သတင်း

ခင်ဦးမြို့တွင် စစ်ကြောင်းနှင့် တိုးသော ဒေသခံ ၂ ဦး အသတ်ခံရ

စစ်ရေးပြင်းထန်နေသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ယမန်နေ့ (အောက်တိုဘာ ၁၁) တွင် အရပ်သား ၂ ဦး၊ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး စစ်ကြောင်းနှင့်တိုးပြီး သတ်ဖြတ်ခံရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှ နှစ်မိုင်ခန့်အကွာ ကံသာယာကျေးရွာ(မြောက်) တွင် ၃၃ နှစ်အရွယ် ကိုဖိုးခိုင်၊ နှမဝမ်းကွဲ တော်စပ်သည့် ၂၉ နှစ်အရွယ် မပြားညိုတို့ကို ၎င်းတို့၏ လယ်စောင့်တဲအတွင်း စစ်တပ်က သတ်ဖြတ်သွားသည်၊ အမျိုးသမီး၏ ခင်ပွန်းသည်ကို ဖမ်းခေါ်သွားသည်ဟု ဒေသခံများက ပြောကြသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းသွားသူမှာ အသက် ၃၀ အရွယ် ကိုဖိုးနီ ဖြစ်ကြောင်း၊ မည်သည့်အတွက် ဖမ်းခေါ်သွားသည်ကို မသိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ကံသာယာရွာသားတစ်ဦးက ပြောသည်။

“သူတို့က လယ်တဲမှာ မိသားစုလိုက်နေကြတဲ့သူတွေပါ။ တစ်မိသားစုလုံး တဲတိုက်မှာ နေကြတာ။ xx ကြောင်းက သူတို့တဲတိုက်ကို ရောက်လာပြီး ဖမ်းဆီးသတ်ဖြတ်သွားတာ” ဟု သူက ဆိုသည်။

ကိုဖိုးခိုင်တွင် ကျည်ထိဒဏ်ရာ တွေ့ရပြီး မပြားညိုမှာ လည်ပင်းညှစ် သတ်ခံထားရသည်ဟု ထိုရုပ်အလောင်းများကို တွေ့ခဲ့သည့် ဒေသခံတို့က ပြောကြသည်။

ရေဦးမြို့ပေါ် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၁) လက်အောက်ခံ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းက အောက်တိုဘာ ၉ တွင် ခင်ဦးအနောက်ခြမ်းသို့ ရောက်လာပြီး တဲစုကျေးရွာတွင် တစ်ညအိပ် စခန်းချခဲ့သည်။

နောက်တစ်နေ့ နံနက် ၆ နာရီခန့်တွင် စစ်ကြောင်း ဆက်လက် ချီတက်စဉ် ကံသာယာကျေးရွာ (မြောက်) ဘေးမှအဖြတ် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်က စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ ကံသာယာရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ၅၂ နှစ်အရွယ် ဦးဘိုဝင်း၏ ဝမ်းဗိုက်၊ ၃၃ နှစ်အရွယ် ကိုဝင်းနောင်၏ လက်မောင်းတို့တွင် ဗုံးစထိမှန်ခဲ့သည်။

ထို့နောက် စစ်သားများက ထိုရွာအနီး လယ်တောတဲတိုက်အတွင်း နေထိုင်သည့်မိသားစုကို သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

စစ်သားများ မွန်းလွဲ ၃ နာရီခန့်တွင် ထွက်ခွာသွားပြီးနောက် ၎င်းတို့နေထိုင်ရာ တဲတိုက်နှင့် လယ်သုံးကွက် (ပေ တစ်ထောင်ခန့်) အကွာတွင် ထို ဝမ်းကွဲမောင်နှမ၏ ရုပ်အလောင်းများကို တွေ့ခဲ့ရသည်၊ ညနေ  ၅ နာရီခန့်တွင် ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ရွာသူရွာသားများက ပြောကြသည်။

မပြားညို၏ အသက် ၅ နှစ်ခန့်နှင့် တစ်နှစ်ခွဲခန့်အရွယ် ကလေး ၂ ဦးကို တောင်ယာတဲတစ်ခုအတွင်း အသက်ရှင်လျက် ပြန်တွေ့ကြသည်၊ ၎င်းတို့မှာ မိခင်နှင့်အတူ ဖမ်းဆီးခံရသည်ဟု ကလေးတစ်ဦးက ပြောသည်ဟု သိရသည်။

“ကလေးနှစ်ယောက်ကိုကျတော့ သူတို့နေတဲ့ တဲနားမှာပဲ ပို့ထားခဲ့တာကို ကျွန်တော်တို့တွေ့ခဲ့တယ်။ အခုတော့ သူတို့ အဒေါ်၊ အဘွားတွေက ခေါ်ထားပေးထားပါတယ်။ ကလေးတွေမှာတော့ ဘာမှ ထိခိုက်ထားတာ မတွေ့ရဘူး” ဟု ကံသာယာကျေးရွာ ပကဖ တာဝန်ခံက ပြောသည်။

မပြားညို၏ အလောင်းတွင် လည်ပင်းညှစ်ထားသည်ဟု ယူဆရသည့် ညိုမည်းစွဲဒဏ်ရာများနှင့် ပါးတွင် အပေါက်ငယ်တစ်ခု တွေ့ရကြောင်း၊ အဓမ္မကျင့်ခံခဲ့ရသည်ဟု ယူဆရကြောင်း အထက်ပါ ကျေးရွာပကဖတာဝန်ခံက ဆိုသည်။

“ပါးကအပေါက်ကလည်း သေးသေးရယ်၊ သေနတ်ဒဏ်ရာ ဟုတ်မဟုတ်လည်း မသေချာဘူး။ လည်ပင်းညှစ်ထားတာလို့ ယူဆတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အလောင်းတွေ့တဲ့အချိန်မှာ သူ့ရဲ့လုံချည်၊ အင်္ကျီတွေက ဖရိုဖရဲဖြစ်နေတယ်၊ အတွင်းခံအင်္ကျီရဲ့ကြိုးတွေလည်း ပြတ်နေတယ်”

မပြားညို၏နားတွင်လည်း ဒဏ်ရာများ တွေ့ရသည်၊ ဝတ်ဆင်ထားသည့် နားကပ်ကို ဆွဲဖြုတ်သွားကြခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

“မပြားညိုတို့ သားအမိ ၃ ယောက်က အရင်ပြေးနှင့်ပြီးတော့ သူ့ယောက်ျားက နောက်က ပြေးတာ၊ နည်းနည်း ကွာတာပေါ့။ အဲ့ဒီမှာ ယောက်ျားဖြစ်သူကိုကျတော့ ဖမ်းခေါ်သွားတယ်” ဟု ရွာသားတချို့ကို ကိုးကား၍ ၎င်းက ပြောသည်။

သတ်ဖြတ်ခံရသော ကိုဖိုးခိုင်တို့ မိသားစုနေထိုင်ရာ လယ်တောတဲတိုက်ကိုလည်း စစ်သားများက မီးရှို့သွားသည်ဟု သိရသည်။

အောက်တိုဘာ ၉ နှင့် ၁၀ တွင် မိုင်းဆွဲခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းတို့ကြောင့် ထိုစစ်ကြောင်းမှ ၈ ဦးခန့် သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။

အောက်တိုဘာ ၁၀ ညပိုင်းက ခင်ဦးမြို့တွင် ထိုစစ်ကြောင်း ညအိပ် စခန်းချပြီး၊ ယနေ့နံနက်တွင် ရွှေဘိုမြို့ဘက်သို့ ဦးတည်ထွက်ခွာလာရာ သံဘိုကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်နေသည်။

မြို့နယ်ပကဖ ၄ ဦး ပစ်သတ်ခံရ

ဒေသခံများ စစ်တပ်စစ်ကြောင်းနှင့် တိုးပါက လမ်းတွင် လူသားဒိုင်းနှင့် အထမ်းသမားအဖြစ် ခိုင်းစေရန် ဖမ်းဆီးခေါ်ခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ရတတ်သည်။

ကာကွယ်ရေးအဖွဲ့ဝင် အများအပြားလည်း မြေပြင်အခြေအနေ ကင်းထောက်ထွက်စဉ် စစ်ကြောင်းနှင့် တိုး၍ ဖမ်းဆီးသတ်ဖြတ်ခံရသည်။

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်အစပ် ကျောက်ဖူးရွာအနီး မြေပြင်အခြေအနေ ကင်းထောက်ထွက်လာသည့် အဖွဲ့ဝင် ၁၀ ဦးပါ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ခွဲနှင့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတို့ ယမန်နေ့ နံနက်က ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ရာ ပကဖ ၄ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြထားသည့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သေနတ် ၄ လက် ဓာတ်ပုံမှတ်တမ်း။

ထိုအဖွဲ့တွင် မောင်းပြန်သေနတ် နှစ်လက်၊ လက်လုပ်သေနတ်သုံးလက် ပါဝင်သည်၊ အမျိုးသမီးအဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက် ခုခံပစ်ခတ်ခဲ့သူများ သေဆုံးသွားသည်ဟု မြို့နယ်ပကဖ တပ်ခွဲ (၂) တာဝန်ရှိသူက ပြောသည်။

“ကျန်တဲ့ရဲဘော်တွေ ရဲမေတွေ လွတ်အောင် ခံပစ်ရင်းနဲ့ သူတို့က လုံးလုံး ကျသွားတာပေါ့။ ဒီဘက်က ပါသွားတာ အော်တိုက နှစ်လက်တည်းလေ….ဘယ်လိုမှ ယှဉ်မပစ်နိုင်ဘူး” ဟု ထိုအမျိုးသားက ဆိုသည်။

ထိုတိုက်ပွဲတွင် ရဲမေ ၄ ဦး၊ ရဲဘော် ၂ ဦး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်၊ သေဆုံးသူ ရဲဘော် ၄ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ညနေက ကောက်ယူသင်္ဂြိုဟ်နိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် အနီးကပ်ပစ်သတ်ခံထားရသည်ဟု ယူဆရသူတို့၏ ရုပ်အလောင်းဓာတ်ပုံများ တင်ထားသည်ကို တွေ့ရပြီး သေနတ် ၅ လက် သိမ်းဆည်းရမိကြောင်း ဖော်ပြထားကြသည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်မှစ၍ စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ခန့်ဖြင့်  မြိုင်မြို့နယ်အရှေ့ပိုင်း ကိုင်းစံပြရွာတွင် အခြေချတပ်စွဲကာ အနီးဝန်းကျင်ကျေးရွာများကို နေ့စဉ် စီးနင်းနေရာ အဆိုပါ အထိုင်တပ်မှ အင်အား ၈၀ ခန့်က ကိုင်းရွာမြောက်ဘက်သို့ စစ်ကြောင်းထိုး ထွက်လာစဉ် ပခုက္ကူပကဖနှင့် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်သည်။

အထိုင်တပ်မှ ခွဲထွက်လာသော အဆိုပါစစ်ကြောင်းသည် ကိုင်းကျေးရွာသို့ ပြန်မဝင်သေးဘဲ ပစ်ခတ်မှုဖြစ်သည့် ကျောက်ဖူးကျေးရွာအနီး တပ်စွဲထားသဖြင့် ပတ်ဝန်းကျင်မှ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button