လောက်ကိုင်နှင့် ကိုးကန့်ဒေသကို အပြည့်အဝကာကွယ်နိုင်စွမ်းရှိသည်ဟု စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအရာရှိများက အာမခံထားခဲ့သော်လည်း မြို့နေလူထုမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် လောက်ကိုင်ကို စွန့်ခွာနေကြသည်။
ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ အဖွဲ့ဝင် မဟာမိတ်တပ်များသည် ကိုးကန့်ဒေသ၏ အဓိကမြို့တော် လောက်ကိုင်နှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည့် နယ်စပ်ကုန်သွယ်ရေးမြို့ ချင်းရွှေဟော်ကို သိမ်းယူထားနိုင်သော်လည်း လောက်ကိုင်သည် စစ်ကောင်စီနှင့်ပြည်သူ့စစ်များ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးသည်။
စစ်ပွဲစပြီး နောက်ရက်တွင် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့တွင် ကိုးကန့်ဒေသကို မကျအောင် ကာကွယ်နိုင်သည့် စွမ်းရည်ရှိသည်ဟု ကြေညာချက်ထုတ်ခဲ့သည်။
သို့သော်လည်း စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင် ဦးမြင့်ဆွေသည် နေပြည်တော်သို့ ရောက်နေခဲ့ပြီး၊ အခြားကိုးကန့်ထိပ်ပိုင်းအရာရှိများ၊ စစ်ကောင်စီနှင့် ရင်းနှီးသည့် ငွေကြေးချမ်းသာသူများသည် လောက်ကိုင်ကို စွန့်ခွာသွားပြီဟု သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထိုဒေသတွင် စစ်ပွဲကြောင့် ထွက်ပြေးနေရသူ ၁၆၀၀၀ နီးပါးရှိသည်ဟု ကိုးကန့်စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။
မြောက်ပိုင်းမဟာမိတ်တို့က ရှမ်းပြည်နယ် အရှ့မြောက်ဘက်ရှိ တောင်ပတ်လည် ဝန်းရံထားသည့် လောက်ကိုင်အဝင်အထွက်လမ်းများကို ပိတ်ဆို့ထားပြီး မြို့ကို ဝင်သိမ်းရန်လည်း ပြင်ဆင်နေသည်။
လောက်ကိုင်မြို့တွင်းမှ စစ်ကောင်စီတပ်နှင့် ကိုးကန့်ပြည်သူ့စစ်များသည် ဈေးဆိုင်များအားလုံးကို ပိတ်ထားကြရန် ယမန်နေ့ (နိုဝင်ဘာ ၈) ညပိုင်းက အသံချဲ့စက်များဖြင့် လိုက်လံ ဆော်သြနေသည်ဟု မြို့ခံအချို့က ပြောသည်။
တိုက်ပွဲဝင်ရန် အသင့်ပြင်ထားသည့် စစ်သားများနှင့် စက်သေနတ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ်များလည်း လောက်ကိုင်မြို့အတွင်း ဆက်တိုက် ကင်းလှည့်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
မြို့တွင်းရှိ ဟိုတယ်နှင့် အထပ်မြင့်တိုက်များ၏ တံခါးပေါက်များကိုလည်း အုတ်စီပိတ်ဆို့ထားကြောင်း မန္တလေးမှ လောက်ကိုင်သို့ အလုပ်လာလုပ်နေသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားက ပြောသည်။
“မြို့တွင်းမှာက သူတို့က လကုန် (နိုဝင်ဘာ) ၁ ရက်နေ့လောက်ကတည်းက လောက်ကိုင်မြို့ပေါ်မှာရှိသမျှ အထပ်မြင့်အဆောက်အအုံတွေအပေါ်မှာ နေရာယူထားပြီးသား၊ အဆောက်အအုံတစ်ခုပေါ်မှာ စစ်တပ်က စစ်သား ၇ ယောက် အနည်းဆုံးရှိကြတယ်” ဟု ၎င်းက ပြောသည်။
မြို့အဝင်အထွက်လမ်းမှန်သမျှကို သံဆူးကြိုးများ ကာရံပြီး မြို့ပတ်ပတ်လည်ကို ကင်းပုန်းများချ၍ အခိုင်အမာပိတ်ဆို့ထားကာ ၂၄ နာရီ စောင့်ကြပ်နေကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်က လောက်ကိုင်မြို့တွင်းလုံခြုံရေးကို ဦးဆောင်လုပ်နေပြီး ပြည်သူ့စစ်အဖွဲ့ထံမှ အင်အား ၂၀၀ တောင်းခံထားသည်ဟု သတင်းများထွက်ပေါ်နေသည်။
ကျားဖြန့်ဟု ခေါ်သည့် အွန်လိုင်းလောင်းကစားလုပ်နေကြသည့် တရုတ်အများစု လောက်ကိုင်တွင် မရှိကြတော့သော်လည်း ကျားဖြန့်ကုမ္ပဏီတချို့ လုပ်ငန်းဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး ၎င်းတို့လုပ်ငန်းများကို ကာကွယ်ရန် ပြည်သူ့စစ်များက ကူညီပေးနေသည်ဟု ဒေသခံအချို့က ပြောသည်။
လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ်ဖြစ်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) က စစ်ပွဲ အစပြုသည့်အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ မြောက်ပိုင်းမဟာမိတ်တပ်များရှိနိုင်သည့် နေရာများကို အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေသည်ဟု မြို့ခံတချို့က ဆိုသည်။ နိုဝင်ဘာ ၇ ရက်နေ့မှ စတင်ပြီး သေနတ်ပစ်သံများကို လောက်ကိုင်မြို့တွင်းမှပင် ကြားလာရသည်ဟု မြို့ခံတချို့က ဆိုသည်။
“နေ့တိုင်းနီးပါး ဒီဘက်ကနေ လက်နက်ကြီးပစ်ကူရှိတယ်ဗျ၊ ပတ်ပတ်လည်တောင်တွေမှာလည်း နဂိုကတည်းက တစ်မြို့လုံးကို လက်လှမ်းမီနိုင်တဲ့ လက်နက်ကြီးတွေက တောင်တွေပေါ်မှာ ရှိထားပြီးသားဗျ” ဟု အထက်ပါ အသက် ၃၀ ကျော်အရွယ် အမျိုးသားက ပြောသည်။
အချိန်မရွေး စစ်မြေပြင်ဖြစ်သွားနိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းတို့ကြောင့် လောက်ကိုင်ရောက် ရွှေ့ပြောင်းလုပ်သား အားလုံးနီးပါးသည်လည်း မြို့ကို စွန့်ခွာနေကြသည်။
လက်ရှိအချိန်တွင် ၅၀ ကီလိုဂရမ် အလေးချိန်ရှိသည့် ဆန်တစ်အိတ်လျှင် ကျပ်ငွေ ၄ သိန်းမှ ၈ သိန်းဝန်းကျင် စျေးပေါက်ပြီး၊ ငွေရှိသည့်တိုင် ဆန်ဝယ်၍ မရသည့် အခြေအနေဖြစ်လာကြောင်း အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ငရုတ်သီးစိမ်း သုံးဆယ်သားလောက်ကို မြန်မာငွေ ၈၀၀၀၀ လောက် ရှိနေပြီဗျ၊ ခေါက်ဆွဲခြောက်တွေဆိုရင်လည်း နှစ်ဆတွေဖြစ်နေပြီ၊…ကွမ်းယာဆိုရင် မြန်မာငွေနဲ့ တွက်မယ်ဆိုရင် တစ်ယာကို ၈၀၀ လောက် ပေးနေရပြီ၊ ဒါတောင် လိုချင်တိုင်း မရဘူး၊ ဒီမြို့မှာဆိုရင် ရွှေထက်တောင် ရှားသွားပြီ” ဟု စစ်ကိုင်းတိုင်းမှ လောက်ကိုင်သို့ အလုပ်လာလုပ်နေသည့် အထက်ပါ အမျိုးသားက ပြောသည်။
“ကုန်ဈေးနှုန်းက တက်တာမဟုတ်ဘူး၊ ဝယ်ကိုမရတော့တာ၊ ဒီမှာ တရုတ်ပြည်ဘက်က ဝင်တဲ့ ကုန်ခြောက်တွေတို့၊ အထည်တို့၊ ဒါတွေပဲ ရှိတော့တာ၊ အခြေခံစားသောက်ကုန်တွေက အကုန်ပြတ်ကုန်ပြီ”
တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့တွင်ပင် မြို့မှ ထွက်ခွာနေကြခြင်းဖြစ်ပြီး တရုတ်ပြည်သို့ တိမ်းရှောင်သွားကြသူများလည်း ရှိသည်။ မြန်မာပြည်အနှံ့မှ လာရောက် အလုပ်လုပ်ကိုင်နေကြသူများကမူ လားရှိုးမြို့ကို ဦးတည်ထွက်ခွာနေကြသည်။
လတ်တလော မြို့မှ ထွက်ခွာနေသူ ၁၅၀၀ နှင့် ၂၀၀၀ ကြားတွင် ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းထားသည်။ ထွက်သွားသူအများစုမှာ လောက်ကိုင်မြို့နှင့် ၈ မိုင်ခန့်သာ ဝေးသည့် ပါစင်ကျော်ရွာနားတွင် ပိတ်မိနေသည်ဟု သိရသည်။
ထို့ပြင် လောက်ကိုင်-လားရှိုး ကားခမှာ ခရီးသည်တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၂,၅၀၀ မှ ၃,၀၀၀ (ကျပ် ၉ သိန်းမှ ၁၃ သိန်းခန့်) အထိ ပေါက်စျေးရှိနေသည်ဟု သိရသည်။ ယခင်က ကျပ် ၃၀,၀၀၀ ဝန်းကျင်ခန့်သာ ပေးရသည်ဟု သိရသည်။
လက်ရှိကားခသည် တရုတ်ထုတ်ဆိုင်ကယ်အသစ်တစ်စီး ဝယ်ယူနိုင်သည့် ပမာဏဖြစ်သည့်အတွက် အချို့က ဆိုင်ကယ်များဝယ်ကာ အုပ်စုလိုက် ထွက်ခွာကြသည်။ ဆိုင်ကယ်ဝယ်ရန် မတတ်နိုင်ကြသူများက ခြေကျင်လျှောက်ကာ လောက်ကိုင်ကိုစွန့်ခွာနေကြသည်။
“ဒီအတိုင်းဆက်နေရင်လည်း လုံခြုံရေးအတွက် ဘယ်သူမှ အာမမခံနိုင်ဘူးလေ၊ အဲဒါကြောင့်မို့လို့ သူတို့ အခွင့်အရေးပေးလို့ ဖြတ်ခွင့်ပေးတယ်ဆိုရင်တောင်မှ ကျွန်တော်တို့က ပြန်လို့ရဦးမယ်ထင်တယ်” ဟု အသက် ၃၀ အရွယ် အမျိုးသားက ပြောသည်။
သို့သော် လောက်ကိုင်မြို့နှင့် ၈ မိုင်ခန့် ဝေးသည့် ပါစင်ကျော်ရွာအကျော်တွင် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ MNDAA အဖွဲ့က ပိတ်ဆို့ထားပြီး နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင်မူ အကန့်အသတ်ဖြင့် သွားခွင့်ပေးနေသည်ဟု သိရသည်။
သို့သော် လားရှိုး-သိန္နီ-လောက်ကိုင်လမ်းကို MNDAA အဖွဲ့က ဆက်လက်ပိတ်ထားသဖြင့် ခရီးသွားများအားလုံး ‘ဝ’ ဒေသ၊ နမ့်တစ်မှတစ်ဆင့် မိုင်းမော-တန့်ယန်း-လားရှိုးလမ်းအတိုင်း ပြန်နေကြသည်ဟု ဒေသခံတချို့က ပြောသည်။
MNDAA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လီကျားဝေက ကွမ်းလုံတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် စစ်ရေးလိုအပ်ချက်အရ လားရှိုး-သိန္နီ-လောက်ကိုင်လမ်းပိုင်း ပြန်ဖွင့်ရန် ကြာမည်ဟု ဆိုသည်။
“အခု ပြည်ထောင်စုလမ်းမကြီးကိုတော့ စစ်ရေးအရ မဖြစ်မနေပိတ်ထားရတဲ့ အနေအထားမှာ ရှိနေတယ်ဗျ၊ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာကိုလည်း ကျွန်တော်တို့က ထုတ်ပြန်ကြေညာချက်နဲ့ ကြေညာသွားမှာပါဗျ” ဟု လီကျားဝေက ပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်မှ သီတင်းနှစ်ပတ်အတွင်း စစ်စခန်း ၁၅၀ ကျော်နှင့် မြို ၄ မြို့ကို သိမ်းယူထားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေညာထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)