သတင်း

ရဲနှင့် စစ်သား ပစ်သတ်ခံရပြီးနောက် မန္တလေးတွင် ညမထွက်ရန် လိုက်သတိပေးနေ

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက နယ်ထိန်းရဲတစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပစ်သတ်ခံရပြီးနောက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ညအချိန် အပြင်မထွက်ရန်၊ လူစုလူဝေးမလုပ်ရန် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့က လိုက်လံသတိပေးနေသည်ဟု သိရသည်။

အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တချို့တွင် ယခုလ ၁၁ ရက်နေ့ ည ၈ နာရီခန့်၌ စစ်သားများက ကားဖြင့် တစ်မျိုး ခြေလျင် တစ်ဖုံ ထိုသို့ လိုက်လံအော်ဟစ် သတိပေးခဲ့ခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံတို့က ပြောသည်။

“စစ်သားငါးဦးလောက်က ခြေလျင်လိုက်ပြောတယ်။ တချို့ရပ်ကွက်မှာ မိုက်နဲ့ကားနဲ့လည်း လှည့်အော်တယ်။ ည ၈ နာရီကျော်ရင် မာရှယ်လောရှိတယ်။ လမ်းပေါ် လူတစ်ယောက်မှ မမြင်ချင်ဘူးဆိုပြီး လိုက်အော်တယ်” ဟု အသက်၂၀ အရွယ် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။​

ညပိုင်းအပြင်မထွက်ရန်အပြင် နေ့ခင်းဘက်တွင်လည်း လူငါးဦးထက် ပိုမစုရန်၊ လမ်းမပေါ်ရှိ ဈေးဆိုင်ခန်းများ မိုးမချုပ်မီ သိမ်းရန် သတိပေးသည်ဟုလည်း သိရသည်။​

“ခြောက်တာလား.ဘာလဲတော့ နားမလည်ပါဘူး။ ယူဂျီ (မြို့ပြပြောက်ကျားအဖွဲ့) တွေကို မစ်ရှင်တွေ ဆောင်ရွက်ရတာ ခက်ခဲအောင်၊ သူတို့ ပိုရှာရလွယ်ကူအောင် လုပ်တာမျိုးလို့တော့ ထင်တယ်” ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောသည်။

အောင်မြေသာစံမြို့နယ်အတွင်း ယခုလ ၇ ရက်နေ့က တပ်ကြပ်တစ်ဦး အနီးကပ် ပစ်သတ်ခံရပြီးနောက် နှစ်ရက်အကြာတွင် နယ်ထိန်းရဲတစ်ဦး ထပ်မံလုပ်ကြံခံရသည်။ မန္တလေးအခြေစိုက် GZP ဆိုသော မြို့ပြပြောက်ကျားအဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

၎င်းတို့တပ်ဖွဲ့ဝင်နှစ်ဦး ဆက်တိုက်လုပ်ကြံခံရပြီးနောက် စစ်ကောင်စီက ညမထွက်ရန် လိုက်လံခြိမ်းခြောက် ပြောဆိုနေသော်လည်း အောင်မြေသာစံမြို့နယ်တွင် ည ၈ နာရီနောက်ပိုင်း၌ သွားလာနေသူများရှိသည်ဟု သိရသည်။

ထိုမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း မရှိဘဲ စစ်တပ်က နှုတ်ဖြင့် ခြိမ်းခြောက် သတိပေးခြင်းသာဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့တောင်ဘက်ပိုင်းရှိ အမရပူရမြို့နယ်တွင်လည်း အထွေထွေအုပ်ချုပ်ရေးရုံး၊ တရားရုံးနှင့် ရဲစခန်းတို့ တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်မှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ကြုံတွေ့နေရပြီးနောက် မန္တလေးမြို့တွင် ယခုလအတွင်း၌ပင် မြို့ခံ ၁၁ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ယခုလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်သို့ စစ်သားများရောက်လာကာ အမျိုးသား ၄ ဦးကို ဖမ်းသွားကြောင်း၊ နယ်ထိန်းရဲ ပစ်ခတ်ခံရမှုနှင့် ဆက်စပ်သည်ဆိုကာ ဖမ်းသွားခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“ရဲ အသတ်ခံရတာနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာ။ ဆိုင်ကိုလည်း ပိတ်သွားတယ်။ နောက်ဆက်တွဲ ဘာသတင်းမှ မကြားရဘူး”

ယင်းနေ့၌ပင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာမတစ်ဦး ထပ်မံ ဖမ်းဆီးခံရကြောင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးမှ စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်တွင် ရေးသားသည်ဆိုကာ ဖမ်းသည်ဟု ဆိုသည်။

ယခုလ ၉ နှင့် ၁၀ ရက်နေ့များတွင်လည်း လူငယ်သုံးဦး အဖမ်းခံရသည်။ ဆလွန်းကားတစ်ဦးကို စစ်တပ်က ကားဖြင့် တိုက်ခိုက် ကားပေါ်ပါလာသူနှစ်ဦးကို ဖမ်းကာ နန်းတွင်းခေါ်သွားကြောင်း၊ အခြားအဖမ်းခံရသူ လူငယ်တစ်ဦးမှာလည်း အောင်မြေသာစံမြို့နယ်မှဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် နေထိုင်သည့် ရေသန့်စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ဦး၊ အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အောက်တိုဘာ ၁ ရက်နေ့က ဖမ်းဆီးခံရသည်။ လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။

အထက်ပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရသည့်နည်းတူ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button