သတင်း

နယ်စပ်ရောက် NUG ကာကွယ်ရေး ဒုအတွင်းဝန်ကို စစ်ကောင်စီ အမှုဖွင့်

NUG ကာကွယ်ရေး ဒုအတွင်းဝန်ကို စစ်ကောင်စီက အမှုဖွင့်ထားပြီး နေအိမ်ကိုလည်း ချိပ်ပိတ်လိုက်သည်၊ ထိုလုပ်ရပ်များမှာ ၎င်းအတွက် အရေးမကြီးဟု အတွင်းဝန်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ နေအိမ်ကိုလည်း ချိပ်ပိတ်ထားသည်ဟု သိရသည်။

အောက်တိုဘာလ နောက်ဆုံးပတ်တွင် နေအိမ်ကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် နယ်မြေရဲစခန်းတွင် အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ ဖြင့် အမှုဖွင့်ခံထားရသည်ကို အောက်တိုဘာလကုန်ပိုင်းတွင် သိရသည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။

မည်သူက အမှုဖွင့်သည်ကိုမူ အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။

“အမှုဖွင့်ခံရတယ်၊ နေအိမ်ချိပ်ပိတ်ခံရတယ်ဆိုတာက မိကွဲဖကွဲတော်လှန်ရေးလုပ်နေတဲ့သူတွေ၊ သေသွားတဲ့ ရဲဘော်တွေနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး၊ အရေးလည်းမကြီးပါဘူး” ဟု ဦးမောင်မောင်ဆွေက ပြောသည်။

လက်ရှိတွင် တော်လှန်ရေး အောင်နိုင်ရေးကိုသာ အာရုံစိုက်နေပြီး ဓနဥစ္စာပိုင်ဆိုင်မှုများကို စွန့်လွှတ်ထားသည်ဟုလည်း သူက ဆိုသည်။

ဦးမောင်မောင်ဆွေသည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ၏ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

၂၀၂၁ မတ်လအတွင်းက ပြင်ဦးလွင်တွင် ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅−က ဖြင့် ထောင်ဒဏ်၂ နှစ် ချမှတ်ခံရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

ပြန်လည်လွတ်မြောက်လာပြီးနောက် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်က ချိတ်ပိတ်ခံရသည့် နေအိမ်တွင် တစ်လနီးပါး နေထိုင်ခဲ့သည်။ ထို့နောက် ဇနီးနှင့်အတူ နယ်မြေရဲများ စောင့်ကြည့်နေသည့်ကြားမှ နယ်စပ်သို့ ထွက်ခွာလာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ နိုဝင်ဘာ ၁ ရက် ထုတ်ပြန်ချက်တွင် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉၆၄၃ ဦး ရှိနေသည်ဟု ဆိုသည်။ ထိုအထဲတွင် အကြမ်းဖက်ပုဒ်မ ၅၂ ဖြင့် အမှုဖွင့် ထောင်ကျခံနေရသူပေါင်း ၃၃၁၅ ဦး ရှိနေသည်။

ပုဒ်မ ၅၂ သည် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ ပူးပေါင်းပါဝင်ခြင်းတို့အတွက် ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ တစ်သက်အထိ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ PDFs တို့ကို အားပေး၊ ကူညီ၊ ပူးပေါင်းပါဝင်ပါက ကြီးလေးသည့် ပုဒ်မများဖြင့် အရေးယူနိုင်ကြောင်း ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် နေ့စဉ် ခြိမ်းခြောက်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button