြောင်းတာ ရှိတယ်။ အထူးသဖြင့် နေရပ်ပြန်သွားတဲ့ စစ်ရှောင်တွေ စခန်းကို ပြန်လာကြတာ ရှိတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်လျှင် ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် နေရပ်ပြန် စစ်ဘေးရှောင်တချို့ မြို့ပေါ် စစ်ရှောင်စခန်းများသို့ ပြန်လည်ရွှေ့ပြောင်းမှုများရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ နှစ်ကုန်ခန့်က စတင်ခဲ့သော စစ်တပ်နှင့် AA တို့ တိုက်ပွဲများကြောင့် အိုးအိမ်မဲ့စွာ နေရပ်စွန့်ခွာခဲ့ရသော ဒေသခံပြည်သူ နှစ်သိန်းကျော်ရှိခဲ့ပြီး ယင်းအထဲမှ လူပေါင်း ၅၁၀၀၀ မှာ ယနေ့ထက်တိုင် နေရပ်စွန့်ခွာ နေထိုင်နေကြရဆဲဖြစ်သည်ဟု ယခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် UNHCR က ထုတ်​ပြန်ထားသည်။

စစ်ဘေးရှောင်စခန်းများတွင် ရှိနေသူအများစုမှာ နေရပ်ရင်းတွင် တိုက်ပွဲကာလအတွင်း လက်နက်ကျည်များကျရောက်မှုကြောင့် နေအိမ်များ ပျက်စီးသွားသည့်အတွက် ပြန်စရာ နေအိမ်မရှိသူများ ဖြစ်ကြသည်။

ထို့ပြင် မိုခါမုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့ကြမည့် UN အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့အစည်းများကို အာဏာသိမ်းစစ်ကောင်စီက ၃ လ ကြာသည်အထိ ပိတ်ပင်ထားခဲ့ခြင်းကြောင့် မုန်တိုင်းသင့်ဒေသခံများ စားနပ်ရိက္ခာအခက်အခဲ ရင်ဆိုင်နေရပြီး ဒေသတွင်း ဝင်ငွေရအလုပ်အကိုင်လည်း ရှားပါးနေသည်။

တစ်ချိန်တည်းမှာပင် ဒေသတွင်း စားသောက်ကုန်စျေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသည့်အတွက် တိုက်ပွဲဖြစ်လျှင် ဝင်ငွေနည်းပြည်သူများ တစ်ပူပေါ်နှစ်ပူဆင့်အခြေအနေ ဖြစ်လာမည်ဟု ပြောကြသည်။

စစ်တွေမြို့မှ စက်လှေဖြင့် သယ်ယူလာသော ကုန်ပစ္စည်းတချို့။ (ဓာတ်ပုံ- Myanmar Now)

စစ်တွေမြို့နှင့် ရခိုင်ဒေသစားသောက်ကုန်စျေးကွက်သို့ ဟင်းသီးဟင်းရွက်များကို ပြည်မဘက်မှ တင်သွင်းနေခြင်းဖြစ်ပြီး ရခိုင်သို့ ဝင်လာသည့် ကုန်ကားများကို စစ်ကောင်စီဂိတ်များက အချိန်ကြာမြင့်စွာ စစ်ဆေးခြင်း၊ ဂိတ်ဖြတ်ကြေးတောင်းခြင်းအချက်များလည်း ဒေသတွင်း ကုန်စျေးနှုန်းမြင့်မားရခြင်းတွင် ပါဝင်ကြောင်း သိရသည်။

“ရခိုင်ပြည်မှာ ဝယ်စားနေရတဲ့ စားကုန်သောက်ကုန် ဟင်းသီးဟင်းရွက်ကအစ ပြည်မက လာမှ။ တိုက်ပွဲဖြစ်ရင် လမ်းပိတ်မယ်။ လမ်းပိတ်ရင် ဝယ်စားစရာမရှိတော့ စျေးက ဒီထက်တက်ဖို့ပဲ ရှိတယ်။ အခုတောင် ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်လို့ လမ်းပိတ်တော့ အရင် တစ်ပိဿာ ၅၀၀၀ လောက်ရှိတဲ့ ကြက်သွန်ဖြူ အခု ၁၆၀၀၀ ထိ စျေးတက်သွားပြီ။ ဒါတောင် လိုသလောက် ဝယ်မရဘူး။ ကုန်ကား ဝင်ရင် လုဝယ်ရတယ်။ ဒီလို စျေးတက်လာတာနဲ့ လူတွေ ဘယ်လိုရပ်တည်နိုင်မလဲ” ဟု စစ်တွေမြို့မှ စားကုန်ဆိုင်သည်တစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်တွင် စစ်ရေးလှုပ်ရှားပြင်ဆင်မှုများကြောင့် မြို့နယ်တိုင်းတွင် စပါးများကို ပုံမှန်ထက် ဆောလျင်စွာ ရိတ်သိမ်းမှုများရှိနေသည်ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။ 

“တိုက်ပွဲက ဘယ်နေ့ ထ..ဖြစ်မလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ တိုက်ပွဲဖြစ်တာနဲ့ စိုက်ထားတဲ့စပါး ရိတ်နိုင်တော့မှာမဟုတ်ဘဲ ဆုံးရှုံးသွားမယ်။ ဒါကြောင့် စပါးကို စောနိုင်သမျှ စောရိတ်နိုင်အောင် ပြင်နေကြတယ်”

ထို့ကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်အတွင်း စစ်ပွဲများ အစပြုလာနေပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဗိုလ်အဆင့်ရှိသူများ သေဆုံး၍ ၎င်းတို့၏ တပ်ရင်းများ၊ ဗျူဟာကုန်းများ၊ အထိုင်စခန်းများ၊ မြို့တွင်းစခန်းများအပါအဝင် သံချပ်ကာကားများ၊ လက်နက်ခဲယမ်းအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရခိုင်ပြည်တွင်းရှိ ရက္ခိုင့်တပ်တော် (AA) အခြေစိုက် လှုပ်ရှားနေသော နေရာများသို့ နှောင့်ယှက်မှုများပြုလုပ်လာနေသည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ရက္ခိုင်ဒေသတွင်း မြို့နယ်တချို့တွင် ရန်သူ့စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများက လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက် လုပ်ဆောင်လာနေ‌သည်မှာလည်း ရက္ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး၏ အစဟုပင် ပြော၍ရပေမည်” ဟု ဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းများ၊ စစ်ရေးလှုပ်ရှားမှုများသည် ယခင်ထက်ပိုပြီး ပေါ်ပေါ်ထင်ထင် လုပ်လာနေခြင်း၊ ရေလမ်းကြောင်းများကို အဓိကဂရုတစိုက်လုပ်ဆောင်မှုများ ရှိလာခြင်းနှင့် လမ်းသွားလမ်းလာပြည်သူများကို ရပ်တန့်လာစေရန် စစ်ဆေးမေးမြန်းခြင်းတို့ကို တစ်ဆက်တည်း ပြုလုပ်လာနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ရခိုင်ပြည်သူများကို သတင်းအမှောင်ချရန်အတွက် ရခိုင်အခြေစိုက် သတင်းမီဒီယာများကို ပိတ်ပင်လာနေရုံသာမက သတင်းသမားများကိုလည်း လိုက်လံရှာဖွေနေခြင်း၊ အရက်ဘက်အဖွဲ့အစည်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများကို အကွက်ကျကျ လုပ်ဆောင်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်​ပြန်ထားသည်။

စစ်ရေးလေ့ကျင့်

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ စစ်ကောင်စီနှင့် ရုရှား ပူးတွဲ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ချိန် ရခိုင်တောင်ပိုင်းမှ ရေလုပ်သားများကို သုံးရက်တိတိ လှေမထွက်ရန် စစ်ကောင်စီ အမိန့်ထုတ်ခဲ့သည်ဟု သိရသည်။

ပင်လယ်ပြင်တွင် လက်နက်စမ်းသပ်ပစ်ခတ်ရန် ရှိသည်ဟုဆိုကာ သံတွဲမြို့နယ်မှ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေများကို နိုဝင်ဘာ ၇ မှ ၉ ရက်အထိ ပင်လယ်ပြင်သို့ မထွက်ခွာကြရန် နိုဝင်ဘာ ၆ ရက်က ကြေညာ အမိန့်ထုတ်ခဲ့သည်။

သို့ရာတွင် မည်သည့်နေရာ၊ မည်သည့်အချိန်၌ လက်နက်စမ်းမည်ကို ကြေညာခြင်း မရှိဟု သံတွဲဂျိတ္တော ကမ်းခြေမှ ရေလုပ်သားတစ်ဦးက ပြောသည်။

“လှေမထွက်ဖို့ ကြေညာတာ ဟုတ်ပါတယ်။ လှေအားလုံး ကမ်းကပ်နေရပါတယ်။ ဘယ်နေရာမှာ ပစ်မှာလဲဆိုတာ မသိပါ။ လှေကမ်းကပ်ထားရတော့ အလုပ်မရှိ ဖြစ်ရတာပေါ့” ဟု သူက ဆိုသည်။

စစ်ကောင်စီနှင့် ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို ပထမအကြိမ်အဖြစ် မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်အကွာတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ ပူးပေါင်း၍ နိုဝင်ဘာ ၇ မှ ၉ ရက်အထိ ပြုလုပ်ခဲ့သည်။

ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Antsiferov ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၈၀၀ ဦးခန့်လိုက်ပါလာပြီး ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer) များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs၊ Admiral Panteleyev နှင့် Sea Tanker Pechenga တို့ ပါဝင်သည်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများပါဝင်သည့် ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းများ ဆောင်ရွက်မည့် ဧရိယာမှ ငါးမိုင်ပတ်လည်တွင် သင်္ဘောများ ဖြတ်သန်းသွားလာခြင်း၊ အမြင့်ပေ ၁၅၀၀၀ အောက် လေယာဉ်၊ ရဟတ်ယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းမပြုရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button