သတင်း

မန္တလေးမြို့ပေါ် ရဲစခန်းရှေ့တွင် ရဲတစ်ဦး ပစ်သတ်ခံရ

ယမန်နေ့ (အောက်တိုဘာ ၁၀) ညနေက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၄) ရဲစခန်းရှေ့တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံများက ပြောကြသည်။ 

ညနေ ၆ နာရီကျော်တွင်  အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ၉ လမ်း နှင့် ၇၉ လမ်းထောင့်အနီး အမှတ် (၄) ရဲစခန်းသို့ ပြန်လာသော အဆိုပါရဲမှာ  ဦးခေါင်းကို ပစ်ခတ်ခံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“ဆိုင်ကယ်စီးလာရင်း တစ်ချက်တည်း ကပ်ပစ်သွားတာ။ သေတယ် …. နားထင်ပွင့်ပြီး သွေးတွေ အတစ်လိုက် ထွက်တာ။ လုံးဝ မလှုပ်ဘူး” ဟု   မြို့ခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်စီးနင်းလာသူများက အနီးကပ်ပစ်ခတ်သွားခြင်းဖြစ်ပြီး ရဲစခန်းအတွင်းမှလည်း သေနတ်သံ ၆ ချက်ခန့်  ထွက်လာကြောင်း၊ ပစ်ခတ်ခံရသူကို လူနာတင်ယာဉ်က သယ်ဆောင်သွားပြီးနောက် ထိုနေရာအနီး စစ်ကောင်စီတပ်သားအများအပြား ခြေရှုပ်နေကြောင်း မြို့ခံတို့က ဆိုသည်။

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကိုင် အင်အား အများအပြားဖြင့် အောင်မြေသာစံမြို့နယ်အတွင်း လမ်းပေါ်တွင် တွေ့ရသူများကို ရပ်တန့် စစ်ဆေးနေသည်၊ ဆိုင်ကယ်တူးဘောက်များကိုပါ ဖွင့်ပြီး စစ်ဆေးနေသည်ဟု မြို့ခံများထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီခန့်အကြာတွင် မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော Generation Z Power (GZP) က ၎င်းတို့ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။  

အောက်တိုဘာ ၇ နေ့လယ်ကလည်း အောင်မြေသာစံမြို့နယ်အတွင်း လူစည်ကားသည့် ဈေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦးကို GZP အဖွဲ့က ပစ်သတ်ခဲ့ရာ ရဲစခန်းရှေ့ ပစ်ခတ်မှုမှာ တစ်ပတ်အတွင်း ထိုအဖွဲ့၏ ဒုတိယမြောက် တိုက်ခိုက်မှု ဖြစ်လာသည်။ 

စစ်တပ်ဝါဒ ဖြန့်မီဒီယာများတွင်မူ ရဲစခန်းအနီးတွင်  နယ်ထိန်းရဲတပ်သား မိုးစန်းဦး ( ၃၂ နှစ်)    ဦးခေါင်းကို ပစ်ခတ်ခံရသဖြင့်  ဆေးရုံအရောက်သေဆုံးသွားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ဇွန်လအတွင်းကလည်း မန္တလေးမြို့တွင်းရှိ စခန်းကြီးတစ်ခုဖြစ်သော အဆိုပါရဲစခန်းကို   မြို့ပြ ပြောက်ကျားအဖွဲ့ No More Dictatorship People Defence Force – NMD က ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို ပြည်သူအများအပြားက လမ်းပေါ်ထွက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြသည်၊ ဆန္ဒပြသူတို့ သတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင် ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာရာ မန္တလေးမြို့တွင်လည်း မြို့ပြပြောက်ကျားအဖွဲ့များ ပေါ်ပေါက်လာသည်။ 

စစ်ကောင်စီက မြို့ပေါ် ပစ်ခတ်မှုများကို ပြင်းပြင်းထန်ထန် ဟန့်တားနေချိန်မှာပင် မန္တလေးမြို့ပေါ် ရဲစခန်းရှေ့တွင် နယ်ထိန်းရဲကို ပစ်ခတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အများအားဖြင့် အရပ်ဝတ်နှင့်သာ တွေ့ရလေ့ရှိသည့် နယ်ထိန်းရဲများသည်  မြို့နယ်အလိုက် မှုခင်း ၊ ဒုစရိုက်မှုများ နယ်မြေအတွင်း ကင်းရှင်းစေရန် သတင်းစုံစမ်းထောက်လှမ်း ဆောင်ရွက်ရသူများ ဖြစ်သည်။ 

လောင်းကစား၊ မူးယစ်ဆေးရောင်းသူ နှင့် KTV အပါအဝင်  လုပ်ငန်းအများအပြားက ရဲတပ်ဖွဲ့ကို ဆက်ကြေးပေးလိုလျှင်  နယ်ထိန်းရဲတို့မှတစ်ဆင့် ပေးကြသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button