သတင်း

ပုဏ္ဏားကျွန်းပေါက်ကွဲမှုကြောင့် စစ်ရှောင်ကလေးတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယမန်နေ့ (အောက်တိုဘာ ၈) မွန်းလွဲက စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးကာ အခြားကလေးနှစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် အရေးပေါ်ဆေးကုသမှုခံယူနေရသည်။

ယမန်နှစ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့၏ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ယိုးတရုပ်ရွာနှင့် တစ်မိုင်ခန့် ဝေးကွာသည့် ရထားဘူတာအနီး စစ်ဘေးရှောင် ၂၀၀ ခန့် ခိုလှုံနေကြရာ ထိုစခန်းမှ ကလေးသုံးဦး ဆော့ကစားနေစဉ် ထိုသို့ ပေါက်ကွဲခြင်း ဖြစ်သည်။

သေဆုံးသူမှာ ၁၀ နှစ်သားဖြစ်သည်၊ ဒဏ်ရာရသူတို့မှာ ၆ နှစ်အရွယ်များဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးအောင်မြင့်က ပြောသည်။

“နေတိုးဟိန်းကတော့ ဒဏ်ရာပြင်းထန်ပြီးတော့ ဆေးရုံအရောက်မှာ သေသွားတာ။ မျိုးချစ်ဦးမှာတော့ ခေါင်းတွေ လက်တွေမှာ ဒဏ်ရာတွေရသွားလို့ ယိုးတရုပ်ဆေးရုံမှာပဲ ဆေးကုနေတယ်။ မျိုးဇော်လင်းမှာတော့ ခြေတွေမှာလည်း ဒဏ်ရာရတယ်၊ ပြီးတော့ ယောကျ်ားအင်္ဂါမှာလည်း ဒဏ်ရာတွေရထားလို့ စစ်တွေဆေးရုံကို ပို့လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

မည်သည့်လက်နက်အမျိုးအစား ပေါက်ကွဲခြင်း ဖြစ်ကြောင်း မသိရသေးပေ။

အမည်မဖော်လိုသည့် စစ်ဘေးရှောင်များ၏ အဆိုအရ ၂၀၂၂ သြဂုတ်မှ နိုဝင်ဘာအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကာလက အဆိုပါ ရထားဘူတာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားများ၏ ကျန်ရစ်ခဲ့သည့် စစ်ကျန်လက်နက်များဖြစ်သည်ဟု စစ်ဘေးရှောင်များက ခန့်မှန်းကြသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။

“ပြောချင်တာကတော့ ဒီမှာနေရတာ ကြောက်ထက်ဝက်၊ လန့်ထက်ဝက်နဲ့ နေရတယ်။ တခြားနေရာတွေမှာလည်း အဲဒီလိုပစ္စည်းတွေ ရှိနိုင်သေးတယ်။ ပြီးတော့ ကလေးတွေအတွက်လည်း စိုးရိမ်ရတယ်။ မိဘတွေကလည်း စစ်ဘေးရှောင်ဆိုတော့ စားဝတ်နေရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရတော့ သားသမီးတွေကို အချိန်တိုင်း ကြည့်ဖို့မရဘူး။ ဒါကြောင့် ကလေးတွေ အခုလို ဖြစ်သွားမှာလည်း စိုးရိမ်ရတယ်” ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ခြေထောက်ဒဏ်ရာရထားသော အသက် ၆ နှစ်အရွယ် မျိုးဇော်လင်း။ (ဓာတ်ပုံ-ပေးပို့)

ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါ၊ ချောင်းတူး စသည့် ကျေးရွာများမှ ထိုစစ်ဘေးရှောင်များသည် ၎င်းတို့ဒေသတွင် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သကဲ့သို့ မြေမြှုပ်မိုင်းအန္တရာယ်များကိုလည်း စိုးရိမ်ကြောက်လန့်၍ နေရပ်မပြန်ရဲကြသူများ ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ယာယီ အပစ်ရပ်ခဲ့ကြသည်။

အပစ်ရပ်ကာလအစောပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမတစ်လျှောက် မိုင်းရှင်းလင်းခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည့် အဓိကနေရာများကို ရှာဖွေရှင်းလင်းခဲ့ခြင်း မရှိပေ။

ထိုမိုင်းရှင်းလင်းမှုမှာ အလုပ်မဖြစ်ဘဲ ဟန်ပြအဆင့်သာဖြစ်ခဲ့ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ထွန်းက မှတ်ချက်ပေးသည်။

“သူတို့ (စစ်ကောင်စီ) နေခဲ့တဲ့စခန်း၊ ပတ်ဝန်းကျင်မှာ မိုင်းမရှိလို့ မရှိဘူး။ အမြဲတမ်းရှိတယ်။ နွားရှာဖို့ သွားတဲ့သူ၊ လူကို မထိရင် တိရစ္ဆာန်ကို ထိတာပဲ။ အဲဒါကြောင့် စစ်ကောင်စီက စခန်းချနေခဲ့တဲ့ နေရာတိုင်း နေရာတိုင်းမှာ မိုင်းရှင်းလင်းရေး လုပ်သင့်တယ်လို့ ပြောချင်တယ်” ဟု ဦးမြတ်ထွန်းက ဆိုသည်။

စစ်ကောင်စီတပ်နှင့် နီးစပ်သည့် နေရာများ၊ တပ်စွဲစခန်းချထားခဲ့သည့် နေရာများ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို့ လုံးဝမသွားကြရန် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၂၇ သတင်းစာရှင်းလင်းပွဲတွင် ဒေသခံပြည်သူများကို သတိပေးခဲ့သည်။

အလားတူ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း မိုင်းအန္တရာယ်သတင်းပေးမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်ရန်လည်း AA က တိုက်တွန်းခဲ့သည်။

၂၀၁၈ နှစ်ကုန်မှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအတွင်း ကြွင်းကျန်သော စစ်ကျန်လက်နက်ပေါက်ကွဲသဖြင့် ကလေးများ၊ အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုအများအပြား ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button