
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်အတွင်း ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့ အပါအဝင် လက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ရေးခဲ့ပြီး စစ်တပ်နှင့် အပစ်ရပ်ခဲ့သည်။
သို့သော် ၂၀၂၁ တွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်လှန်ရန် NCA ကို ကျောခိုင်းကာ တော်လှန်ရေးအတွင်း ထဲထဲဝင်ဝင် ပါဝင်လာသည့် အဖွဲ့ ၃ ဖွဲ့အနက် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/ CNA) လည်း ပါဝင်သည်။
CNF နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို ၂၀၂၁ မေ ၂၉ တွင် လက်မှတ်ထိုးထားကြသည်။
CNF သည် အာဏာသိမ်းသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း တက်ရောက်လေ့မရှိပေ။ စစ်ကောင်စီက NCA ၈ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် အကြီးအကျယ် ကျင်းပရန် ပြင်ဆင်နေရာ CNF ၏ သဘောထားကို သိရှိနိုင်ရန် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ဖို့ ဖိတ်ကြားထားတာလည်း ရှိပါတယ်။ CNF အနေနဲ့ တက်ရောက်ဖို့ရှိသလား။
ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ အာဏာစသိမ်းပြီးကတည်းက NCA တော့ ကျွန်တော်တို့မှာ အယုံအကြည်မရှိတော့တာပဲ။ အဲ့ဒါကြောင့် အဲ့ဒီပေါ်လစီအရ ကျွန်တော်တို့က ဒီကနေ့အထိတော့ မပြောင်းလဲသေးဘူး။ လိုရင်းတိုရှင်း ပြောရရင်တော့ မတက်ပါဘူးလို့ ပြောချင်ပါတယ်။
မေး ။ ။ NCA စာချုပ်အပေါ် CNF အနေနဲ့ ဘယ်လိုများခံယူထားပါသလဲ။
ဖြေ ။ ။ NCA စာချုပ်က အာဏာမသိမ်းခင်တုန်းကဆိုရင်တော့ အဲ့ဒီမြန်မာ့နိုင်ငံရေးအခင်းအကျင်းက ဖြစ်နိုင်ခြေရှိသေးတယ်လို့ ကျွန်တော်တို့က အဲဒီလိုပဲမြင်တယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးတော့ ဒီနွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီဆိုကတည်းကိုက NCA အဆင့်လောက်နဲ့တော့ မြန်မာ့နိုင်ငံရေးပြဿနာက ဖြေရှင်းလို့ရတာမျိုး မဟုတ်တော့ပါဘူး။ ဒါကတော့ ပြည်သူနဲ့ စစ်ကောင်စီအကြား နိုင်ငံရေးပြဿနာကြီးဖြစ်သွားပြီ။ အဲ့ဒါကြောင့် ဒီ NCA သေးသေးလေး ဒီအဆင့်လောက်နဲ့တော့ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးပြဿနာကတော့ ဖြေရှင်းလို့ရတဲ့ဟာမျိုး မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် NCA ကတော့ လက်တွေ့မကျတော့ဘူး။ ကျွန်တော် … အဲဒီလိုပဲ ပြောချင်တယ်။
မေး ။ ။ လက်ရှိမှာ စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲလာဖို့ တောက်လျှောက်ခေါ်နေတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်တွေက နေရာအနှံ့ တောက်လျှောက်ဖြစ်နေတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ တစ်ဖက်မှာ သူ (စစ်ခေါင်းဆောင်) က NCA က ဖက်တွယ်နေတာက သူ့ရဲ့နိုင်ငံရေးထွက်ပေါက်၊ ပြီးတော့ နိုင်ငံတကာမှာ ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုပြီးတော့ တစ်ဖက်လှည့်နဲ့ အဲဒီလိုလုပ်နေတာဖြစ်တယ်။ ပြီးတော့ သူ့ရဲ့နိုင်ငံရေး ရေရှည်ရပ်တည်ရေးအတွက် အဲ့ဒီလိုလုပ်နေတာဖြစ်တယ်။
တစ်ဖက်မှာ ပြည်သူလူထုကို မရှောင်တော့ဘဲနဲ့ ဗုံးကြဲလေယာဉ်တွေနဲ့ အိုးအိမ်တွေ၊ ပြည်သူရဲ့ အသက်တွေကို မညှာမတာဘဲနဲ့ အဲဒီလို အကြမ်းဖက်ရက်စက်နေတာ။ တစ်ဖက်မှာ သူက NCA ကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုပြီးတော့ အကြောင်းပြနေတယ်။ အဲဒါကတော့ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိတဲ့၊ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေလုပ်နေတယ်။ သူ့မှာ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိနေတယ်။
အဲဒါတွေနဲ့ သူက NCA လမ်းကြောင်း သွားနေတဲ့အဖွဲ့အစည်းတွေထဲမှာ ဘာမှ စစ်မက်ပဋိပက္ခတွေ မဖြစ်ဘူး။ အဲဒါကြောင့် သူတို့နဲ့ လုပ်နေတာတွေက ဘာမှ အဓိပ္ပာယ်မရှိတဲ့ဟာ။ ယုတ္တိယုတ္တာ လုံးဝမရှိတဲ့ဟာဖြစ်တယ်။

အဲဒါ ကြောင့် NCA ဆိုပြီးတော့ ခေါ်ချင်တယ်ဆိုရင် Stakeholders တွေ အားလုံးပါဝင်တဲ့ အခင်းအကျင်းမျိုး ဖော်ဆောင်ရမယ်။ အဲဒီလိုခေါ်ဆောင်ဖို့ဆိုရင်လည်း Pre conditions သူ့မှာ အများကြီးလုပ်ဖို့ ရှိတယ်။ ဥပမာ တစ်ပြည်လုံး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ဒါမျိုး၊ စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ လုံးဝပါဝင်မှု မရှိတော့ပါဘူးဆိုတဲ့ အာမခံချက်မျိုး…. အဲဒီလိုမျိုးပေးရင်တော့ အဲဒါက ကျွန်တော်တို့အနေနဲ့ စဉ်းစားဖို့တော့ လိုကောင်းလိုမယ်ပေါ့။
အခုဟာက အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ NCA နဲ့ ဖက်တွယ်ပြီးတော့ လုပ်နေတာက စောနက ပြောထားတဲ့အတိုင်း ယုံကြည်နိုင်စရာ၊ ယုံကြည်လောက်တဲ့အခင်းအကျင်းမျိုး လုပ်ရပ်မျိုး သူ့မှာ တစ်ခုမှ မရှိတော့ရင် ဒါကတော့ လက်တွေ့မကျဘူးပေါ့။ အဲဒီလိုပဲ ပြောချင်ပါတယ်။
မေး ။ ။ NCA စာချုပ်မှာ ပါတဲ့ အချက်အလက်တွေကရော တကယ်တမ်း အနှစ်သာရရှိရဲ့လား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ တကယ်တော့ ကျွန်တော်တို့က NCA လက်မှတ်ရေးထိုးပါတယ်။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့က အစုအဖွဲ့အနေနဲ့ လုပ်တာ။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အစိုးရဆိုပြီးတော့မှ၊ ပြီးတော့ ပါဝင်သင့်ပါဝင်ထိုက်သူတွေဆိုပြီး အစုအဖွဲ့ ၅ စုနဲ့ လုပ်တာ။
အာဏာသိမ်းပြီးတော့ အဲ့ဒါတွေအကုန်လုံး ဘာမှ မရှိတော့ဘူး။ ခုချိန်မှာ အာဏာသိမ်းလိုက်တော့ နိုင်ငံရေးပါတီတွေလည်း မရှိဘူး။ အစိုးရဆိုတာလည်း မရှိဘူး။ သူတို့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သူတို့ စစ်ကောင်စီတွေပဲ ရှိတော့တယ်ဆိုတော့….အဲ့ဒါက NCA ရဲ့မူဘောင်နဲ့ လုံးဝ ဆန့်ကျင်သွားတာဖြစ်တယ်။ အဲ့ဒါကြောင့် NCA ချိုးဖောက်တာက စစ်ကောင်စီပါပဲ။ ပြီးတော့ သူ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျူးလွန်ပြီးတော့ ချိုးဖောက်ခဲ့တာလည်း သူပါပဲ။ ဒါကြောင့် ဒီနေ့ NCA order တွေက ဘာမှ အနှစ်သာရလုံးဝမရှိတဲ့ ဖိတ်ခေါ်မှုတွေ.. ဖိတ်ကြားမှုတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် NCA က ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး။ အနှစ်သာရကို မရှိတော့တာပါ။

မေး ။ ။ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အဖြစ် ထူထောင်ဖို့အတွက် NCA စာချုပ်က အထောက်အကူဖြစ်နိုင်သလား။ ဥပမာ အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်ပြောနေတာတွေက တကယ်တမ်းဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ မဖြစ်နိုင်ပါဘူး။ အပစ်ရပ်တွေလုပ်တယ်ဆိုတာက ခုဘယ်လောက်ပဲလုပ်လုပ် ကျွန်တော်တို့ NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေတောင်မှ NCA ကို အယုံအကြည်မရှိတော့တာပါ။ ပြီးတော့ ဒီ NCA ဆိုတာကလည်း ၁၀ ဖွဲ့ပါ။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ၁၀ ဖွဲ့တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အနည်းဆုံး ၁၇ ဖွဲ့ရှိတယ်။ အပစ်ရပ်လက်မှတ်ရေးထိုးတာတွေ ဘာတွေလုပ်နေတာတွေက စောစောကတည်းက NCA က ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရေးဆွဲထားတဲ့ဟာ။ ကျွန်တော်တို့က ကျွန်တော်တို့ ပေါ်လစီအရ နိုင်ငံရေးဆွေးနွေးပွဲတက်ကြည့်မယ်ဆိုပြီး ရေးထိုးတာဖြစ်တယ်။ မရေးထိုးတဲ့အဖွဲ့အစည်းကြီးတွေလည်း ရှိနေသေးတယ်။
အခု ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်တဲ့နေရာမှာ NCA ဆိုကတည်းကိုက ဒါတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ လုံးဝမအပ်စပ်ပါဘူး။ လက်တွေ့လည်း မကျပါဘူး။ ဘာကြောင့်လဲဆိုတော့ နွေဦးတော်လှန်ရေးဖြစ်တည်လာတဲ့ နိုင်ငံရေးအခင်းအကျင်းက NCA အဆင့်လောက်နဲ့ ရတာမျိုး မဟုတ်တော့ပါဘူး။
မေး။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အပြောင်းအလဲလုပ်နိုင်ဖို့ NCA က အလုပ်မဖြစ်ဘူးဆိုရင် ဘယ်လိုပုံစံမျိုးနဲ့သွားသင့်သလဲ။
ဖြေ ။ ။ နွေဦးတော်လှန်ရေးဖြစ်တည်မှုကို အခြေမခံလို့မရဘူး။ အဲ့ဒါကြောင့် အဲ့ဒီလိုမျိုး နိုင်ငံရေးပြဿနာဆိုတာ တွေ့ဆုံဆွေးနွေးရေးနဲ့ လုပ်ရမှာပဲ။ ဒါကတော့ မလုပ်လို့မရတဲ့ဟာ။ စစ်ရေးနဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းတာ မဟုတ်ပါဘူး။ စစ်ရေးက နိုင်ငံရေးပြဿနာရဲ့ အခြေခံအောက်မှာ ရှိတာပါ။ အဲ့ဒါကြောင့် နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ဆိုရင် ဒီနွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ Stakeholders တွေအားလုံး ပါဝင်ပြီးတော့ နိုင်ငံတကာရဲ့ အနီးကပ်စောင့်ကြည့်မှုအောက်မှာ အာမခံချက်ရှိရှိနဲ့ လုပ်တာမျိုးက လက်တွေ့အကျဆုံး ဖြစ်ပါလိမ့်မယ်။ အဲ့ဒီလိုလုပ်ဖို့ မလုပ်ခင်က စစ်ကောင်စီက ပြည်သူလူထုကို တစ်ဖက်သတ် သတ်ဖြတ်နေတာမျိုးက ခြွင်းချက်မရှိ ရပ်စဲရမယ်။ အဲဒီလိုအခင်းအကျင်းမျိုး Pre conditions တွေကို လုပ်သင့်တယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။

မေး ။ ။ အဲ့ဒီလိုအခင်းအကျင်းမျိုး ဘယ်အချိန်မှာ ဖြစ်လာနိုင်သလဲ။ လက်ရှိအခြေအနေမှာရော အဲ့ဒီလို အခင်းအကျင်းမျိုးက နီးစပ်နေပြီလား။
ဖြေ ။ ။ ဘယ်အချိန်လောက်မှာ ဖြစ်လာမလဲဆိုရင်တော့ အချိန်ကတော့ အတိအကျ သူတို့ရဲ့သဘောထားအပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ကတော့ ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူလူထု …ကိုယ့်ကို ကျွေးနေတဲ့ … မွေးနေတဲ့ ပြည်သူလူထုကိုတော့ စာနာတယ်။ ဒါပေမဲ့ စစ်ကောင်စီက အဆုံးအထိသွားမှာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ သူကတော့ ဘယ်တော့မှ ထွက်ခွာဖို့ ဆန္ဒတော့ မရှိသေးပါဘူး။ အဲ့ဒါကြောင့် အဓိကကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးနိုင်မဲ့ သူ့ကို အပြုတ်တိုက်မှပဲ ရတော့မယ် … အဲ့ဒီနည်းလမ်းကလွဲလို့ ကျွန်တော်တို့မှ ဘာမှရွေးစရာလမ်းတော့ မရှိသေးဘူး။
မေး ။ ။ NCA နှစ်ပတ်လည်ပွဲတက်မယ့်အဖွဲ့တွေ ရှိသလို၊ စစ်ကောင်စီနဲ့ စကားပြောနေတဲ့အဖွဲ့တွေလည်းရှိတော့ ဒီအဖွဲ့တွေကို ဘာများသတင်းစကားပါးချင်သလဲ။
ဖြေ ။ ။ တက်ရောက်မယ့်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နေရာမှာ ဘာမှစစ်မက်ပဋိပက္ခတွေ၊ ဗုံးကြဲလေယာဉ်နဲ့ ပြည်သူလူထု သေကျေနေတာတွေမရှိပါဘူး။ လုပ်စရာမရှိလုပ်နေတဲ့အရာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဒီအချိန် နိုင်ငံရေးအခင်းအကျင်းက ကိုယ့်ဒေသတစ်ဖွဲ့တည်း ငဲ့မကြည့်ဘဲနဲ့ တစ်ပြည်လုံးအတိုင်းအတာ၊ ကျွန်တော်တို့ ဘုံရည်မှန်းချက်ဖြစ်နေတဲ့ ပြည်ထောင်စုအတိုင်းအတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ဆိုပြီး လုပ်တဲ့နေရာမှာ အဲ့ဒီလိုပုံစံမျိုးနဲ့ သူ့အဖွဲ့အစည်းထဲ သူ့ဒေသထဲ ကွက်ပြီးလုပ်တာမျိုးက လုံးဝမဖြစ်သင့်ပါဘူး။
အဲ့ဒါကြောင့် NCA တက်ရောက်မယ့် အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ပြည်သူကို စာနာပါ။ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုဆိုတဲ့ဟာကို အနှစ်သာရရှိတဲ့ပြည်ထောင်စုဖြစ်အောင် NCA ကနေ အချိန်မီ ကျောခိုင်းဖို့ကတော့ ကျွန်တော် ဆန္ဒအရှိဆုံးပါ။ အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်။

မေး ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။
ဖြေ ။ ။ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ နွေဦးတော်လှန်ရေးမှာ ခြေစုံပစ် သေခဲ့ပြီးပြီ…ကျေခဲ့ပြီးပြီ။ ကျွန်တော်တို့ ဒီအခင်းအကျင်းကို ဆက်လက်ပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက် ရောက်ရှိဖို့ အားထည့်ထားရုံကလွဲလို့ ဘာမှမရှိပါဘူး။ စိတ်ဓာတ်ကျစရာလည်း မရှိပါဘူး။ စစ်ကောင်စီရဲ့ အနေအထားအခင်းအကျင်းက တစ်နေ့ထက်တစ်နေ့ ဒီတိုင်းပြည်ကို Failed State အနေနဲ့ တွန်းပို့နေတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ အဲဒါ ပြည်သူလူထုကို မှာချင်တယ်။ ပြီးတော့ တချို့ NCA မှာ ဖက်တွယ်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဒီ NCA ကြောင့် စစ်ကောင်စီသက်ဆိုးရှည်တဲ့လုပ်ရပ်မျိုးတွေ …ဆွေးနွေးပွဲမျိုးတွေ လုပ်နေလို့ကတော့ နောင်တစ်ချိန်မှာ သမိုင်းတရားခံမဖြစ်ဖို့တော့ အရေးကြီးပါတယ်လို့ ကျွန်တော် အဲဒီလိုပဲ မှာချင်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)