လက်နက်ကိုင်တော်လှန်နေသူများကို ထောက်ခံအားပေးနေသည်၊ တော်လှန်ရေးတွင်လည်း “ပူးပေါင်းဆောင်ရွက်” နေသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းက ပြောသည်။
ပါတီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း “၁၀၂၇ စစ်ဆင်ရေး” တွင် ပါဝင်တိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းစဉ် သူက လက်နက်ကိုင်တော်လှန်ရေးအတွက် လိုအပ်ချက်များ၊ နယ်စပ်တိုက်ပွဲများနှင့် တရုတ်ပြည်စီးပွားရေးဆက်စပ်မှု၊ မြန်မာနိုင်ငံအရေးနှင့် တရုတ်အစိုးရ၏ ရပ်တည်ချက်တို့အကြောင်း သုံးသပ် ပြောပြထားသည်။
၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့်ပါတီသည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ မှ စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်၊ ၁၉၈၉ ခုနှစ် ပါတီတွင်း ပုန်ကန်မှုများ ပေါ်ပေါက်ခဲ့ပြီး ပါတီခေါင်းဆောင်များသည် တရုတ်နိုင်ငံတွင် သွားရောက်နေထိုင်ကြရသည်။
ကိုးကိုးကျွန်းပြန် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီး စာရေးဆရာတစ်ဦးလည်းဖြစ်သူ မန္တလေးမြို့ဇာတိ ရဲဘော် ဖိုးသံချောင်းသည် လူထုသတင်းစာတိုက်ပိုင်ရှင် လူထုဦးလှ၊ လူထုဒေါ်အမာတို့၏ သားတစ်ဦးဖြစ်သည်။
မေး။ ။ နွေဦးတော်လှန်ရေးကတစ်ဆင့် ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထားကို သိပါရစေ။
ဖြေ။ ။ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ကျွန်တော်တို့ပါတီက ဆင်နွှဲခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးနဲ့ ခုဖြစ်နေတဲ့ ဟာတွေနဲ့ တူညီတယ်လို့ ပြောနိုင်ပါတယ်။ စစ်အစိုးရ ဖြုတ်ချရေးပေါ့။ အဲဒါကြောင့် ထောက်ခံနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ တစ်ပြည်လုံးက စစ်အုပ်စုရဲ့ ဗိုလ်ကျလွှမ်းမိုးမှုနဲ့ စစ်ဗျူရိုကရက်တွေရဲ့ လက်ဝါးကြီးအုပ် ဖိနှိပ်သွေးစုပ်မှုများကို လက်မခံနိုင်တော့လို့ တော်လှန် ပုန်ကန်လာကြတာ ဖြစ်ပါတယ်။ သဘာဝကျကျ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်မှု ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ စစ်တပ် လက်ဝါးကြီးအုပ် စစ်ဗျူရိုကရေစီ အရင်းရှင်စနစ်ကို တိုက်ခိုက်ဖြိုခွင်းခဲ့ပြီး ပြည်သူလူထုအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး စည်းလုံးညီညွတ်ပြီး အခွင့်အရေး တန်းတူညီမျှဖို့အတွက် ပြည်သူ့ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်ဖို့ ဖြစ်လို့ နိုင်ငံရေးအတားအဆီးဖြစ်နေတဲ့ စစ်ဗျူရိုကရက် အရင်းရှင်စနစ်ဖြိုဖျက်ရေးမှာ တူညီတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ခုလက်ရှိ တော်လှန်ရေးလုပ်နေတဲ့ လူတွေနဲ့ တူညီတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အားပေးထောက်ခံနိုင်သလို ပူးတွဲလုပ်ဆောင်လို့လဲ ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့က စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အောက်မှာ ဗမာပြည် ပြည်သူလူထုတွေ အဖိနှိပ်ခံဘဝကနေ သာယာဝပြောအောင် မတည်ဆောက်နိုင်ပါဘူး။ စစ်တပ် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်က အဆိုးဆုံးပါ။ ဗမာပြည်ရဲ့ လက်ရှိပြဿနာဟာ လူမျိုးရေးပြဿနာမဟုတ်ဘူး။ စစ်တပ် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ရန်သူအဖြစ်ထားတဲ့ လူမျိုးအသီးသီးထဲက အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသားနဲ့ အမျိုးသားဓနရှင်တွေ ချုပ်ကိုင်တဲ့ အာဏာရဖို့ လုပ်ရမယ်လို့ ထင်ပါတယ်။ သူတို့ရဲ့အင်အား ကြီးထွားလာဖို့၊ ခိုင်မာလာဖို့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတစ်ရပ် တည်ထောင်နိုင်မှသာလျှင် ပြည်သူတစ်ရပ်လုံး ချမ်းသာကြွယ်ဝနိုင်မယ့် အခြေအနေကို တည်ထောင်နိုင်မယ်။ အဲ့လို မဟုတ်ဘဲနဲ့ တခြားက အကူအညီပေးတာနဲ့၊ တခြားက ထောက်ပံ့ပေးတာနဲ့ ကျွန်တော်တို့တော်လှန်ရေးကြီး အောင်မြင်မယ်လို့လဲ မမျှော်လင့်ဘူး။ အဲ့ဒီလိုမျိုးလည်း မဖြစ်စေချင်ဘူး။ အဓိကကတော့ ပြည်တွင်းက လူတန်းစားပြဿနာကို ဖြေရှင်းဖို့ပဲ။ စစ်အစိုးရမှာ ဗမာလူမျိုးကြီးဝါဒ ရှိတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါက စစ်အစိုးရပါ။ ဗမာပြည်သားတွေ မဟုတ်ပါဘူး။ ခုဆိုရင် ဗမာပြည်သားတွေရဲ့ အချက်အချာဒေသတွေမှာ စစ်အစိုးရက ဗမာလူမျိုးတွေကိုပဲ ရက်ရက်စက်စက် သတ်ဖြတ်နေတာ တွေ့နေရပါတယ်။ အရင်တုန်းက အဲဒီနေရာတွေမှာ လက်နက်ကိုင်တော်လှန်ရေး မရှိတော့ တိုင်းရင်းသားဒေသတွေမှာပဲ စစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်တာတွေရှိပါတယ်။ အခုတော့ လူမျိုးစုရော၊ ဗမာရော မရွေး (တော့ဘူး)၊ သူတို့ကို ခုခံသူ တိုက်ခိုက်သူမှန်သမျှကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်၊ ရက်ရက်စက်စက် လုပ်ကြံနေတယ်ဆိုတာကို အားလုံး မြင်တွေ့ရပြီးဖြစ်ပါတယ်။
မေး။ ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ PLA လည်း ပေါ်ပေါက်လာပြီဆိုတော့ PLA ကို ဘယ်လို ဖွဲ့စည်းထားသလဲ။ ဗ.က.ပ ရဲ့ မြေအောက်လှုပ်ရှားမှုဆိုတာရော ဘာလဲ။
ဖြေ။ ။ ခုလောလောဆယ်မှာတော့ ကျွန်တော်တို့ ပါတီရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ PLA ဆိုတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လက်နက်ကိုင်တော်လှန်ရေးအဆင့်အနေနဲ့ ပါဝင်နေပါတယ်။ ကျွန်တော်တို့ကတော့ မြေအောက်လှုပ်ရှားမှုသဘောတရားနဲ့ ပါဝင်နေပါတယ်။ နှစ်မျိုးစလုံး ပါဝင်နေပါတယ်။ လက်နက်ကိုင်အနေနဲ့လည်း ပါတယ်၊ မြေပေါ်မှာ မြေအောက်လှုပ်ရှားမှုအနေနဲ့လည်း ပါပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက်လှုပ်ရှားမှုအကြောင်းတွေက ကျွန်တော် ပြောခွင့်မရှိဘူးဗျ၊ အဲဒါတွေက ကျွန်တော်တို့အတွက် ထိပ်တန်းလျှို့ဝှက်ချက်တွေ ဖြစ်လို့ပါ။ PLA ပေါ်ပေါက်လာတာကတော့ PLA ဟာ ကျွန်တော်တို့ စည်းရုံးလို့ရတဲ့ အင်အားစုတွေ ပါဝင်ပြီး ဖွဲ့စည်းထားတဲ့၊ ကျွန်တော်တို့ ရဲဘော်တွေက ခေါင်းဆောင်ထားတဲ့တပ်ပဲ ဖြစ်ပါတယ်။ ပါတီက တိုက်ရိုက်ချုပ်ကိုင်တယ်လို့ ပြောလို့ ရပါတယ်။ အဲဒီတပ်ဟာ အရှေ့မြောက်မှာတင် လှုပ်ရှားနေတာ မဟုတ်ဘူး။ အဓိကအားဖြင့် ဗမာပြည်အလယ်ပိုင်းမှာ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံစစ်မဟာဒေသတွေဖြစ်တဲ့ မ ၃ လုံးတို့၊ စစ်ကိုင်းတိုင်းတို့ အဲဒီလိုနေရာတွေမှာ ကျွန်တော်တို့ ဝင်ရောက်ပြီး လှုပ်ရှားနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ အကုန်လုံးကို ဗမာပြည်ကွန်မြူနစ်ပါတီကိုပဲ အိုးမဲသုတ်ပြီးတော့ အဲဒီဟာနဲ့ပဲ အကုန်လုံးကို ပေါင်းပြီး ရောချနေတာပဲဗျ။ သူတို့ ပြောတဲ့ အချက်အလက်တွေထဲမှာ တချို့ကတော့ မှန်တာ ရှိချင်ရှိမယ်။ ဒါပေမဲ့ တော်တော်များများကတော့ ပုံချတဲ့ ဟာတွေ များပါတယ်၊ သူတို့ ထုံးစံအတိုင်းပါပဲ။ အခုဆိုရင် တခြားပါတီတွေကို တိုက်စရာရှိတာရှိတော့ ဗမာပြည်ကွန်မြူနစ်ပါတီက အားနည်းလာပြီဆိုတော့ တခြားလက်နက်ကိုင်ရော၊ လက်နက်မကိုင်ရော အားကြီးလာတဲ့ ပါတီတွေကို တိုက်တာ ပိုများလာပါတယ်။
ဥပမာ NLD ပါတီကို ဆိုရင် သူတို့ ရက်ရက်စက်စက် ပိုပြီးတိုက်ခိုက်တယ်။ သူတို့ရဲ့ မီဒီယာတွေပေါ်မှာ ကြည့်လိုက်ရင် NLD ပါတီပေါ်မှာ တိုက်ခိုက်တာက ရာခိုင်နှုန်း ၇၀၊ ၈၀ ထက် မနည်းပါဘူး။ ကျွန်တော်တို့ကို တိုက်တာက ရာခိုင်နှုန်း ၂၀၊ ၃၀ အဲဒီလောက်ပဲ ရှိကောင်းရှိပါလိမ့်မယ်။ ဆိုလိုတာက သူတို့ကတော့ သူတို့ရဲ့ အဓိကရန်သူ ပစ်မှတ်ကို သေသေချာချာ သတ်မှတ်ပြီးတော့ အချိန်အခါအလိုက် အဓိကရန်သူကို အဓိကတိုက်ခိုက်တာဖြစ်ပါတယ်။ အဲဒါကိုတော့ ကျွန်တော်တို့ မမေ့ဖို့ လိုအပ်ပါတယ်။
မေး။ ။ မြောက်ပိုင်းမဟာမိတ်တွေ ဆင်နွှဲနေတဲ့ စစ်က တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ရရှိတယ်လို့ ပြောနေကြတယ်။ ဒီဒေသတွေမှာ ဒီမိုကရေစီ လိုလားတဲ့ လက်နက်ကိုင်တပ်တွေ ပေါ်ပေါက်လာဖို့ တရုတ်နိုင်ငံက တကယ်ပဲ ဆန္ဒရှိနေပြီလား။
ဖြေ။ ။ ကျွန်တော် သိထားတာ နားလည်ထားတာ တစ်ခုကတော့ တရုတ်ပြည်အနေနဲ့ သူတို့ နိုင်ငံရဲ့သမိုင်းမှာ ဗမာပြည်ရှိတဲ့ ဒီဘက်တစ်ကြောဟာ သူတို့ရဲ့ နောက်ကျောဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ကျောမှာ သူတို့ကို အဓိကအန္တရာယ်ပေးတာတွေက နောက်ကျောက ဝင်တဲ့ ဟာတွေပဲ။ ဗမာပြည်ဘက်ကနေပြီး ဂျပန်တပ်တွေ ဝင်သွားခဲ့တာ၊ ဒီနောက်ကျောမှာ ဂျပန်တပ်တွေ လှုပ်ရှားပြီး တရုတ်တွေကို ဒုက္ခပေးခဲ့တာ သူတို့ မမေ့ပါဘူး။ အဲ့ဒါကြောင့်မို့လို့ သူတို့ရဲ့ နောက်ကျောပိုင်းကို သူတို့ အမြဲ လုံခြုံရေးအတွက် သတိထားပါတယ်။ ဟို အရှေ့ဘက်ပိုင်းကတော့ သူတို့ ရင်ဆိုင်နိုင်ပါတယ်။ နိုင်လည်း နိုင်နေတယ်။ နောက်ကျောပိုင်းမှာကတော့ သူတို့အတွက် အမြဲတမ်း သတိထားမှာပါ။ နယ်စပ်တစ်လျှောက်မှာ သာယာဝပြောစေချင်မှာ ဒါကတော့ သဘာဝကျတယ်လို့ ထင်ပါတယ်။ နားလည်နိုင်တယ်လို့လည်း ထင်ပါတယ်။
မေး ။ ။ တရုတ်က ခေတ်သစ်ပိုးလမ်းမလို့ခေါ်တဲ့ BRI စီမံကိန်းကို ဖော်ဆောင်နေတယ်။ ခုဖြစ်နေတဲ့ အရှေ့မြောက်ပိုင်းက စစ်ပွဲတွေကလည်း တရုတ်က စီစဉ်နေတဲ့ မြန်မာ-စင်္ကြံလမ်းလို့ ခေါ်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဖြစ်နေတယ်။ ဒါကြောင့် ခုဖြစ်နေတဲ့ စစ်ဟာ တရုတ်နိုင်ငံက ရပ်တန့်စေချင်တဲ့ အချိန်မှာ ဒီစစ်ဟာ ရပ်တန့်သွားနိုင်မလား။
ဖြေ။ ။ အဲဒီလိုတော့ မလုပ်ကြဘူးထင်ပါတယ်။ သူတို့လည်းပဲ ကိုယ့်လူတွေ အကျအဆုံးခံထားတဲ့ဟာတွေ ရှိနေတာကို အဲဒီဟာတွေအပေါ်မှာ ပိုပြီးတော့ သစ္စာရှိကြလိမ့်မယ်လို့ ထင်ပါတယ်။
တရုတ်ပြည်ရဲ့ ပိုးလမ်းမစီမံကိန်းဟာ ခုအချိန်အခါမှာတော့ ကမ္ဘာက နိုင်ငံပေါင်း ၁၃၀ ကျော် ပူးပေါင်းလုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် ဒီလမ်းမကြီးဟာ ဗမာပြည်အတွက်လည်း အကျိုးစီးပွားရှိတဲ့ စီမံကိန်းတစ်ခုလို့ ပြောနိုင်ပါတယ်။ ဗမာပြည်က ဒီဟာမှာ သေသေချာချာ ကိုယ်ရအောင် လုပ်နိုင်လို့ရှိရင် အစိုးရက လူတွေနဲ့ ဒေသခံတွေသာ စားရသောက်ရအောင်လုပ်တာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံက ပြည်သူအားလုံး ခံစားရအောင်လုပ်လို့ရှိရင် ဒီစီမံကိန်းက ကျွန်တော်တို့ တိုင်းပြည်အတွက်၊ ကျွန်တော်တို့ နိုင်ငံသားတွေအတွက်လည်း အကျိုးရှိမှာပါပဲ။ တရုတ်ပြည်ကတော့ ဒီလို တခြားနိုင်ငံနဲ့ ပူးပေါင်းပြီးလုပ်တဲ့ လုပ်ငန်းစီမံကိန်းတွေရှိတဲ့ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒါကြောင့် တရုတ်ပြည်အတွက်တော့ ထူးထူးခြားခြား ထိခိုက်စရာမရှိဘူးလို့ ထင်ပါတယ်။ ဗမာပြည်မှာ ခုဆိုရင်တော့ ဒီလုပ်ငန်းက ရပ်နေခြင်းဖြစ်တာတော့ အမှန်ပါပဲ။ အဲဒီလို ရပ်နေရုံနဲ့ကတော့ တရုတ်ပြည်ရဲ့စီးပွားရေး ပြိုလဲသွားတာ၊ သိပ်ထိခိုက်သွားတာမျိုးတော့ မဖြစ်လောက်ပါဘူး။ ဗမာပြည်ရဲ့ပြဿနာကို လက်နက်ကိုင်အင်အားစုများလောက်ကို အားကိုးမှီခိုနေရုံနဲ့က တရုတ်ပြည်က သူ့ပြဿနာကို သူတို့ မဖြေရှင်းနိုင်လောက်ဘူးဆိုတာကို သူတို့သိပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာဟာ ဗမာပြည်သားတွေဖြေရှင်းမှ ပြီးမယ်ဆိုတာလည်း သူတို့ သိပါတယ်။ အဲဒီတော့ ဗမာပြည်နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းတာမျိုးဖြစ်အောင်လို့ သူတို့က တိုက်တွန်းနေမယ်လို့ ထင်မိပါတယ်ခင်ဗျ။
မေး ။ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ တရုတ်က ရွေးကောက်ပွဲရလဒ်ကို ပထမဆုံး အသိမှတ်ပြုခဲ့ဖူးသလို ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရတက်ချိန်မှာလည်း ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ဖူးပါတယ်။ BRI ဆယ်နှစ်ပြည့်အခမ်းအနားမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို မဖိတ်ကြားခဲ့တဲ့ အခြေအနေမျိုးနဲ့ ထုတ်ဖော်ပြသတာမျိုးလည်း ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ သဘောထားအပေါ် ရဲဘော် ဖိုးသံချောင်းတို့ မြင်တဲ့ အမြင်လေးကို ပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်ထင်တာတော့ တရုတ်ပြည်က ဗမာပြည်ရဲ့ နိုင်ငံရေးမှာ နိုင်ငံရေးသဘောမျိုးနဲ့ သူတို့ ဘာမှ ဝင်ပါမယ် မထင်ဘူးဗျ။ ဗမာပြည်သားတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးတာကို သူတို့ စောင့်ကြည့်နေမယ့်သဘောရှိတယ်။ ဘယ်ပါတီနောက်က ရပ်မယ်၊ ဘယ်အဖွဲ့အစည်းနောက်က ရပ်မယ်၊ အဲဒီလိုမျိုး သူတို့ အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ အလားတူပဲ ဘယ်သူ့ကိုတော့ ဆန့်ကျင်မယ်ဆိုတာမျိုးလည်း အတိအကျ သေသေချာချာသတ်မှတ်ပြီး လုပ်နေတာမျိုး မရှိဘူးလို့ ထင်တယ်။ စစ်အစိုးရ ရှိနေတဲ့အတွက်ကြောင့် သူတို့မှာ မကောင်းဘူးဆိုတာတော့ သူတို့သိတယ်။ အခုလိုမျိုး နယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်နေတာ၊ သူတို့ကို အများကြီး ထိခိုက်တယ်ဆိုတာ သူတို့ သိတယ်။ သူတို့ပြည်သားတွေ ဒီဘက်မှာဆိုရင် ကျောင်းတွေ ပိတ်ရ၊ ဗုံးဆန်တွေကျလို့ ထွက်ပြေးရ။ ထိခိုက်ဒဏ်ရာရတာတွေ ရှိလားတောင် မသိဘူး၊ အဲ့ဒီလိုမျိုးတွေ ကြားနေရတယ်။ အဲဒီတော့ ဗမာပြည်ဘက်ကသူတွေ ပြေးဝင်လာတာကလည်း သူတို့အတွက် တရုတ်ပြည်က လူဦးရေပြဿနာ အမြဲတမ်းပေါ်ပေါက်နေတဲ့ တိုင်းပြည်ပါ။ သူတို့ အဲဒါကို သဘာဝကျစွာပဲ စိုးရိမ်ပါတယ်။ ဒီလိုကူးဝင်လာတွေရှိရင် စစ်ပြေးတွေပေါ့၊ ရောက်လာရင် သူတို့နောက်ကနေပြီး သူတို့ကို ကူညီပါတယ်ဆိုတဲ့ အနောက်နိုင်ငံအင်အားစုတွေလည်း ပါလာတတ်တာကို တရုတ်က သိပါတယ်။ အဲဒီအင်အားစုတွေက တရုတ်ပြည်ကို ဆန့်ကျင်တဲ့အလုပ်တွေ လုပ်တယ်ဆိုတာလည်း သူတို့က သိတယ်။ အဲဒီတော့ သူတို့ဘက်က စဉ်းစားတာက အဲဒါတွေ ရှိနေတယ်။ နယ်စပ်မှာ စစ်ကြီးကြီးကျယ်ကျယ်ဖြစ်တာကို အမှန်အတိုင်းပြောရရင်တော့ သိပ်မလိုလားပါဘူး။ တရုတ်ပြည်နဲ့ ဗမာပြည်ဟာ နှစ်ကာလကြာရှည်စွာပဲ ချစ်ခင်ရင်းနှီးစွာ နေခဲ့ကြတာပါ။ အရင်အစိုးရတွေ၊ ဗိုလ်နေဝင်း အပါအဝင် အဆက်ဆက်အစိုးရဟာ တရုတ်ပြည်နဲ့ အင်မတန် တည့်အောင်ပေါင်းခဲ့ကြတာပါ။ အမျိုးမျိုး တရုတ်ပြည်ကို ရင်းနှီးအောင် လုံးပန်းခဲ့ကြတာတွေရှိပါတယ်။ တိုင်းပြည် ၂ ပြည်၊ ပြည်သူ ၂ ရပ်ဖြစ်တဲ့အတွက် သူတို့အကျိုးစီးပွားနဲ့ ကျွန်တော်တို့ဗမာပြည်က အကျိုးစီးပွားဟာ ထပ်တူကျဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ဖြစ်မှာပါ။ ဒါပေမဲ့ အိမ်နီးချင်းကောင်းတွေ ဖြစ်တဲ့အတွက် ကောင်းမွေဆိုးမွေကို တစ်စုံတစ်ရာ ရိုက်ခတ်မှုရရှိနိုင်ပြီး မကောင်းတဲ့ အပူမီးတွေလည်း ကူးစက်နိုင်တာ သဘာဝကျပါတယ်။ ကျွန်တော်တို့ ၂ နိုင်ငံလုံးက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ ၅ ရပ်ကို စတင်ရေးဆွဲခဲ့တဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအတိုင်းပဲနေဖို့ ကြိုးစားနေကြဆဲလို့ မြင်ပါတယ်။ တရုတ်နယ်စပ်တစ်ကြောမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေရတဲ့ အဓိကပြဿနာက ဗမာပြည်ဘက်မှာ စစ်တပ်အစိုးရကြောင့် ဖြစ်တာပါ။ ဗမာပြည်ထဲက နိုင်ငံရေးပြဿနာ မပြေလည်လို့ ဒီတိုက်ပွဲတွေဖြစ်တာပါ။ တရုတ်ပြည်နဲ့တော့ ဘာမှ မဆိုင်ပါဘူး။ ဒီလို တိုက်ပွဲတွေဖြစ်တဲ့ အကြောင်းအရင်း၊ စစ်တပ်တွေရှိနေတာ၊ ဒီမိုကရေစီ မရှိတာဟာ ပြည်သူလူထုရဲ့ သာမန်အခွင့်အရေးတွေ ဆုံးရှုံးနေတာ၊ အဲဒါတွေကို ဖြေရှင်းနိုင်မှ နယ်စပ်တစ်ကြောက တိုက်ပွဲတွေ ပျောက်သွားမှာပါ။ ဒါကို တရုတ်ပြည်ဘက်ကလည်း ခုအခါမှာ သဘောပေါက်လာတဲ့၊ ပြောဆိုလိုတဲ့ အသံတွေ ကြားရပါတယ်။
မေး ။ ။ ကျွန်တော်တို့ နိုင်ငံက တရုတ်နဲ့ အိမ်နီးချင်းဖြစ်သလို နိုင်ငံရဲ့ တခြားတစ်ဖက်မှာလည်း အနောက်အုပ်စုနိုင်ငံတွေနဲ့ ရင်းနှီးတဲ့ နိုင်ငံတွေ ရှိနေပါတယ်။ ခုလို တရုတ်နယ်စပ် အရှေ့မြောက်မှာ တရုတ်နဲ့ နီးစပ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ ဖြစ်နေတဲ့ စစ်ကြောင့် အနောက်နိုင်ငံတွေဟာ စစ်အစိုးရနဲ့ နီးစပ်သွားနိုင်ပါသလား။ ရဲဘော် ဖိုးသံချောင်းတို့ ဒီလိုအခြေအနေမျိုးတွေ ကြုံခဲ့ဖူးပါသလား။
ဖြေ။ ။ အရင်တုန်းကတော့ ရှင်းရှင်းပြောရရင် ဗိုလ်နေဝင်းကအစ ဗမာပြည်က အုပ်စိုးသူလူတန်းစားဟာ အနောက်နိုင်ငံတွေကို အားကိုးတာပဲ။ အဲဒီဟာတွေနဲ့ ပေါင်းချင်တာပဲ။ အဲဒီက အကူအညီတွေကို လိုချင်တာပဲ။ တပည့်ခံချင်တာပေါ့၊ တည့်တည့်ပြောရရင်တော့။ ဒါပေမဲ့ အခြေအနေတွေအရသာ တရုတ်ပြည်တို့ ဘာတို့ ရုရှရော အပါအဝင်ပေါ့ ပြုံးပြနေရတာ။ အမှန်က တကယ်က သူတို့လိုချင်တာက အဲဒီဘက်က (အနောက်အုပ်စုဘက်က) အကူအညီတွေပဲ။ ဒါကြောင့်မို့လို့ တရုတ်-ဗမာ အရေးအခင်းတွေလည်း တမင်ဖန်တီးခဲ့တာရှိတယ်။ မတော်တဆ ဖြစ်ပေါ်လာတာ မဟုတ်ဘူး၊ ဗိုလ်နေဝင်းက ဖန်တီးတာဖြစ်တယ်။ အဲဒီလို ဖန်တီးလို့ ပေါ်ပေါက်လာတဲ့ တရုတ်-ဗမာ အရေးအခင်းကြောင့် ဗမာပြည်သားတွေက တရုတ်ပြည်သားတွေအပေါ်မှာ နာကြည်းလာတာမျိုး ဖြစ်လာတာ၊ အဲဒါကို သူတို့က သိပ်သဘောကျတယ်။ ဒါပေမဲ့ ကိစ္စတွေက အဲဒီလောက်မှာတင် ရပ်မနေဘဲ တခြားဟာတွေပါ ဆက်ဖြစ်လာတော့ သူတို့လည်း ခုတော့ အဲဒီကနေ သင်ခန်းစာတွေ ထုတ်ထားတာ ရှိသင့်သလောက်တော့ ရှိမယ်ထင်ပါတယ်။ အခြေခံအားဖြင့်တော့ သူတို့က အနောက်အုပ်စုကို အဖေခေါ်ချင်နေတုန်းပဲ။ ဒါပေမဲ့ တရုတ်ပြည်ကရတာကိုလည်း ယူချင်တယ်၊ အကျိုးစီးပွားကို ဘယ်ဘက်က ရရ ယူမယ်ဆိုပြီးတော့ အခုကတော့ တိုင်းပြည် သိပ်ဆင်းရဲနေတဲ့ အခါမှာ သူတို့က ဝင်ငွေတွေ ထိခိုက်နေတဲ့ အခါမှာ ၂ ဖက်စလုံးကို ကြည်ဖြူအောင် ကြိုးစားမှာတော့ သေချာတယ်။ သူတို့ရဲ့ အဓိက အဖေခေါ်ချင်တာကတော့ အနောက်အုပ်စုနိုင်ငံတွေလို့ပဲ ပြောရမယ် ထင်ပါတယ်။ ခုကတော့ ရုရှားပေါ့။ ရုရှား အပါအဝင်ပေါ့။ ရုရှားကလည်း သူတို့ ဖြစ်စေချင်သလောက်နီးပါး အကူအညီတွေ ပေးနေတာ ရှိပါတယ်။
မေး ။ ။ ခု လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အရှေ့မြောက်ဒေသဟာ တစ်ချိန်က ဗ.က.ပ ရဲ့ ခြေကုပ်ဒေသတွေဖြစ်ခဲ့ဖူးသလို ဒီတပ်တွေဟာလည်း ဗ.က.ပ ကနေ ပေါက်ဖွားလာတဲ့ တပ်တွေဖြစ်တော့ ဗ.က.ပ အတွက်ရော တစ်ချိန်က ရှိခဲ့ဖူးတဲ့ ခြေကုပ်ဒေသတွေ ပြန်ရတော့မှာလား။
ဖြေ။ ။ လက်ရှိအချိန်မှာ ပြည်သူတွေရဲ့ တော်လှန်ရေးက အောင်ပွဲရတော့မှာဆိုပြီး တချို့က ပြောကြတာတွေရှိကြမှာပဲ။ ယူဆတာတွေလည်း ရှိကြမယ်လို့ ထင်ပါတယ်။ လပိုင်းပဲ ပြောလိုပြော၊ နှစ်ပိုင်းပဲ ပြောလိုပြော အမျိုးမျိုးပြောနေကြတာ ကြားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အမြင်ကတော့ ခုချိန်က လမ်းခုလတ်မှာ ကြိုးစားနေရဆဲပဲဆိုရင် အသင့်တော်ဆုံး အမှန်ကန်ဆုံးဖြစ်မယ် ထင်ပါတယ်။ လက်ရှိ ကိုးကန့်တပ်ဖွဲ့က သူတို့ဒေသက သူတို့ လက်လွတ်သွားတာကို ပြန်ရတော့မယ်လို့ မျှော်လင့်ချက်ရှိတာက သဘာဝကျပါတယ်။ ဒါပေမဲ့ အခုကတော့ သူတို့ တိုက်နေရဆဲ ဖြစ်ပါတယ်။ ရန်သူ့အင်အားဟာ ဘယ်လိုထုတ်သုံးလာမယ်ဆိုတာကို၊ သူ့ဘက်က ထုတ်သုံးနိုင်တဲ့အခြေအနေ ဘယ်လောက်ရှိတယ်ဆိုတာကို ကျွန်တော်တို့က သေချာ မသိပါဘူး။ ကိုးကန့်ကို ကျွန်တော်တို့ ပြန်ရခဲ့ရင်လည်း စစ်အုပ်စုအားလုံးကို တစ်ပြည်လုံးကို မချေမှုန်းနိုင်သေးသမျှ အေးအေးဆေးဆေးနေလို့ မရဘူး၊ ပိုင်ပြီကွလို့ နေလို့ မရဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပြည်တွင်းစစ်သမိုင်း နှစ် ၇၀ သမိုင်းမှာ ပြန်ကြည့်လိုက်ရင်လည်း တစ်နေရာကို လက်ကိုင် အပိုင်ကိုင်ထားနိုင်တယ်ဆိုပေမဲ့ အာမခံချက်ဆိုတာက တစ်ပြည်လုံး မရမချင်း ကျွန်တော်တို့အတွက် မရသေးပါဘူး။ ကျွန်တော်တို့ အရှေ့မြောက်စစ်ဒေသကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ခဲ့တဲ့ ပဲခူးရိုးမမှာ၊ ဗမာပြည်အလယ်ပိုင်းမှာ၊ မြစ်ဝကျွန်းပေါ်မှာ အများကြီးရှိခဲ့ဖူးပါတယ်၊ အရင်ကတော့ ရန်ကုန်မှာပေါ့၊ စစ်အုပ်စုနဲ့ စစ်အစိုးရရယ်လို့ ရှိနေသမျှ ကာလပတ်လုံးကတော့ ကျွန်တော်တို့ ရထားတယ်ဆိုတဲ့ နေရာတွေဟာ အပိုင်လို့ ပြောလို့ မရပါဘူးခင်ဗျ။ သူတို့ကို အဲဒီက ပြည်သူတွေရဲ့ ထောက်ခံမှု ဘယ်လောက်ရသလဲ၊ အဲဒီအပေါ်မှာနဲ့ တွက်ရမယ်ထင်ပါတယ်။ ကျွန်တော်တို့တုန်းကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုရလို့ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုအင်အားစုတွေလည်း ကျွန်တော်တို့ရခဲ့သလို ပြည်သူလူထုရဲ့ ထောက်ခံမှု ရရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ထက်တောင် ပိုလုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုရဖို့၊ တစ်ပြည်လုံးမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ထောက်ခံမှုရဖို့၊ ညီညွတ်မှုရဖို့ အဲဒါ အရေးအကြီးဆုံးလို့ ထင်ပါတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့က ဝ နယ်ရော၊ မုန်းလားဘက်ရော၊ အရှေ့ဘက်က မုန်းကိုးတို့ဘာတို့ဘက်ရော ဖြန့်ထားနိုင်တော့ ရန်သူ့အင်အားကို အများကြီးတိုးလာနိုင်တယ်။ ခုကတော့ ရန်သူက သူ့အင်အားတွေကို ကိုးကန့်ဘက်ကို ဆွဲပြီး သွင်းထားနိုင်တယ်။ အဲဒီလို မတူညီတဲ့ အခြေခံအချက်အလက်တွေရှိပါတယ်။ အခုဟာက ကိုးကန့်တွေ ရင်ဆိုင်နေရတာက ပိုပြီးတော့ တင်းမာတဲ့၊ လက်နက်အင်အားလဲ ပိုကောင်းတဲ့ ရန်သူတပ်တွေလို့ ထင်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)