သတင်း

ဂန့်ဂေါမြို့ တိုက်ပွဲတစ်ခုတွင် ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ပျူစောထီး အားကောင်းသော ကျေးရွာကို ဝင်တိုက်သည့် ကာကွယ်ရေးအဖွဲ့ဘက်မှ ၅ ဦး သေဆုံးသည်။ အရပ်သား ၁ ဦးလည်း သေဆုံးသည်ဟု သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးများ အားကောင်းသည့် မြောက်ခင်ရန်းရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် အဖွဲ့ဝင် ၅ ဦးနှင့် အရပ်သားတစ်ဦး သေဆုံးပြီး သေနတ် ၆ လက် ဆုံးရှုံးခဲ့သည်။

ဂန့်ဂေါမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကလေး-ဂန့်ဂေါလမ်းဘေးရှိ မြောက်ခင်ရန်းရွာကို နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် မကွေးနှင့် ချင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များအပါအဝင် အဖွဲ့ ၆ ဖွဲ့က စစ်ကြောင်း ၃ ခုခွဲကာ နေရာခွဲ၍ စီးနင်း တိုက်ခိုက်ခဲ့ကြသည်။

ပျူစောထီးနှင့် စစ်သားများရှိသော ထိုရွာအတွင်း နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ၅ ဦး သေဆုံးခဲ့ကာ ၂ ဦးမှာ အရှင်ဖမ်းခံရ၍ ပစ်သတ်ခံရကြောင်း ယောဒေသကာကွယ်ရေးတပ် (YDF) မှ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း YDF က ယနေ့ (နိုဝင်ဘာ ၉) ထုတ်ပြန်သည်။

တိုက်ခိုက်မှုမတိုင်မီ ၄ ရက်အလိုက မြို့နယ်အတွင်း ရဲစခန်းတစ်ခု ကျသွားသလို အိမ်နီးချင်း ကလေးမြို့နယ်တွင်လည်း တပ်စခန်းများ တိုက်ခိုက်ခံထားရသည်၊ ဤအခြေအနေတွင် ထိုရွာတွင် စခန်းချထားသူများက အသင့်အနေအထားတွင် ရှိနေကြသည်။

ရွာကို ဝင်တိုက်မည်ဖြစ်ကြောင်း သတင်းကြိုရထားခြင်းလည်း ဖြစ်နိုင်သည်၊ ရွာအနောက်ဘက်မှ ဝင်သော စစ်ကြောင်းသည် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသင့်ရှိနေသည့် နေရာတွင် ပိတ်မိသွားခဲ့သည်ဟု အထက်ပါ ပြန်ကြားရေးအဖွဲ့ဝင်က ဆိုသည်။​

“သူတို့ဘက်က ကြိုတင်နေရာယူထားတဲ့ပုံစံမျိုး ဖြစ်တာပါဗျ။ စဝင်ကတည်းက စစ်ကြောင်းတစ်ကြောင်းက ပိတ်မိခံရတယ်။ တခြားဘက်က စစ်ကြောင်းတွေလည်း ဝင်တယ်ဆိုတော့ တခြားဘက်တွေလည်း ဖိခံရမှာစိုးတော့ သူတို့က (ပြန်) မဆုတ်ဘဲနဲ့ ခုခံတာ” ဟု သူက ပြောသည်။

ရွာအနောက်ဘက်မှ ဝင်သွားသော စစ်ကြောင်းမှ အဖွဲ့ဝင် ၂ ဦး အရှင်ဖမ်းမိပြီး ပစ်သတ်ခံရသည်ဟု သူက ဆက်ပြောသည်။

ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) CDF – KKG နှင့် နဂါးညီနောင်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့တို့မှ တစ်ဦးစီ သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ပြန်မကောက်ယူနိုင်ခဲ့ဟု အထက်ပါ ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

စစ်တပ် တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားသည့် ဖမ်းမိရသည်ဆိုသော ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး။

မြောက်ခင်ရန်းရွာသားတစ်ဦးလည်း ကျည်ထိမှန် သေဆုံးကြောင်း၊ ပျူစောထီးနှင့် စစ်သားများ မည်မျှထိခိုက်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သူက ဆိုသည်။

စစ်ကောင်စီလက်ချက်ကြောင့် ထိုရွာသား သေဆုံးသည်ဟု သူက ဆိုသော်လည်း ထိုအချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲမဖြစ်မီ ထိုရွာတွင် စစ်ကောင်စီ လက်နက်ကိုင်အင်အား ၇၀ နီးပါး ရောက်လာသည်ဟု ဒေသခံများက ပြောကြသည်။

ထိုလက်နက်ကိုင်တို့သည် နိုဝင်ဘာ ၄ ရက်နေ့က ဂန့်ဂေါရွာတောင်ပိုင်း မင်းရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်စဉ် စခန်းကို စွန့်ခွာသွားပြီး ၅ မိုင်ခန့်အကွာတွင်ရှိသော မြောက်ခင်ရန်းရွာသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် မြောက်ခင်ရန်းရွာကို လာတိုက်သူ ၄ ဦး သေဆုံး၊ ၂ ဦး အရှင်ဖမ်းဆီးရမိသည်ဟု ကနဦး သတင်းထုတ်ပြန်ထားသည်၊ နောက်ပိုင်းထုတ်ပြန်ချက်များတွင်မူ ၉ ဦး သေဆုံးပြီး သေနတ် ၆ လက် သိမ်းဆည်းရမိသည်ဟု ဖော်ပြထားကြသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ မြောက်ခင်ရန်း၊ ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ လယ်ကြီး (အရှေ့)၊ လယ်ကြီး (အနောက်) အပါအဝင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကလေးမြို့နယ်တောင်ပိုင်းမှ ဟံသာ၊ ကျောက် ပြုတ် စသည့် ကျေးရွာ ၁၂ ရွာသည် စစ်ကောင်စီက လက်နက်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီး အားကောင်းရာ ကျေးရွာများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အထူးသဖြင့် ဂန့်ဂေါ-ကလေး ကားလမ်းမဘေးရှိ အိမ်ခြေ ၁၅၀၀ ခန့်ရှိသည့် မြောက်ခင်ရန်းရွာသည် ဂန့်ဂေါမြို့နယ်အတွင်း ပျူစောထီး အားအကောင်းဆုံးကျေးရွာဖြစ်ပြီး ဘန်ကာများဖြင့် အခိုင်အမာနေရာယူ တပ်စွဲထားကြခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို ထောက်ခံသူများရှိသည့် ကျေးရွာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တောင်ခင်ရန်းရွာရဲစခန်းနှင့် ကလေးမြို့ မြောက်စည်းရဲစခန်း ကျသွားပြီးနောက် စစ်ကူကြိုတောင်းသော်လည်း မရရှိခဲ့ကြောင်း၊ ၎င်းရွာမှ ပြည်သူ့စစ်များသည် ထိုနယ်တစ်ဝိုက် အမာဆုံးဖြစ်ကြောင်း ဦးလှဆွေက ၎င်း၏ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၇ ရက်နေ့က ရေးသားထားသည်။

နိုဝင်ဘာ ၃ ရက်နေ့က ကလေးမြို့တောင်ပိုင်း မြောက်စည်းရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်း၊ ကလေးမြို့တောင်ပိုင်း ရာဇဂြိုဟ်ရွာအနီး အကျဉ်းစခန်း (၁) (၂) ၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းတို့ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တစ်ပြိုင်တည်း စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ ရရှိထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button