သတင်း

ပဲခူးတိုင်းပစ်ခတ်မှုအတွင်း ၁၇ နှစ်သမီး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအတွင်း ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦး သေဆုံးသလို ၈ နှစ်သမီး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရွာ ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရသည်။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးနှင့် ကျောက်ကြီးမြို့နယ်အစပ် စစ်တောင်းမြစ်ကမ်းဘေးတစ်လျှောက် စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁၊ မွန်းလွဲ ၁ နာရီခန့်တွင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အခြေစိုက် အမှတ် ၄၃၉ ခြေမြန်တပ်ရင်းက ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာအတွင်း တစ်လုံး၊ ကျောက်ကြီးမြို့နယ်၊ ရေလဲ (အရှေ့) ကျေးရွာအတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU က ယမန်နေ့က ထုတ်ပြန်သည်။

ဖြူးမြို့နယ်တောင်ပိုင်း ပဲနွယ်ကုန်း-နတ်သံကွင်းကားလမ်းဘေးတွင် ရှိသော ပျဉ်းမပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ နေအိမ်တစ်ခုအတွင်း ၁၇ နှစ်အရွယ် နော်ဒါးဖော ကျည်စထိမှန်ကာ ညာဘက်ဒူး ပြတ်ထွက်၍ သေဆုံးခဲ့သည်ဟု သိရသည်။

အလားတူ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေလဲ (အရှေ့) ကျေးရွာမှ နေအိမ်တစ်လုံး လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၂၀ အရွယ် နော်အယ်စေးတွင် ဘယ်ဘက်ပေါင်နှင့် ခြေသလုံး ဒဏ်ရာရခဲ့သလို ၉ နှစ်အရွယ် နော်စေးလာဝါး ကျည်စထိမှန်ပြီး ညာဘက်လက်ညှိုး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ရောက်လာကာ စစ်တောင်းမြစ် တစ်ဖက်တစ်ချက်စီတွင် ရှိသော ရေလဲ (အရှေ့) ရွာနှင့် ရေလဲ (အနောက်) ရွာတို့ကို ၃ ကြိမ် ပစ်ခတ်ခဲ့သည်။ ထိုနေ့ ညနေ ၄ နာရီခွဲခန့်တွင် ရဟတ်ယာဉ် ထပ်ရောက်လာကာ စစ်တောင်းမြစ်ကမ်းတစ်လျှောက် လူနေကျေးရွာများကို ပစ်ခတ်ခဲ့ကြောင်း KNU ထံမှ သိရသည်။

လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု နောက်ဆက်တွဲအခြေအနေအသေးစိတ် မသိရသေးသလို KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကို မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးပေ။

မပေါက်ကွဲသေးသော စစ်ကောင်စီတပ် လက်နက်ကြီးကျည်တစ်ခု ကျောက်ကြီးမြို့နယ် ကျေးရွာအတွင်း ယမန်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-KNU)

လက်ရှိတွင် စစ်တောင်းမြစ်ကမ်းဘေးမှ ရေလဲ၊ သောင်ကြီး၊ ဝက်တူး၊ ကျီးပင်ပေါက်၊ ပျဉ်းမပင်၊ ကင်မွန်းခြုံ၊ ငတိုးခင်၊ သင်္ကန်းပင် စသည့် ကျေးရွာ ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးနေရသည်။

စစ်ဘေးရှောင်များအနေဖြင့် စိန်ခေါ်မှုများစွာရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူးက ပြောသည်။

“လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုရန်တွေကိုလည်း စိုးရိမ်နေရတယ်။ အဲဒါကြောင့် သူတို့အတွက် လုံခြုံရေးဆိုင်ရာအခက်အခဲတွေ၊ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် အခက်အခဲတွေ၊ အသက်မွေးကျောင်းပြုခွင့် စတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကတော့ ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရဆဲပေါ့” ဟု သူက ဆိုသည်။

ယမန်နေ့ (နိုဝင်ဘာ ၁) မွန်းတည့်ချိန်ကလည်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတံတားမှ စစ်တပ်က အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သပြေကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး အသက် ၇၆ နှစ်အရွယ် စောပဲပဲ ဆိုသူ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်။

အဆိုပါ ဒေသများမှ ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် တောင်ငူခရိုင်အတွင်းရှိ ခရစ်ယာန်ကျောင်းများနှင့် ဘုန်းကြီးကျောင်းတချို့တွင် အမြဲလိုလို လာရောက် ခိုလှုံရကြောင်း တောင်ငူဒေသခံတစ်ဦးကလည်း ပြောသည်။

“အရွယ်ရောက်ပြီး ကလေးတွေကတော့ စားသောက်ဆိုင်နဲ့ ရရာအလုပ်လုပ်ပြီး နေခဲ့ကြ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်ငယ်တွေကတော့ မြို့ပေါ်က အမျိုးတွေ ရတဲ့နေရာမှာ နေကြ၊ အမျိုးသားတွေကတော့ လယ်ပြန်လုပ် ရွာပြန်ကြ၊ ဒီလိုပဲ လုပ်နေတာတော့ တွေ့တယ်” ဟု ၎င်းက ဆိုသည်။

KNU နှင့် စစ်ရေးအခြေအနေ တင်းမာနေသော ပဲခူးအရှေ့ဘက်ခြမ်းတွင်လည်း စစ်ကောင်စီက လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ အမြဲလိုလိုပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုလည်း မကြာခဏရှိနေပြီး ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရသည်။

PDF လှုပ်ရှားမှု စိပ်လာသော ပဲခူးအရှေ့ခြမ်းတွင် စစ်ကောင်စီအထိုင်တပ်များက လက်နက်ကြီးများနှင့် စစ်တောင်းမြစ်ကမ်းဘေးမှ ကျေးရွာများကို အမြဲလိုလို ပစ်ခတ်လေ့ရှိသည်။ ယမန်နှစ်ကုန်မှစပြီး တိုက်ပွဲပြင်းထန်နေသည့် ပဲခူးအရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းများ ပိတ်ဆို့ထားသလို ထိုးစစ်လာနိုင်မည့် လမ်းကြောင်းကိုလည်း ဒေသအတွင်းရှိ လမ်းပိုင်းတချို့ကို ဖျက်ဆီးသည့်နည်းဖြင့် ဟန့်တားထားသည်။

မြို့ပြနှင့် နီးကပ်လာသော တော်လှန်မှု စစ်ဆင်ရေးများသည် KNU နယ်မြေနှင့် ထိစပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းအထိပါ ကူးစက်လာသောကြောင့် ဒေသခံ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button