ကချင်ပြည်နယ်၊ အထူးဒေသ(၁) ပန်ဝါဒေသ ဖရဲ(အောက်ရွာ) အနီး မြေရှားသတ္တုစမ်းသပ်တူးဖော်မှုကို ကန့်ကွက်ဆန္ဒပြသည့် ဒေသခံ ၂၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၇ က အောက်တိုဘာ ၂၃ တွင် ဖမ်းဆီးပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
KIA သဘောတူညီချက်ရရှိထားသည့် ကုမ္ပဏီက တရုတ်မြန်မာနယ်စပ် ချီဖွေမြို့နယ် ဖရဲ(အောက်ရွာ) ဒေသခံတို့၏ လယ်ယာမြေများနှင့် နေအိမ်အနီးအနားအထိ မြေရှားသတ္ထုတိုးချဲ့တူးဖော်ရန် စီစဉ်သည်ကို ဆန္ဒပြကြခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ဖရဲအောက်ရွာမှ သက်ကြီးပိုင်းအရွယ်အပါအဝင် အမျိုးသမီး ၂၀ ထက်မနည်းရှိပြီး အောက်တိုဘာ ၂၄ နေ့လယ် ၂ နာရီဝန်းကျင်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထိုဒေသခံက ဆိုသည်။
“သူတို့က ဖမ်းပြီဆိုလို့ရှိရင် (ဒေသခံတွေနဲ့) အစည်းအဝေးပြန်လုပ်ပြီးမှ ဒီလိုမလုပ်ရဘူး ခြိမ်းခြောက်တယ်။ အမြဲတမ်းပဲ ဖမ်းပြီးပြီးဆိုရင် အစည်းအဝေးပုံမှန်ခေါ်တယ်။ အရင်တစ်ခေါက်လည်း ဒီလိုပါပဲ၊ ဘာမှ ပြောတာမဟုတ်ဘူး၊ ဒီမြေရှားတူးတဲ့နေရာမှာ မကန့်ကွက်ဖို့၊ ကန့်ကွက်ရင် ဖမ်းမယ်။ ဒါတွေပြောပြီးမှ ထပ်ပြရင် ထပ်ဖမ်းတာပဲ” ဟု ၎င်းက ဆိုသည်။
ဖရဲဒေသခံများ၏ သဘောဆန္ဒကို လျစ်လျူရှုကာ မြေရှားစမ်းသပ်တူးဖော်မှုများ ဆက်လုပ်မည်ဆိုပါက ဖရဲဒေသခံများအနေဖြင့် နေအိမ်များ ရွှေ့ပြောင်းပေးရမည့်အပြင် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သည့် တောင်ယာမြေများလည်း ဆုံးရှုံးသွားနိုင်ကြောင်း ထိုအမျိုးသားက ဆိုသည်။
“ဒုက္ခတွေအမျိုးမျိုး ကြုံတွေ့လာနိုင်တယ်။ ဖရဲဒေသမှာက တောင်ယာနဲ့ လယ်ယာကိုပဲ အဓိကထားတယ်။ မြေရှားတူးပြီဆိုတာနဲ့ ဒီဟာတွေ ပျက်စီးပြီဆိုရင်တော့ ဘဝတွေ တော်တော်များများ ဆုံးရှုံးသွားနိုင်တယ်” ဟု သူက ပြောသည်။
အောက်ရွာနှင့် အထက်ရွာဟူ၍ နှစ်ရွာခွဲခြမ်းထားပြီး စုစုပေါင်းအိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ဖရဲရွာဝန်းကျင်တွင် သတ္တုတူးဖော်ရန် စမ်းသပ်ပါက လူအုပ်စု ၉ ခုခွဲ၍ ဖြန့်ကြက်တူးဖော်လေ့ရှိကြောင်း၊ ယခုတူးဖော်မည့်ကုမ္ပဏီသည် “ဝ” ကုမ္ပဏီဖြစ်နိုင်ကြောင်း သူက ထပ်လောင်းပြောဆိုသည်။
ဖရဲဒေသခံများဖမ်းဆီးခံရမှု၊ မြေရှားတူးဖော်မှုနှင့် ပတ်သက်၍ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိသေးပါ။
လုပ်ငန်းဆောင်ရွက်ခြင်းကို အနှောင့်အယှက်ပြုသဖြင့် ခေါ်ယူခြင်းသာဖြစ်ပြီး အားလုံးကို ပညာပေးကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းလုပ်ကိုင်သည်ကို မသိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်နယ်သတင်းများကို အထူးပြုတင်ဆက်သည့် မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုထားသည်။
သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး တူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် ဒေသခံတို့ ကျန်းမာရေး ဆိုးကျိုးသက်ရောက်စေသည့် မြေရှားထုတ်လုပ်မှုကို ရပ်တန့်ရန် ယခုနှစ် မေလတွင် ဖရဲအထက်ရွာဒေသခံများက ကန့်ကွက်ဆန္ဒပြဖူးသည်။
ထိုစဉ်က ကန့်ကွက်ဆန္ဒပြသည့် ဒေသခံများအနက် လူငယ် ၃ ဦးကို KIA က အလားတူ ယာယီ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
ကမ္ဘာတစ်ဝန်း ခေတ်စားနေသည့် လျှပ်စစ်ကားထုတ်လုပ်ရာတွင် အဓိကအသုံးပြုပြီး ဈေးကောင်းရသည့် မြေရှားသတ္ထုကို တရုတ်ကုမ္ပဏီများက ကချင်ပြည်နယ်မြောက်ပိုင်း ပန်ဝါဒေသတွင် အကြီးအကျယ် ထုတ်လုပ်နေကြသည်။ ထိုဒေသတွင် လှုပ်ရှားနေသည့် KIA နှင့်သာမက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များနှင့်လည်း ပူးပေါင်းပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။
ပန်ဝါဒေသအတွင်း ဖရဲရွာခံများ ပိုင်ဆိုင်သော တောင်ယာမြေများပေါ်တွင် မြေရှားသတ္ထု မတူးရန် ယခင်ကပင် ဆန္ဒပြကန့်ကွက်ခဲ့ဖူးပြီး ရွာတောင်ဘက် မိုင် ၁၀၀ ကျော်အကွာ လိုင်ဇာရှိ KIA ဌာနချုပ်ထံ သွားရောက်ညှိနှိုင်းကြစဉ် KIA အာဏာပိုင်တို့က ဒေသခံတို့၏ ဆန္ဒနှင့် မဆန့်ကျင်ဟု ကတိပြုခဲ့ဖူးကြောင်း ဒေသခံတို့က ဆိုသည်။
ကချင်ပြည်နယ်လူထုအခြေပြုအဖွဲ့အစည်းများက မည်သည့်စီမံကိန်းမဆို ဒေသခံတို့၏ သဘောဆန္ဒမပါဘဲ လုပ်ကိုင်ရန် မသင့်ကြောင်း ပြောဆိုထားသည်။
မြေရှားသတ္တုဒြပ်စင် ၁၇ မျိုးရှိသည့်အနက် မြန်မာနိုင်ငံမှ ထွက်ရှိသည့် Dysprosium နှင့် Terbium အမျိုးအစားများသည် လျှပ်စစ်ကား၊ အဆင့်မြင့်စစ်လက်နက်ပစ္စည်းတို့ ထုတ်လုပ်ရာတွင် အထူးအသုံးဝင်သည်။ ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အရေးကြီးသည့် ကုန်ကြမ်းပစ္စည်းလည်းဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှ ထွက်သည့် မြေရှားသတ္တုများကို ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်တင်ပို့သည့် တရုတ်နိုင်ငံသို့ ရောင်းချသည်။
စစ်တပ်အာဏာသိမ်းထားချိန်တွင် တရုတ်နိုင်ငံသို့ မြန်မာ့မြေရှားတင်ပို့မှု မြင့်တက်လာပြီး ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြေရှားနှင့် ဆက်စပ်သတ္တုများ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ရှိကြောင်း တရုတ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းများက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)