မေးမြန်းခန်း

“အာဏာရှင်နဲ့ သွားပြီးဆွေးနွေးရင် ဘာအဖြေမှ မထွက်ဘူး” – ပဒိုစောတောနီး

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် အကြီးအကျယ်ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်လုပ်ရပ်သည် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းမည်ဆိုသော NCA အနှစ်သာရကို ချိုးဖောက်ခြင်းဖြစ်၍ စာချုပ်ပျက်ပြီဟု သတ်မှတ်ထားသော ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်းရှိသည်။

၂၀၁၅ တွင် နေပြည်တော်၌ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတောင်ပိုင်းအခြေစိုက် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ထိုသို့ သဘောထားရှိသည့် တော်လှန်ရေးအင်အားစုများထဲမှ တစ်ဖွဲ့ဖြစ်သည်။

စစ်ကောင်စီ ပြင်ဆင်နေသည့် NCA ၈ နှစ်ပြည့်ပွဲအပေါ် မည်သို့ရှုမြင်သည်ကို သိရှိနိုင်ရန် KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးထံ ဆက်သွယ်မေးမြန်းထားသည်။ KNU ကို သွေးခွဲသပ်လျှိုရန် စစ်ကောင်စီ၏ ကြိုးစားမှုနှင့် ပတ်သက်၍ ပဒိုစောတောနီးက ထုတ်ဖော်ပြောဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီး။ (ဓာတ်ပုံ – KNU)

NCA ရှစ်နှစ်ပြည့် အခမ်းအနားအတွက် စစ်ကောင်စီက နေပြည်တော်မှာ ပွဲအကြီးအကျယ်လုပ်ဖို့ ရှိနေတယ်။ ဒီအပေါ်မှာ KNU ရဲ့ သဘောထား ဘယ်လိုရှိသလဲ။

ဒီအချိန်ဒီကာလမှာ ကယောင်ကတမ်းနဲ့ ထပြီးတော့ NCA က ရှိနေပါသေးတယ်၊ NCA နှစ်ပတ်လည်နေ့ကို အကြီးအကျယ် ကျင်းပမယ်ဆိုတာမျိုးက သူ့ရဲ့ (အာဏာသိမ်းစစ်ကောင်စီ) နိုင်ငံရေးအကျပ်အတည်းကို ထွက်ပေါက်ရှာတာပဲဖြစ်တယ်။ အဲ့ဒီ NCA ကတစ်ဆင့် သူက ဘာကို မျှော်ကိုးလဲဆိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကြိုးစားမယ်။ အဲ့ဒီကနေတစ်ဆင့် ရွေးကောက်ပွဲကို လုပ်မယ်။ ဒါလည်း သူ့ထွက်ပေါက် သူရှာတာပဲ၊ အဲ့ဒါကြောင့်မို့လို့ ဒီဟာတွေက ဘာမှ တရားဝင်မှုမရှိတော့ဘူး။ သူကိုယ်တိုင် စည်းဖောက်တဲ့အခါကျတော့ သူကိုယ်တိုင် တရားမဝင်တဲ့သူ ဖြစ်သွားပြီ။ တရားမဝင်တဲ့ စစ်တပ်ဖြစ်သွားပြီ။ အဲ့ဒါကြောင့်မို့လို့ ဒီဟာတွေ လုပ်တဲ့အပေါ် ကျွန်တော်တို့က နားထောင်စရာမရှိတော့ဘူး။ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဘာအာဏာရှင်စနစ်မဆို ကျွန်တော်တို့ တိုင်းပြည်ကနေ ချုပ်ငြိမ်းပြီးတော့ ခေတ်သစ်စနစ်သစ်ကို ပြန်ထူထောင်မှာဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ကြီးကို သေသေချာချာနဲ့ လူထုတွေ ယုံကြည်စိတ်ချရတဲ့ အနေအထားတစ်ခုရောက်အောင် ကြိုးစားသွားရမှာပဲ ဖြစ်တယ်။

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးနဲ့ အဖွဲ့က NCA ၈ နှစ်ပြည့်အခမ်းအနား တက်ဖို့ နေပြည်တော်ကို သွားတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှု လုပ်ခဲ့တယ်။ ဒီတွေ့ဆုံမှုက KNU နဲ့ ဆက်စပ်မှု ရှိနေနိုင်မလားခင်ဗျာ။

ဒီလုပ်ရပ်တွေအပေါ်မှာ ကျွန်တော်တို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ လုံးဝ ပတ်သက် သက်ဆိုင်မှုမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြစေလိုပါတယ်။ နောက်တစ်ချက်က ဒီလိုလုပ်ရပ်မျိုးရဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ အထူးသဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ ကျွန်တော်တို့ လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကြားမှာ ယုံမှားသံသယဖြစ်အောင် ဇဝေဇဝါဖြစ်အောင် အထင်မှားအမြင်မှားဖြစ်အောင် တမင်သက်သက် ထိုးခွဲလိုက်တဲ့ နည်းဗျူဟာတစ်ရပ်အဖြစ် စစ်ကောင်စီက လုပ်သွားတယ် ကျွန်တော်တို့ မြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒရှိပြီး လုပ်ငန်းလုပ်ဆောင်တဲ့ အပိုင်းမှာ လက်တွေ့အကောင်အထည်ပြရတာ ရှိပြီးဖြစ်သလို၊ ဆက်လက်ပြီး ဒီအတိုင်း ဆက်သွားမယ်ဆိုတာ အထင်အရှားပြောနေပါတယ်။ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ကျွန်တော်တို့ တစိုက်မတ်မတ်နဲ့ ဆက်လက်လုပ်သွားမယ်ဆိုတာ ဘာမှ ယုံမှားသံသယ မရှိပါနဲ့လို့ ပြည်သူလူထုနဲ့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို ပြောချင်ပါတယ်။

နေပြည်တော်တွင် စက်တင်ဘာ ၃၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း မူတူးဆေးဖိုး။ ဓာတ်ပုံ-စစ်ကောင်စီ

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ပျက်ပြယ်သွားပြီလို့ KNU ဘက်က မကြာခဏ ပြောဆိုတာမျိုး ရှိတယ်။ ဘယ်လိုမျိုး အချက်အလက်အပေါ်မှာ မူတည်ပြီး စာချုပ်ပျက်ပြယ်ပြီးလို့ ပြောဆိုတာလဲခင်ဗျာ။

ကျွန်တော်တို့ သဘောတူထားတာက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုပေမဲ့ အဲ့ဒါနဲ့ မလုံလောက်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ ပါတယ်၊ အဲ့ဒီသဘောတူညီချက်တွေက ကျွန်တော်တို့ တစ်ဖွဲ့တည်းနဲ့ သဘောတူတာမဟုတ်ဘူး။ ကျွန်တော်တို့ရယ် စစ်တပ်ရယ် အစိုးရရယ် တခြားအဖွဲ့တွေဖြစ်တဲ့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ အကုန်ပါတယ်။ အဲ့လိုမျိုး လက်မှတ်ထိုးထားတာ ဖြစ်တဲ့အခါကျတော့ နိုင်ငံတကာမှာ လုပ်ရိုးလုပ်စဉ်အတိုင်းဆို အဲဒီလိုမျိုး သဘောတူညီချက်တွေကို တစ်ဖက်ဖက်က ချိုးဖောက်ရင် NCA က အခန်းတိုင်း အခန်းတိုင်းမှာ လိုက်နာရမယ့်ဟာတွေပဲ ရေးထားတာ၊ အထူးသဖြင့် NCA အခန်း (၁) ဆိုရင် စာချုပ်ရဲ့ နှလုံးသားပဲ ဖြစ်တယ်ဆိုတာ ထပ်ခါထပ်ခါ ပြောဖူးပါတယ်။ အဲ့ဒီအခန်း (၁) က ဘာကို ပြောထားလဲဆိုတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်၊ နိုင်ငံရေးယဉ်ကျေးမှုအသစ်နဲ့ သွားမယ်ဆိုတာကို စစ်ခေါင်းဆောင်ကိုယ်တိုင်က လက်မှတ်ရေးထိုးထားတယ်ဆိုပေမဲ့ သူကိုယ်တိုင် ဂရုမစိုက်ဘဲ ချိုးဖောက်ပြီးတော့ အကြမ်းနည်းနဲ့ အာဏာသိမ်းလိုက်တယ်။ အကြမ်းနည်းနဲ့ ဖြေရှင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့ နားလည်တာက ဘာလဲဆိုတော့ သဘောတူညီထားတဲ့အချက် အားလုံးဟာ တစ်ဦးတစ်ယောက်က သော်လည်းကောင်း အဖွဲ့အစည်းတစ်ခုကသော်လည်းကောင်း ချိုးဖောက်လိုက်တဲ့အခါမှာ အဲ့ဒီသဘောတူညီထားတဲ့ စာချုပ်စာတမ်းက ပျက်ပြယ်သွားပြီဗျ။ 

ဒီလိုမျိုး NCA စာချုပ် ပျက်ပြယ်ကြောင်း KNU ဘက်က နှုတ်အားဖြင့် ပြောဆိုတယ်။ တရားဝင် စာထုတ်ပြန်တာမျိုး မရှိဘူးဆိုပြီး ထောက်ပြကြတာတွေကိုလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ကိစ္စရပ်တိုင်း ကိစ္စရပ်တိုင်းကို ကျွန်တော်တို့က ထပြီးတော့ ထုတ်ပြန်ကြေညာချက် ထုတ်ဖို့ဆိုတာ ဒါ မလိုအပ်တဲ့ဟာတွေ အထူးသဖြင့် ကျွန်တော် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ နေ့စဉ်နေ့တိုင်းလိုပဲ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အထူးသဖြင့် တရားမဝင်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီ သူကိုယ်တိုင်လည်း တရားမဝင်တော့ဘူး။ ဒီစာချုပ်စာတမ်းကလည်း ချိုးဖောက်ခံရတဲ့အခါ တရားမဝင်တော့ဘူးဆိုတာ နေ့တိုင်းလိုလို ထုတ်ပြောနေတဲ့ကိစ္စပဲ ဖြစ်တယ်။ ကျွန်တော်ပြောနေတာ ကျွန်တော်တစ်ဦးတစ်ယောက်ရဲ့ သဘောထားမဟုတ်ဘူး။ ကျွန်တော်တို့အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ပြောနေတာ ဖြစ်တဲ့အတွက် စာတစ်တန်ပေတစ်တန်နဲ့ ထုတ်ပြန်ပြီးတော့ ကြေညာချက်ထုတ်ရမယ်ဆိုတာ လိုကောလိုအပ်သေးလားလို့ ပြောချင်တယ်။ စာချုပ်စာတမ်းတစ်ခုကို ဒီလို ဖောက်လွှဲဖောက်ပြန် ချိုးဖောက်နေတဲ့အခါကျတော့ ဒီစာချုပ်က ပျက်ပြယ်သွားပြီဆိုတာ ကျွန်တော်တို့ နားလည်တယ်၊ နိုင်ငံတကာကလည်း နားလည်တယ်။ ဒါကြောင့် ကျွန်တော်တို့ မထုတ်ပြန်တာ ဖြစ်တယ်၊ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာလည်း ကျွန်တော်တို့ အထွေထွေအတွင်းရေးမှူးကိုယ်တိုင် တရားဝင်သတင်းစာရှင်းလင်းပွဲမှာ တစ်ကမ္ဘာလုံးကို ပြောလိုက်ပြီဆိုတော့ စာတွေ ဘာတွေ ထုတ်ပြန်ဖို့ မလိုတော့ပါဘူး၊ ဒါက ပြည့်စုံနေတာထက် ပိုတောင် ပိုပါသေးတယ်လို့ ပြောချင်ပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကြောင့် မီးလောင်ပျက်စီးနေသည့် ကျေးရွာတစ်ရွာကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – KNU)

စစ်ကောင်စီက NCA စာချုပ်ကို ပါးစပ်ဖျားက မချဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးချင်ပါတယ်ဆိုပြီး ပြောနေတာမျိုးရှိတယ်။ တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာတွေဖွင့်ပြီး သတ်ဖြတ်နေတာမျိုးရှိတယ် ဆိုတော့ စစ်ကောင်စီရဲ့ သဘောထားအမှန်က ဘာဖြစ်နိုင်မလဲခင်ဗျာ။

သူတို့ရဲ့ သဘောထားအမှန်က တကယ့်အဖျက်သမားသက်သက်ပဲလို့ ကျွန်တော်တို့ မြင်နေရပါပြီ၊ ငြိမ်းချမ်းရေးစကားကို တဖွဖွပြောတယ်ဆိုပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ တိုင်းသူပြည်သားကို ရန်သူသဖွယ် ဆက်ဆံတယ်။ တိုင်းပြည်ကိုလည်း သူတို့အတွက် အသုံးချခံပစ္စည်းတစ်ခုလိုပဲ သဘောထားပြီးတော့ လုပ်ဆောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ဒါကြောင့်မို့လို့ သူတို့ပြောတာ တစ်ခုမှ အဓိပ္ပာယ် မရှိပါဘူး။

အာဏာသိမ်းပြီးကာစ အချိန်တုန်းက တပ်မဟာ ၅ မဲဝိုင်ဒေသမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ လေးကေ့ကော်လိုမျိုး KNUရဲ့ ငြိမ်းချမ်းရေးအထိမ်းအမှတ်မြို့ထဲကို စစ်ကြောင်းထိုး ဝင်လာတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ ဒီလိုမျိုး လုပ်ဆောင်ခဲ့တဲ့အပေါ်မှာရော KNU အနေနဲ့ ဘယ်လိုမျိုး ပြောချင်သလဲ။

ငြိမ်းချမ်းရေးဆိုတာ ပြောလိုက်တဲ့အခါတိုင်းမှာ ကျွန်တော်တို့ တိုင်းပြည်ဟာ ပြဿနာပေါင်းစုံနဲ့ တစ်ယောက်နဲ့တစ်ယောက် မယုံမသင်္ကာဖြစ်နေတာ နှစ်တော်တော်ကြာခဲ့ပြီလေ။ အဲ့ဒါကြောင့် ယုံကြည်မှုကို သေသေချာချာ ပြန်တည်ဆောက်ဖို့ လိုပါတယ်။ ဒါပေမဲ့ တစ်ဖက်က ငြိမ်းချမ်းရေးပြောပြီး တစ်ဖက်မှာ ထိုးစစ်ဆင်လာတယ်။ ပြည်သူလူထုကို တောက်လျှောက်သတ်ဖြတ်နေတဲ့အခါမှာ ဒီယုံကြည်မှုက ဘယ်လိုမှကို တည်ဆောက်လို့မရဘူး။ ဒီနေ့ဒီအခါဆို အဆိုးဆုံးအခြေအနေကို ရောက်သွားပါပြီ။ အဲ့ဒါကြောင့် မင်းအောင်လှိုင်ကိုယ်တိုင်ပြောတဲ့ ငြိမ်းချမ်းရေးစကားဆို ဘယ်သူမှ မယုံတော့ဘူး။ ကျွန်တော်တို့ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုဟာ ဘာမှ အရာမထင်ဘဲ နောက်ဆုံးကျ လုံးဝ ပျက်ပြားသွားပြီးတော့မှ တကယ့်အနိမ့်ဆုံးအဆင့်ကို ရောက်သွားပြီဆိုတာပဲ ပြောချင်တယ်။

နေပြည်တော်တွင် ၂၀၁၅ ခုနှစ်က ပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနား။ (ဓာတ်ပုံ – EPA)

KNU အနေနဲ့ အရင်က NCA ထိုးခဲ့ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ‌တွေမှာ တက်ရောက်ဆွေးနွေးခဲ့တယ်။ အဲ့ဒီအချိန်မှာ ဆွေးနွေးပြောဆိုတာတွေက အမှန်တကယ် အကျိုးရှိခဲ့ရဲ့လား။

ကျွန်တော်တို့အနေနဲ့ တကယ်လေးလေးစားစားနဲ့ အချိန်တွေပေး ကျွန်တော်တို့မှာ ရှိတဲ့ စွမ်းအားတွေ ဉာဏ်စွမ်းတွေနဲ့ အကုန်လုံးပုံအောပြီးတော့ ပေးဆပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှ အကျိုးကျေးဇူးမရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ နိုင်ငံရေးသဘောတူညီချက်တို့ ဘာတို့က ထားပါတော့ နည်းနည်းတော့ အလှမ်းဝေးပါသေးတယ်။ ကျွန်တော်တို့ ရလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက်တောင် သဘောတူညီချက်တွေကို သူတို့ဘက်က တစ်ချက်မှ မလိုက်နာခဲ့ဘူး။ ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ အုပ်ချုပ်နယ်မြေထဲမှာကိုပဲ ကျူးကျော်လာပြီးတော့ ကားလမ်းတွေ လာဖောက်တယ်။ ကျွန်တော်တို့ တားမြစ်ခဲ့ပါတယ်၊ အဲ့ဒါလည်း ဂရုမစိုက်ဘဲ ဖောက်နေတဲ့အခါကျတော့ အာဏာမသိမ်းခင်ကတည်းက ကျွန်တော်တို့ တပ်မဟာ ၃၊ တပ်မဟာ ၅ တို့ဘက်မှာ တိုက်ပွဲက ခဏခဏဖြစ်နေတယ်။ အဲ့ဒါတွေကြောင့် ဘာအကျိုးရလဒ်မှ မရခဲ့ဘူးဆိုတာ ပြောရမှာပါပဲ။

အရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလို ကိစ္စရပ်မျိုးတွေ ဆွေးနွေးခွင့်မရခဲ့ဘူးလို့ သိရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဒို့အနေနဲ့ ပြောစရာများ ရှိမလားခင်ဗျာ။

ကျွန်တော်တို့ စာချုပ်မှာ ချုပ်ဆိုထားတဲ့အတိုင်းဆို တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီနဲ့ တည်ဆောက်ပါမယ် ဆိုပြီးတော့ အားလုံး သဘောတူထားကြတာပဲလေ။ ဒါပေမဲ့ လက်တွေ့မှာ ဆွေးနွေးလာတဲ့အခါကျတော့ ဘာတွေကြုံရလဲဆိုတော့ ပြည်ထောင်စုကို တည်ဆောက်ပြီဆိုတော့ ပြည်ထောင်စုလုံခြုံရေးအတွက် လိုအပ်တဲ့ တပ်ကတော့ ရှိရမှာပဲလေ။ အထူးသဖြင့် လုံခြုံရေးကဏ္ဍဆွေးနွေးပွဲတွေမှာဆိုရင် ကျွန်တော်ကိုယ်တိုင် အဲ့ဒီမှာ ပါခဲ့တာပဲ။ ဘာတွေကြုံခဲ့ရလဲဆိုတော့ ကျွန်တော်တို့ဘက်ကို အတင်းကို ဖိအားပေးပြီးတော့ ကျွန်တော်တို့ကို တစ်ခုတည်းသော တပ်မတော်ကို လက်ခံရမယ်ဆိုပြီးတော့ ဆွေးနွေးခိုင်းတာမျိုး ရှိပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ဟာက လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုကို လုပ်မယ်ဆိုရင် ခင်ဗျားတို့ EAO တွေပဲ လုပ်ရမယ်၊ ငါတို့ ဘာမှ လုပ်စရာမလိုဘူးဆိုပြီး အထက်စီးနဲ့ တောက်လျှောက်ဆက်ဆံခံနေရတဲ့ အနေအထားမျိုးလည်း ရှိနေပါတယ်။ ဆိုလိုတာကဗျာ ကျွန်တော်တို့ကို လက်အောက်ခံသဘောမျိုးနဲ့ သွတ်သွင်းမယ်၊ သူ့လက်အောက်မှာ ရှိနေတဲ့ BGF (နယ်ခြားစောင့်တပ်) အနေအထားထက်ပိုပြီး မဆက်ဆံချင်ဘူးဆိုတာ ဆွေးနွေးပွဲတွေကနေပဲ သိလာရတယ်၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့ဆိုတာ ပြောမနေပါနဲ့တော့၊ ပိုပြီးတော့ အလှမ်းဝေးပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး စစ်ရေးအရ မဟာဗျူဟာကျသည့် လက်ခတ်တောင် စစ်ကောင်စီစခန်းကို ဇူလိုင်လမှစ၍ ယနေ့တိုင် တော်လှန်ရေးအဖွဲ့က သိမ်းပိုက်တပ်စွဲထားသည်။ (ဓာတ်ပုံ –   KNU)

ဖြည့်စွက်ပြောလိုတာမျိုး ရှိမလားခင်ဗျာ။

ဒီကနေ့ ကျွန်တော်တို့ ချီတက်နေတဲ့ လမ်းကြောင်းဟာ ဘယ်ကို ရောက်မလဲဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်တယ်၊ စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆို ပြုတ်ကျရေးအတွက်ပဲ ဖြစ်တယ်။ ဒီလို မပြုတ်ကျမချင်း ထိုင်နေပြီးတော့ အာဏာရှင်နဲ့ သွားဆွေးနွေးရင် ဘာအဖြေမှ မထွက်ဘူး။ အဲ့ဒါကြောင့် ဒီစနစ်ပြုတ်ကျရေးအတွက် ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်သွားရမယ်။ နိုင်ငံရေးအရရော စစ်ရေးကဏ္ဍရော စီးပွားရေးပိတ်ဆို့မှုရော နိုင်ငံတကာဆက်ဆံရေးအရရော အကုန်လုံး ဝိုင်းဝန်း ပိတ်ဆို့ပြီးတော့ လူထုရဲ့ အုံကြွတော်လှန်မှု အကုန်ပေါင်းစပ်ပြီးတော့ ဟန်ချက်ညီညီနဲ့ တိုက်ပွဲဝင်မှသာလျှင် ဒီစနစ်က ပျက်စီးသွားမယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button