သတင်း

ကချင်၊ ပန်ဝါတွင် မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်သူသုံးဦး အဖမ်းခံရ

နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကချင်ပြည်နယ်၊ အထူးဒေသ (၁) ပန်ဝါဒေသ ဖရဲကျေးရွာအနီး မြေရှားသတ္တုတိုးချဲ့တူးဖော်လာခြင်းအပေါ် ကန့်ကွက်ဆန္ဒပြသည့် ဒေသခံများအနက် လူငယ် ၃ ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းထားပြီး တစ်ပတ်အကြာ ယနေ့ (မေ ၃၁) အထိ ပြန်လွှတ်ပေးခြင်း မရှိပေ။

သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး တူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် ဒေသခံတို့ ကျန်းမာရေး ဆိုးကျိုးသက်ရောက်စေသည့် မြေရှားထုတ်လုပ်မှုကို ရပ်တန့်ရန် တက္ကသိုလ်ကျောင်းသား ၃ ဦးက မေ ၂၄ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ပြီးနောက် ထိုဒေသတွင် အခြေစိုက်သည့် KIA တပ်မဟာ (၇) က ည ၁၁ နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူတို့၏ အသေးစိတ်အချက်အလက်များကိုမူ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖရဲရွာသားတစ်ဦးက ထုတ်မပြောပေ။

“ဆန္ဒအတူပြခဲ့ပြီးမှ အဖမ်းခံလိုက်ရတဲ့သူက သုံးယောက်ရှိပါတယ်။ အခု (အခင်းဖြစ်ချိန်) ကျွန်တော်တို့က ရွာမှာ မရှိဘူး။ ရွာမှာ မရှိတဲ့အတွက်ကြောင့် ဘယ်နှယောက်ထပ်ပြီး အဖမ်းခံရတယ်ဆိုတာ မသိဘူး။ သုံးယောက်တော့ လုံးဝအတည်ပြုလို့ရတယ်။ တက္ကသိုလ်ကျောင်းသားတွေပဲ။ အဲလောက်ပဲ ပြောခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြဿနာမရှုပ်ထွေးစေရန် ဖမ်းဆီးထိန်းသိမ်းသည်ဟု KIA တပ်ဖွဲ့ဝင်များက အကြောင်းပြခဲ့ကြောင်း၊ ဖရဲကျေးရွာမှ ကျောင်းသားများ၏ နေအိမ်သို့ ရွာလူကြီးများမပါဘဲ KIA စစ်သားများ ရောက်လာကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထိုလူငယ်က ဆက်ပြောသည်။ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကို မေးမြန်းခွင့်မရသေးပေ။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကမူ ပန်ဝါဒေသတွင် မြေရှားသတ္ထုတူးဖော်မှုအပေါ် ဆန္ဒပြသည်ဟု မကြားမိသလို ဖရဲကျေးရွာမှ လူငယ်သုံးဦးကို KIA တပ်မဟာ (၇) က ဖမ်းဆီးထိန်းသိမ်ထားသည်ဆိုသော သတင်းကိုလည်း မသိကြောင်း ပြောသည်။

“ဗဟိုအဆင့်ကိုတော့ သူတို့လည်း ဘာမှ သတင်းပို့ထားတာ မရှိသေးဘူး။ ဘာမှ မကြားသိရပါဘူး” ဟု ၎င်းက ဆိုသည်။ KIA တပ်မဟာ (၇) ဘက်ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ကချင်အထူးဒေသ (၁) ကို အဓိကထိန်းချုပ်ထားသူမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်းဖြစ်ပြီး KIA တပ်မဟာ (၇) က ထိုနယ်မြေအတွင်းရှိ ဖရဲရွာအပါအဝင် ဒေသအချို့တွင်သာ လှုပ်ရှားသည်။

ကမ္ဘာတစ်ဝန်း ခေတ်စားနေသည့် လျှပ်စစ်ကားထုတ်လုပ်ရာတွင် အဓိကအသုံးပြုပြီး ဈေးကောင်းရသည့် မြေရှားသတ္ထုကို ပန်ဝါဒေသအတွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပေါင်းကာ တရုတ်ကုမ္ပဏီများက အကြီးအကျယ်ထုတ်လုပ်နေကြသည်။

ဖမ်းဆီးခံလူငယ် ၃ ဦး နေထိုင်သည့် ဖရဲရွာခံများပိုင်ဆိုင်သော တောင်ယာမြေများပေါ်တွင် မြေရှားသတ္ထု မတူးရန် ယခင်ကပင် ဆန္ဒပြကန့်ကွက်မှုများ ရှိခဲ့ဖူးပြီး တောင်ဘက် မိုင် ၁၀၀ ကျော်အကွာ လိုင်ဇာရှိ KIA ဌာနချုပ်ထံ သွားရောက်ညှိနှိုင်းခဲ့ဖူးရာ KIA အာဏာပိုင်တို့က ဒေသခံတို့၏ ဆန္ဒနှင့် မဆန့်ကျင်ဟု ကတိပြုခဲ့ဖူးသည်ဟု အထက်ပါ ရွာသားက ပြောသည်။

“တူးမှာလား မတူးဘူးလား မေးတော့ ဒေသခံတွေက ကန့်ကွက်ကြတယ်။ (ယခင်က) အစည်းအဝေးမှာ ကန့်ကွက်ကြတော့ မတူးဘူးဆိုပြီး အကြိမ်ကြိမ် ကတိပေးခဲ့တယ်။ ဒီနေ့ဒီအချိန်မှာ သူတို့ရဲ့ကတိကို သူတို့ ကြိုက်သလို ချိုးဖောက်ပြီးတော့မှ အာဏာသုံးပြီး အခုလိုလုပ်လာတယ်ဆိုတာက ကျွန်တော်တို့က မခံမရပ်နိုင်အောင်ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းခွင်များကို KIA စစ်သားများက စောင့်ကြည့်နေပြီး ဌာနချုပ်သို့ သွားနိုင်သည့် လမ်းများတွင် တင်းကျပ်စွာ စစ်ဆေးနေ၍ လူငယ် ၃ ဦး ဖမ်းခံရသည့် ဖြစ်စဉ်ကို KIA အကြီးအကဲများထံ ကိုယ်တိုင်ကိုယ်ကျ တိုင်ကြားနိုင်ခြင်းမရှိသေးဟု ထိုရွာသားက ပြောသည်။

ကချင်ပြည်နယ်လူထုအခြေပြုအဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင် အမျိုးသားတစ်ဦးကလည်း မည်သည့်စီမံကိန်းမဆို ဒေသခံတို့၏ သဘောဆန္ဒမပါဘဲ လုပ်ကိုင်ရန် မသင့်ကြောင်း ပြောသည်။

“မြေရှားတူးတာပဲဖြစ်ဖြစ်၊ တစ်ခြားလုပ်ငန်းစီမံကိန်းတွေလုပ်တာပဲဖြစ်ဖြစ် ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့အသံ၊ သူတို့ရဲ့ လိုအပ်ချက်ကို တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ဖို့ပဲ တောင်းဆိုချင်ပါတယ်”။

မြေရှားသတ္တုကို ကချင်ပြည်နယ်အတွင်းရှိ ပန်ဝါဒေသအပြင် အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆိန်းဘွမ်၊ ခပရာ၊ ကျိန်းလပ်ပါ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ ကျေးရွာများတွင်လည်း တူးဖော်နေကြသည်။

မြေရှားသတ္တု တူးဖော်သန့်စင်ရာတွင် အသုံးပြုသည့် တွင်းဟောင်းကြီးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ်တစ်နေရာ၌ တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

အရပ်ဘက်အဖွဲ့အစည်းများနှင့် ကချင်လူထုက အပြင်းအထန် ကန့်ကွက်နေသောကြောင့် ဗန်းမော်ခရိုင် ဒိန်းဆင်းပါနှင့် မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ကျိန်းလပ်ပါ၊ ခပရာ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ ရွာများရှိ မြေရှားသတ္တုစီမံကိန်းများကို ရပ်မည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးအင်ဘန်လက ဧပြီ ၁၅ တွင် ပြောကြောင်း ကချင်သတင်းဌာန Kachin News Group က ရေးသားဖူးသည်။

သို့သော် ပန်ဝါဘက်တွင် မြေရှားသတ္ထုတိုးချဲ့တူးဖော်နေသလို ကန့်ကွက်သူများကို ဖမ်းဆီးသည်အထိ ဖြစ်လာခြင်းကြောင့် ခွဲခြားဆက်ဆံသည့်သဘောဟု မေးခွန်းထုတ်စရာဖြစ်ကြောင်း အထက်ပါ ဖရဲကျေးရွာသားက ပြောသည်။

“(KIA ထိန်းချုပ်) မိုင်ဂျာရန်ဒေသတွေမှာ ရုပ်သိမ်းပေးခဲ့ရဲ့သားနဲ့ ဘာဖြစ်လို့များ ကျွန်တော်တို့ရဲ့ ဖရဲဒေသမှာ၊ လှလှပပရှိနေတဲ့ ဒီဘက်မှာ ရက်ရက်စက်စက် ပြန်ပြီးမှ (မြေရှား) တူးလာရသလဲ အဲဒီတစ်ခုကို ကျွန်တော်တို့ မေးချင်တယ်။ ဖရဲဒေသခံတွေနဲ့ မိုင်ဂျာရန်ဒေသက အဆင့်အတန်းမတူတဲ့ သဘောလား” ဟု ၎င်းက ဆိုသည်။

ဖရဲရွာတည်ရှိသည့် ပန်ဝါတွင် မြေရှားလုပ်ကွက် ရာချီရှိပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက အဓိက ထိန်းချုပ်ထားကာ KIA လုပ်ကွက်မှာ နည်းပါးသည်ဟု ထိုသူ့ထံမှ သိရသည်။

အထက်ပါ ဖရဲရွာခံပြောဆိုသည့် စွပ်စွဲချက်များကို သီးခြားအတည်မပြုနိုင်သေးပေ။

လွန်ခဲ့သည့်နှစ်များတွင် ပန်ဝါအပါအဝင် မြန်မာနိုင်ငံအရှေ့မြောက်ဖျား တရုတ်နယ်စပ်ဒေသများတွင် မြေရှားသတ္ထုတွင်းအရေအတွက် အနည်းငယ်သာရှိသော်လည်း ယခုအခါ သတ္ထုလုပ်ကွက်များမှာ စင်ကာပူနိုင်ငံအရွယ်အစားရှိသည်ကိုပင် တွေ့ရကြောင်း Global Witness အဖွဲ့၏ ၂၀၂၂ ဩဂုတ်ထုတ် မြေရှားသတ္ထုတူးဖော်မှုအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်းနှင့် အခြားပြည်သူ့စစ်အဖွဲ့အစည်းတို့ အဓိက ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ (၁) တွင် စီးပွားရေးသမားများနှင့် ပေါင်းကာ မြေရှားထုတ်လုပ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းထားချိန် တရုတ်နိုင်ငံသို့ မြန်မာ့မြေရှားတင်ပို့မှု ဆက်လက်မြင့်တက်နေပြီး ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြေရှားနှင့် ဆက်စပ်သတ္တုများ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ရှိကြောင်း တရုတ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းများက ဆိုသည်။ တရုတ်အကောက်ခွန်ဦးစီးဌာန၏ ပုံမှန်ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အလားတူကာလ၌လည်း တရုတ်သို့ မြန်မာ့မြေရှားတင်ပို့မှု ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှုမှာ ဒေါ်လာ သန်း ၇၀ ခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ သန်း ၇၀၀ ကျော်အထိ ရောက်ရှိလာကြောင်း တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button