သတင်း

AA က တရားရေး၊ စီမံအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုတို့အတွက် သင်တန်းသားခေါ်ယူ

တရားရေး၊ စီမံအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုသင်တန်းများ တက်ရောက်ရန် အသက် ၁၈ နှစ်မှ ၃၂ နှစ်ကြားရှိ လူငယ်များကို AA က ခေါ်ယူလျက်ရှိသည်။

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်း တရားရေး၊ စီမံအုပ်ချုပ်ရေးတို့တွင် တာဝန်ထမ်းဆောင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန် သင်တန်းသားများ ယခုလအတွင်း ခေါ်ယူလျက်ရှိသည်။

၇ လကြာ ဖွင့်လှစ်မည့် ဥပဒေရေးရာသင်တန်းကျောင်း လျှောက်ထားသူများသည် “အာရက္ခနိုင်ငံတော်” နှင့် ”အာရက္ခပြည်သူ့အစိုးရ” ကို သစ္စာခံသူဖြစ်ရမည်၊ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ (သို့မဟုတ်) အနိမ့်ဆုံးအဆင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်၊ အသက် ၂၀ မှ ၃၂ နှစ်အတွင်း ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

အလားတူ အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်း တက်ရောက်ရန်လည်း အသက် ၁၈ နှစ် မှ ၃၂ နှစ်ကြား ပညာအရည်အချင်းအနိမ့်ဆုံးအဆင့် အထက်တန်းအဆင့်အောင်မြင်သူများကို ခေါ်ယူနေသည်။

၁၇ လ ကြာမြင့်မည့် ထိုသင်တန်းတွင် အခြေခံစစ်ပညာ၊ အင်္ဂလိပ်၊ ကွန်ပျူတာ၊ ပြည်သူ့ရေးရာမူဝါဒ၊ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ပညာရပ်များကို သင်ကြားရမည်ဟု ဆိုသည်။

အာရက္ခပြည်သူ့အုပ်ချုပ်ရေးယန္တရားတွင် လိုအပ်သော အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ မွေးထုတ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ကျောင်းဖြစ်သည်ဟု သိရသည်။

AA  ထိန်းချုပ်နယ်မြေအတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းနိုင်သူ မလုံလောက်သည့်ပြဿနာနှင့် ရင်ဆိုင်ရသဖြင့် သင်တန်းများဖွင့်လာခြင်း ဖြစ်သည် ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“အဓိကတော့ အရင်လုပ်နေတဲ့သူတွေက မျိုးချစ်စိတ်တွေနဲ့ လုပ်ကြတာ။ ဥပဒေပိုင်း၊ ပညာရေးပိုင်းတွေမှာ အားနည်းကြတယ်။ အားနည်းတဲ့အခါ ပညာသည်တွေအနေနဲ့ မလုပ်ရင်မဖြစ်တဲ့ကိစ္စတွေ၊ တိုက်ခိုက်ရေးဆိုတာတော့ဖြစ်တယ်။ ဒါပေမဲ့ ပညာသည်ပိုင်းပါဝင်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်းကျတော့ တကယ့်နားလည်တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်” ဟု ဦးဖေသန်းက ပြောသည်။

တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများတွင် တတ်သိပညာရှင်များ ပါဝင်လာမှုကြောင့် လုပ်ငန်းလည်ပတ်မှု အတိုင်းအတာတစ်ခုထိ လုပ်ဆောင်လာနိုင်သော်လည်း ထိုယန္တရားများကို ပိုမိုမြှင့်တင်ရန်အတွက် ရခိုင်ပြည်ပြင်ပသို့ ရောက်ရှိနေကြသူများ ဝိုင်းဝန်းပူးပေါင်းပါဝင်ရန် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ၂၀၂၂ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသော AA သည် ၎င်းတို့၏ အစိုးရအဖွဲ့ကို ရက္ခိုင်ပြည်သူ့အာဏာပိုင်ဟူ၍လည်းကောင်း၊ ၂၀၂၂ တွင် ရက္ခိုင်ပြည်သူ့အစိုးရမှ အာရက္ခပြည်သူ့အစိုးရဟူ၍လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ သုံးစွဲနေသည်ကို ၎င်းတို့၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရသည်။ ယခုသင်တန်းသားခေါ်ယူရာတွင်မူ အာရက္ခနိုင်ငံတော်ဟု ထူးထူးခြားခြား သုံးစွဲထားသည်ကို တွေ့ရသည်။

သင်တန်းသားခေါ်ယူခြင်းနှင့် ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပါ။

ရခိုင်ပြည်လွတ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် ထူထောင်ထားသည့် AA သည် ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ နိုဝင်ဘာအထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အပစ်ရပ်စဲခဲ့ကြသည်။

တိုက်ပွဲဖြစ်ပွားစဉ်ကာလတွင် ရခိုင်ပြည်မြောက်ပိုင်းနှင့် ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်မှ နယ်မြေတချို့သည် AA ထိန်းချုပ်မှုအောက် ရောက်ရှိသွားသည်။

ထိုကာလတွင် ရက္ခိုင့်တပ်တော်(AA) ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်လာသည်။

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့လုံခြုံရေးအပါအဝင် တိုင်းပြည်တည်ဆောက်ရေး၊ အစိုးရယန္တရား အခြေခံဖော်ဆောင်ရေး၊ ခိုင်မာပီပြင်ရေးနှင့် အစိုးရယန္တရားများကို အထောက်အကူပြု မောင်းနှင်လည်ပတ်နိုင်ရေးအတွက်ပါ အကောင်အထည်ဖော် လုပ်ဆောင်နေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၁ ခု ရက္ခိုင့်တပ်တော်နေ့အခမ်းအနားတွင် ပြောခဲ့သည်။

“နိုင်ငံတစ်ခုအတွက် မရှိမဖြစ် အရေးတကြီးလိုအပ်တဲ့ အစိုးရယန္တရားတွေ၊ အမျိုးသားရေးအဆောက်အအုံတွေကို ကဏ္ဍအလိုက် ပီပြင်အောင် တည်ဆောက်နေတယ်။ မျိုးဆက်သစ် လူငယ်လူရွယ်တွေကို လူသားအရင်းအမြစ်စွမ်းအား ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် တည်ဆောက်ရေးတွေကိုလည်း ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်ကြရဖို့ အရေးကြီးကြောင်း လမ်းညွှန်မှာကြားလိုက်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် AA သည် ပြီးခဲ့သည့် သြဂုတ်မှ နိုဝင်ဘာအထိ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲထားသည်။ သို့သော် ပြည်နယ်တွင်းတွင် စစ်ရေးတင်းမာမှုရှိနေပြီး ရခိုင်ပြည်နယ်အပြင်ဘက် ကချင်ပြည်နယ်၊ လိုင်ဇာတွင် AA စခန်းကို စက်တင်ဘာ ၂၈ က စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးတစ်ဦး သေဆုံးကာ တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသွားသည်။ ထို့ပြင် အောက်တိုဘာ ၉ ကလည်း ပစ်ခတ်ခံရမှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ AA က စစ်သည်အင်အား ၃၀,၀၀၀ ကျော်ရှိသည်ဟု ပြီးခဲ့သည့်နှစ်က ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button