ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်စခန်းကို ယနေ့ (အောက်တိုဘာ ၃၁) နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ရွာ၊ ဒေသအခေါ် ဂန်ဒေါင်ယန်ရှိ စစ်တပ်စခန်းကို နံနက် ၆ နာရီခန့်တွင် စတင်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ သုံးနာရီကြာပြီးနောက် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကန်တော်ယန်စခန်းကတော့ သိမ်းပိုက်လို့ရပြီ။ ကျွန်တော်တို့အဖွဲ့တွေ နေရာယူထားတဲ့ အနေအထားဖြစ်ပါတယ်” ဟု ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
၎င်းတို့စခန်း ကျသွားပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း သိရသည်။
လက်ရှိတွင် ကန်တော်ယန်ရွာမြောက်ဘက် ၉ မိုင်ခန့်အကွာ မလိယန်ရွာတွင်လည်း KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး အခြေအနေအသေးစိတ် မသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
စစ်တပ်က ကန်တော်ယန်ရွာအရှေ့ဘက် တစ်မိုင်ခွဲအကွာရှိ ဂျာခါရွာနှင့် ယခုလ ၂၀ ရက်တွင် KIA က သိမ်းပိုက်ခဲ့သော အောင်ဂျာရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“လောလောဆယ် သုံးနေရာမှာ ဗုံးလာကြဲသွားတယ် ကြားတယ်။ အထိအခိုက် အခြေအနေတွေတော့ မကြားသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အလားတူ ယနေ့ နံနက်ပိုင်း၌ပင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မုန်လိုင်ခက်ရွာ အနီးတစ်ဝိုက်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
စစ်ရှောင်စခန်းရှိသော မုန်လိုင်ခက်ရွာ၏ အနောက်ဘက်ရှိ ခါရာတောင်နှင့် ဘွမ်ရယ်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ်စခန်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ မုန်လိုင်ခက်ရွာအတွင်း လက်နက်ကြီးနှစ်လုံး ကျရောက် ပေါက်ကွဲမှုရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နှစ်လသား ကလေးငယ် အပါအဝင် စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ရသည့် ယခုလ ၉ ရက်နေ့က တိုက်ခိုက်ခံရမှုကြောင့် မုန်လိုင်ခက်ရွာခံများ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ရာ ယနေ့နံနက် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်ရွာခံ ၅၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂၈ ဦး သေဆုံးခဲ့ရသည်။
သေဆုံးသူများတွင် နှစ်လသားအရွယ် အပါအဝင် ကလေးငယ် ၁၃ ဦး ပါဝင်ခဲ့သည်။
စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်လိုင်ခက်စခန်းအပါအဝင် ထိုဒေသတွင် အခြေစိုက်သည့် ရက္ခိုင့်တပ်တော် (AA) ၏ စခန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) သုံးဖွဲ့ပူးပေါင်းကာ “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် ယခုလ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားရှိ စစ်တပ်စခန်းများကို တိုက်ခိုက်လျက်ရှိသည်။
ကချင်ပြည်နယ်ရှိ ဌာနချုပ်အနီးမှ မုန်လိုင်ခက်စခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း KIA က စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်တပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် မုံးမော်ရွာရှိ စစ်တပ်စခန်းကို ယမန်နေ့ ညနေပိုင်းတွင် KIA က သိမ်းခဲ့သည်။ ထိုစခန်းကို သိမ်းပိုက်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်အစပ်၊ ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ်၏ စခန်းကုန်းနှစ်ခု (လိုင်လွမ် (အောင်ဂျာ) ကို ယခုလ ၂၀ ရက်တွင် စီးနင်းသိမ်းပိုက်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်၊ မုံးကိုးမြို့အနီးရှိ စစ်တပ်အထိုင်ချရာ ဝိန်လောတောင်စခန်းကို ယင်းမတိုင်မီ တစ်ရက်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ် ရွှေကူမြို့နယ် ငါးဘတ်ကြီးရွာရှိ စစ်တပ်၏ တာဝါတိုင်စခန်းကိုလည်း ယခုလ ၁၈ ရက်က သိမ်းပိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)