သတင်း

“၁၀၂၇” စစ်ဆင်ရေး သီတင်းတစ်ပတ်ပြည့်၊ တိုက်ပွဲများဖြစ်နေဆဲ

ယနေ့ နံနက်ပိုင်း၌ ကိုးကန့်ခရိုင်ရှိ စစ်တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်သည့်နည်းတူ ပြင်ဦးလွင်နှင့် နောင်ချိုအကြား တိုက်ပွဲဖြစ်နေသည်ဟု TNLA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် MDY-PDF က ထုတ်ပြန်သည်။

ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးခု၏ “၁၀၂၇” စစ်ဆင်ရေး သီတင်းတစ်ပတ်ပြည့်ချိန် ယနေ့ (နိုဝင်ဘာ ၂) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီလက်အောက်ခံတပ်များနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်။ 

တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားရှိ စစ်တပ်စခန်းအများအပြားကို တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်၊ အမြန်ဆုံး အပစ်ရပ်ရန် တရုတ်အစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ နယ်စပ်ရှိ အင်အားကြီးလက်နက်ကိုင်အဖွဲ့များ ဖြစ်သော “ဝ” နှင့် မိုင်းလားအဖွဲ့တို့ကလည်း ယမန်နေ့တွင် အလားတူ ထုတ်ပြန်ကြေညာသည်။

“ဝ” အဖွဲ့၏ ထုတ်ပြန်ချက်တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ဝင်ပါမည်မဟုတ်သော်လည်း နယ်မြေ ထိပါးလာပါက လက်တုံ့ပြန်တိုက်ခိုက်မည်ဟု ဆိုသည်။

အောက်တိုဘာလကုန်ပိုင်းက တရုတ်သတင်းဌာနနှင့် မေးမြန်းခန်းတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် “ဝ” နှင့် မိုင်းလားဒေသကို ဝင်ရောက်နိုင်ရေး တရုတ်အကူအညီလိုအပ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေး အရှိန်ကောင်းနေဆဲဖြစ်ကာ ယနေ့ နံနက်ပိုင်း၌ပင် ကိုးကန့်ခရိုင်၊ တုန်ရှန်းဒေသရှိ စစ်တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်လိုက်သည်။

အလားတူပင် စစ်တက္ကသိုလ်နှင့် တပ်ရင်းတပ်ဖွဲ့အများအပြားရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အစပ်တွင် TNLA နှင့် ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ယနေ့ နံနက်ပိုင်း၌ပင် ထုတ်ပြန်သည်။

စစ်တပ်စခန်းနှစ်ခုကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကိုလည်း ရုပ်သံဖိုင်နှင့်တကွ MNDAA က ထုတ်ပြန်ထားရာ လက်နက်ငယ်များ၊ စက်သေနတ်များ၊ စိန်ပြောင်းများနှင့် လက်နက်ကြီးကျည်ဆန် အမြောက်အမြားပါဝင်သည်ကို တွေ့ရသည်။

MNDAA ၏ နေ့စဉ်ထုတ်ပြန်ချက်များအရ စစ်တပ်စခန်း ၁၀၀ နီးပါးအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ “၁၀၂၇” စစ်ဆင်ရေးအတွင်း ဒေသအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်တပ်မှ တပ်ရင်းတစ်ခုလုံး ၎င်းတို့ထံ အလင်းဝင်ရောက်လာသည်ဟုလည်း MNDAA က ကြေညာထားသည်။

ထို့အတူ ပြင်ဦးလွင်မြို့နယ်အစပ် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း စစ်ကူရောက်လာသည့် စစ်တပ်ကို ဖြတ်တောက်ထားနိုင်ပြီး ယမန်နေ့တွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု MDY-PDF က ထုတ်ပြန်သည်။

စကစတပ်ဘက်မှ သံချပ်ကာယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး၊ ရန်သူ့ထံမှ MA1 ၁ လက် ၊ MA2 ၃ လက် ၊ MA3 ၂ လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မန္တလေး – လားရှိုးလမ်းနှင့် ပြင်ဦးလွင်-မိုးကုတ်လမ်းခွဲအနီးမှ စစ်ကောင်စီတပ် ရှေ့မတိုးနိုင်အောင် ဟန့်တားထားနိုင်သည်ဟု TNLA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် မန္တလေး PDF က ဆိုသည်။

“ရန်သူ့စစ်ကူတွေက နောင်ချိုမြို့ဘက်ကို ဦးတည်ပါတယ်။ အခုတိုက်ပွဲတွေကလည်း နောင်ချိုမြို့နယ် အုမ္မသီး၊ အုမ္မခါးနားမှာ ဖြစ်နေတာပါ” ဟု MDY-PDF ပြောဆိုခွင့်ရှိသူ ကိုအော်စမွန်က ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

ပြင်ဦးလွင်နှင့် နောင်ချိုအစပ်တွင် ယနေ့ နံနက် ၅ နာရီမှစ၍ တိုက်ပွဲဆက်ဖြစ်နေပြီး နံနက် ၈ နာရီခွဲခန့်တွင် လားရှိုးဘက်မှ ပျံသန်းလာသည့် တိုက်လေယာဉ်တစ်စီးက အုမ္မခါးရွာအနီး ပစ်ခတ်တိုက်ခိုက်သွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“မနက်အစောကတည်းက အသံတွေ ဆူညံနေတာပဲ။ လက်နက်ငယ်သံလည်း ကြားရတဲ့အတွက် မြေပြင်တိုက်ပွဲဖြစ်နေတာလို့ ပြောရမယ်။ ဆမ္မဆယ်နဲ့ အုမ္မခါးရွာ နှစ်နေရာမှာ ဖြစ်နေတာ”

နောင်ချို့မြို့နယ်အစပ် ရေဝင်ကျေးရွာနှင့် သဲခေါ်ကျေးရွာတို့တွင် ရှိနေသည့် စစ်တပ်ယာဉ်တန်းသည် ယနေ့ နံနက်ပိုင်းတွင် အုမ္မသီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာဘက်သို့ ရောက်ရှိသွားသည်ဟုလည်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button