ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ကို ဝိုင်းဝန်း တိုက်ခိုက်နေကြစဉ် နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင်လည်း စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီတပ်စခန်းများကို ဝင်တိုက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။
ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့ အပါအဝင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်အနီးရှိ စခန်းနှစ်ခုဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကွီးလုံတိုင် (ကွီးလက်တဲ)၊ မြဝတီမြို့နယ် ဝေါလေဒေသရှိ ကနဲလေးစခန်းတို့ကို နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က စပြီး KNU လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။
“မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ ပူးတွဲတိုက်ပွဲဝင်တဲ့ ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ တိုက်နေတာ တောက်လျှောက်ဆိုပေမဲ့လည်း အခုလို မြောက်ပိုင်းအဖွဲ့တွေက ထတိုက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်ကလည်း စစ်ရေးအရှိန်ကို မြှင့်တာပါ” ဟု KNU တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါးထူးက ပြောသည်။
Myanmar Now နှင့် အဆက်အသွယ်ရခဲ့ချိန် မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဆိုသည်။ စစ်ကောင်စီ လေတပ်ကလည်း MI 35 ရဟတ်ယာဉ်ဖြင့် နေ့လယ်ပိုင်းတွင် နှစ်ကြိမ် လာတိုက်ပြီး ညနေပိုင်းတွင်လည်း လာရောက်ပစ်ခတ်နေသည်ဟု သူက ဆိုသည်။
လေတပ်က ကြာအင်းဆိပ်ကြီးမြို့ကို တိုက်ခိုက်စဉ် အရပ်သားများ ထိခိုက်သည်ဟု ဗိုလ်မှူးကြီးနယ်ဒါးထူးက ပြောသည်။
“ကြာအင်းဆိပ်ကြီးကတော့ စကစဘက်က လက်နက်ကြီးနဲ့ရော ရဟတ်ယာဉ်နဲ့ပါ မြို့ထဲ ပစ်ထည့်တော့ လူထု ၁၉ ဦးလောက် ထိခိုက်မှုရှိတယ်။ အဲဒါကြောင့် လူထုကို ပိုမိုထိခိုက်မှုမဖြစ်စေဖို့ မြို့ထဲက ပြန်ဆုတ်ပေးလိုက်ပါပြီ” ဟု သူက ဆိုသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်၊ KNU ဘက်က တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသည်ဟု သိရသည်။
ကျန် ၃ နေရာတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်၊ အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးဟုလည်း သူက ဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတစ်ဦးက လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံများ ကြားရသည်ဟု ပြောသည်။
“ညကတည်းက အလုံးကြီးတွေနဲ့ ချနေကြတာ၊ အသံတွေက တစ်မြို့လုံးအနှံ့ ကြားနေရတယ်။ အိမ်ထဲမှာပဲ အဆင်ပြေသလို ပုန်းနေရတာပါ” ဟု ထိုဒေသခံက နေ့လယ် ၁ နာရီခန့်တွင် ပြောသည်။
ပစ်ခတ်မှုများကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိသူများ ရှိနေကြောင်း စုံစမ်းသိရှိရသော်လည်း အသေးစိတ်ကို မသိရှိရသေးပေ။ နေရာလေးခု တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံနေရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဘက်နှင့် သက်ဆိုင်သောစခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့တွင် တိုက်တွန်းထားသည်။
မြောက်ပိုင်းအဖွဲ့များ၏ တိုက်တွန်းချက် ထွက်ပေါ်လာပြီးနောက် နိုင်ငံတောင်ပိုင်းရှိ ဒေသများတွင် KNU ဘက်က စစ်ရေးအရှိန် မြှင့်တင်လာခြင်းလည်း ဖြစ်သည်။
ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်းများဖြစ်သည့် အမှတ် (၃၂) ၊ အမှတ် (၂၈၃) ၊ အမှတ် (၂၈၄) တို့ ရှိနေပြီး ကော့ကရိတ်မြို့တွင် အမှတ် (၉၇) ခြေလျင်တပ်ရင်းနှင့် အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှ ထုတ်နုတ်အင်အားတချို့ တပ်စွဲထားသည်။
ယင်းအပြင် တော်လှန်ရေးအင်အားစုများ ဝိုင်းဝန်းတိုက်ခိုက်နေသည့် ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ ကွီးလုံတိုင် (ကွီးလက်တဲ) စခန်းသည် အခိုင်အမာ အခြေချထားသည့် မဆုတ်တမ်းခံစစ်စခန်းတစ်ခုဖြစ်ပြီး ယင်းစခန်းကို KNU ဘက်က ရက်အတန်ကြာ ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် ယခုအခါ ဝင်ရောက် တိုက်ခိုက်နေသည်။

မြဝတီမြို့နယ် ဝေါလေဒေသအတွင်း၌ တည်ရှိသည့် ကနဲလေးစခန်းသည် အမြောက်တပ် အခြေချ တပ်စွဲထားသည့် စခန်းကုန်းတစ်ခုဖြစ်သလို ရဟတ်ယာဉ် ဆင်းသက်ရန် ကွင်းလည်း ရှိသည်။
မြောက်ပိုင်းမဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေး အစပြုသည့် အောက်တိုဘာ ၂၇ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့တွင်းကို KNU လက်အောက်ခံ ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့လယ်ဂေါက်ကွင်းဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် သတင်းရဲတပ်ဖွဲ့ (SB) ရုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ယင်းအပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသအတွင်း၌လည်း တိုက်ပွဲဖြစ်ပွားများမှု ရှိနေခဲ့သလို စစ်တပ်ဘက်က ယင်းဒေသများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေခဲ့သည်။ ပစ်မှတ် မတိကျသော ခန့်မှန်းပစ်ခတ်မှုများ ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်တပ်များက တရစပ် ထိုးစစ်ဆင်နေရာ ၆ ရက်အတွင်း မြို့ ၃ မြို့နှင့် စစ်ကောင်စီစခန်း ၉၀ ကျော်ကို သိမ်းပိုက်ထားသည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)



