သတင်း

မြေရှားတူးဖော်မှုဆန့်ကျင်သည့် လူငယ် ၃ ဦးကို တစ်ပတ်ကြာ ဖမ်းပြီး KIA ပြန်လွှတ်

ကချင်ပြည်နယ် ပန်ဝါဒေသတွင် မြေရှားသတ္တုတိုးချဲ့တူးဖော်နေခြင်းကို ဆန္ဒပြသူများအနက် လူငယ် ၃ ဦးကို တစ်ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မေ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

မြေရှားတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိခိုက်နိုင်သဖြင့် ပြီးခဲ့သည့် မေလကုန်ပိုင်းက KIA ထိန်းချုပ် အထူးဒေသ (၁) အတွင်းရှိ ဖရဲကျေးရွာအနီးတွင် ဒေသခံအချို့က ဆန္ဒပြခဲ့ရာ လူငယ်သုံးဦးကို KIA တပ်မဟာ (၇) က လာရောက်ဖမ်းဆီးသွားသည်။

ဖမ်းဆီးသွားပြီး တစ်ပတ်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း Myanmar Now က ကနဦး သတင်းဖော်ပြပြီးဖြစ်သည်။

သို့သော် ထိုလူငယ်သုံးဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ ဖုန်းလိုင်းအဆက်အသွယ်ပြတ်တောက်နေ၍ ပြန်လွတ်လာသည်ကို မေ ၃၁ ညမှ သိရကြောင်း ဖရဲကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ယမန်နေ့ (ဇွန် ၁) တွင် ပြောသည်။

“မေ ၃၀ ရက်နေ့ အစည်းအဝေးလုပ်ပြီး ညနေပိုင်းမှာ လွတ်လာတာတဲ့။ မနေ့ညနေမှ သူတို့မိသားစုနှင့် အဆက်အသွယ်ရတာ။ မိသားစုတွေက သားတွေပြန်လွတ်လာလို့ ဝမ်းသာကြောင်းသာ ပြောပါတယ်”

ထိုနေ့တွင် ဖရဲရွာခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စီမံကိန်းကို မကန့်ကွက်ရန် ဖိအားပေးခဲ့ကြောင်း၊ ပြန်လွှတ်ပေးလိုက်သည့် လူငယ်သုံးဦးကိုလည်း အလားတူပြောဆိုခဲ့သည်ဟု ဆိုသည်။

မည်သည့်ကန့်သတ်ချက်များဖြင့် ပြန်လွှတ်ပေးသည်ကို မသိရသေးသလို ဖမ်းဆီးခံရသူတို့နှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုလူငယ်သုံးဦး အဖမ်းခံရစဉ် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာ၌ ပန်ဝါဒေသတွင် မြေရှားသတ္ထုတူးဖော်မှုအပေါ် ဆန္ဒပြသည်ဟု မကြားမိသလို ဖရဲကျေးရွာမှ လူငယ်သုံးဦးကို KIA က ဖမ်းဆီးထားသည်ကိုလည်း မသိရှိကြောင်း ပြောဆိုသည်။

“ဗဟိုအဆင့်ကိုတော့ သူတို့လည်း ဘာမှ သတင်းပို့ထားတာ မရှိသေးဘူး။ ဘာမှ မကြားသိရပါဘူး”

ကချင်ပြည်နယ်အထူးဒေသ (၁)၊ ပန်ဝါမြို့နယ်အတွင်းရှိ ထိန်းချုပ်နယ်မြေတွင် မေ ၂၄ ရက်က ဆန္ဒပြသည့် ဒေသခံတချို့ကို လာရောက်တွေ့ဆုံနေသည့် KIA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ – ပေးပို့)

ကမ္ဘာတစ်ဝန်း ခေတ်စားနေသည့် လျှပ်စစ်ကားထုတ်လုပ်ရာတွင် အဓိကအသုံးပြုပြီး ဈေးကောင်းရသည့် မြေရှားသတ္ထုကို ကချင်ပြည်နယ်မြောက်ပိုင်း ပန်ဝါဒေသအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၊ KIA နှင့် ပူးပေါင်းကာ တရုတ်ကုမ္ပဏီများက အကြီးအကျယ် ထုတ်လုပ်နေကြသည်။

ပန်ဝါဒေသအတွင်း ဖရဲရွာခံများ ပိုင်ဆိုင်သော တောင်ယာမြေများပေါ်တွင် မြေရှားသတ္ထု မတူးရန် ယခင်ကပင် ဆန္ဒပြကန့်ကွက်မှုများ ရှိခဲ့ဖူးပြီး ရွာတောင်ဘက် မိုင် ၁၀၀ ကျော်အကွာ လိုင်ဇာရှိ KIA ဌာနချုပ်ထံ သွားရောက်ညှိနှိုင်းခဲ့စဉ်က KIA အာဏာပိုင်တို့က ဒေသခံတို့၏ ဆန္ဒနှင့် မဆန့်ကျင်ဟု ကတိပြုခဲ့ဖူးသည်ဟု အထက်ပါ ရွာသားက ပြောသည်။

ကချင်ပြည်နယ်လူထုအခြေပြုအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင် အမျိုးသားတစ်ဦးကလည်း မည်သည့်စီမံကိန်းမဆို ဒေသခံတို့၏ သဘောဆန္ဒမပါဘဲ လုပ်ကိုင်ရန် မသင့်ကြောင်း ပြောဆိုထားသည်။

“မြေရှားတူးတာပဲဖြစ်ဖြစ်၊ တစ်ခြားလုပ်ငန်းစီမံကိန်းတွေလုပ်တာပဲဖြစ်ဖြစ် ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့အသံ၊ သူတို့ရဲ့လိုအပ်ချက်ကို တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ဖို့ပဲ တောင်းဆိုချင်ပါတယ်”။

မြေရှားသတ္တုကို ကချင်ပြည်နယ်အတွင်းရှိ ပန်ဝါဒေသအပြင် အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆိန်းဘွမ်၊ ခပရာ၊ ကျိန်းလပ်ပါ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ ကျေးရွာတို့တွင်လည်း တူးဖော်နေကြသည်။

အရပ်ဘက်အဖွဲ့အစည်းများနှင့် ကချင်လူထုက အပြင်းအထန် ကန့်ကွက်နေသောကြောင့် ဗန်းမော်ခရိုင် ဒိန်းဆင်းပါနှင့် မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ကျိန်းလပ်ပါ၊ ခပရာ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ ရွာတို့ရှိ မြေရှားသတ္တုစီမံကိန်းများကို ရပ်ဆိုင်းမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးအင်ဘန်လက ယခုနှစ် ဧပြီလအတွင်းက ပြောဆိုထားသည်။

KIA သည် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်နေသလို ကချင်နှင့် စစ်ကိုင်းအစပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးတွဲကာ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် မြေရှားတူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည်။ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုလည်း မြင့်တက်နေပြီး ၂၀၁၈ ခုနှစ်က မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် သန်း ၇၀၀ ကျော်အထိ ရောက်ရှိလာသည်။ ထို့အတူ ယခုနှစ်ဆန်း ပထမသုံးလ၌လည်း ဒေါ်လာသန်း ၄၀၀ ကျော်ဖိုး ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button