မြန်မာပြည်အရှေ့မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်အနီးရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ ပူးပေါင်း တိုက်ပွဲဝင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ် (ပန်ဆိုင်း) မြို့တို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ ရက်သတ္တပတ် တစ်ပတ်ကြာ တိုက်ပွဲဝင်ခဲ့သည့် ကာလအတွင်း ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်၊ စစ်ကောင်စီ တပ်စခန်းပေါင်း ၉၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ် သံချပ်ကာကား ၆ စင်းနှင့် လက်နက်ခဲယမ်းပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ ပြောခွင့်ရ ကိုကျော်နိုင် (ခ) လီကျားဝင်းက Myanmar Now ကို ပြောသည်။ “ကျွန်တော်တို့ရဲ့ အိမ်ပြန်ခရီးအတွက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရတယ်။ သူများရဲ့ အထင်သေးမှု၊ သူများရဲ့ အမြင်လွဲမှားမှုတွေကိုလည်း ခံစားခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ နဂိုရှိတဲ့ နေရာမှာ တပ်နေရာ ပြန်ချနိုင်ဖို့ ကြိုးစားသွားမှာပေါ့” ဟု ၎င်းက ပြောသည်။ ၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ပြီး စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်သည့် အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ရှမ်းပြည်နယ်အထူးဒေသ (၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ခွင့်ရခဲ့သည်။ စစ်အာဏာရှင်များ ဦးဆောင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၀၉ ခုနှစ်တွင် အပစ်ရပ်လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ကိုးကန့်တပ်နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၁) မှ ဆုတ်ခွာပေးခဲ့ရသည်။ ထိုသို့ ဆုတ်ခွာပေးခဲ့ပြီးနောက် ၁၄ နှစ်အကြာတွင် ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိရာ မြို့ကြီးများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုစစ်ဆင်ရေး ၁၀၂၇ ကို “ကိုးကန့်တပ်ဖွဲ့၏ အိမ်ပြန်ခရီး” ဟု လေ့လာသူများက သုံးသပ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။