စုံစမ်းဖော်ထုတ်ရေးသားမှုသတင်း

NLD အမတ်ကို တိုင်ကြားရန် ပြည်ခိုင်ဖြိုးနှင့် နီးစပ်သူက ရွာသားများကို စည်းရုံးခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်ကို လူစုလူဝေးပြုလုပ်မှုဖြင့် တိုင်ကြားရာတွင် နောက်ကွယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါဝင်ပတ်သက်နေပြီး တိုင်ကြားစာတွင် လက်မှတ်တုများ ပါဝင်နေသည်ဟု တိုင်ကြားသူစာရင်းတွင် ထည့်သွင်းခံရသူများက ပြောကြားသည်။ 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း (၃) ကျေးရွာသို့ ဩဂုတ် ၁၅ တွင် နိုင်ငံတော်ထောက်ပံ့ငွေ လာရောက်ပေးအပ်သည့် NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို ကိုဗစ်ကာလအတွင်း လူစုလူဝေးပြုလုပ်မှုဖြင့်တိုင်ကြားရန် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ရုံးသို့ ခေါ်ယူစည်းရုံးခဲ့ကြောင်း အဆိုပါကျေးရွာသားများက ပြောသည်။ 

တိုင်ကြားသူသည် ကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ စစ်မှုထမ်းဟောင်းအငြိမ်းစား ဦးကျော်ကျော်ဆိုသူဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ ကျေးရွာသား ၁၀၁ ဦး၏ လက်မှတ်အသုံးပြုထားသည့် အဆိုပါတိုင်ကြားစာသည် လိပ်မူတိုင်ကြားခြင်းခံရသည့် ဌာနများကို ရောက်ရှိခြင်းရှိမရှိ မသိရသေးပေ။ 

ထိုတိုင်ကြားစာမိတ္တူကို ဩဂုတ် ၁၇ ရက်စွဲဖြင့် လက်ခံရရှိထားကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးအောင်စိုးဝင်းက ပြောသည်။ 

ထိုသို့တိုင်ကြားခံရသည်ကို ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူးမှတဆင့် သိရှိထားကြောင်း တိုင်ကြားခံရသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက အတည်ပြုသည်။ “သူ့ကို (ဒုအုပ်ချုပ်ရေးမှူး) မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပို့လာတာလို့ပြောတယ်” ဟု ဦးသန့်ဇင်ထွန်းက ဆိုသည်။
 

တိုင်စာမှာ ဘာတွေပါလဲ

“စိုက်ခင်း (၃) ကျေးရွာတွင် ဦးသန့်ဇင်ထွန်း ထောက်ပံ့ငွေပေးအပ်စဉ် လူ ၂၀၀ ခန့် လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်ရာရောက်နေကြောင်း အခိုင်အမာတွေ့ရှိရသည့်အတွက် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်” ဟု တိုင်စာတွင် ဖော်ပြထားသည်။

ဦးသန့်ဇင်ထွန်းသည် နိုင်ငံတော်ငွေဖြင့် မဲဆွယ်စည်းရုံးသည့်သဘောဆောင်နေကြောင်း၊ ဖြစ်စဉ်ကို စိစစ်အရေးယူပေးနိုင်ပါရန် ကျေးရွာလူထုများကိုယ်တိုင် စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားအပ်ပါသည်ဟုလည်း အဆိုပါတိုင်စာတွင် ရေးသားဖော်ပြထားသည်။ 

တိုင်စာနှင့်ပူးတွဲလျက် စာနှစ်မျက်နှာရှိ ‘ကိုယ်တိုင်ပါဝင်တိုင်ကြားသူများ၏ အမည်နှင့်လက်မှတ်များ’ ခေါင်းစဉ်အောက်တွင် လူ ၁၀၁ ဦး၏ အမည်နှင့် လက်မှတ်များထည့်သွင်းဖော်ပြထားသည်။ 
 

Myanmar Nowက ရရှိထားသော တိုင်ကြားရသည့် အကြောင်းရင်းပါဝင်သည့် စာမျက်နှာ

စိုက်ခင်း (၃) ရွာသားများ ဖြေရှင်းချက် 

အဆိုပါတိုင်ကြားစာနှင့် ပတ်သက်၍ စိုက်ခင်း (၃) ကျေးရွာကို Myanmar Now က သွားရောက်စုံစမ်းခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၏ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဝင်လိုက်ထွက်လိုက်ရှိခဲ့သည့် လူဦးရေမှာ ၅၀၊ ၆၀ ထက်မပိုဟု ရာအိမ်မှူးဦးဌေးကျော်က ပြောသည်။ 

ထို့အတူ ဦးသန့်ဇင်ထွန်း မဲဆွယ်သည့်စကားထည့်ပြောလျှင် ကျေးရွာလိုအပ်ချက်များတောင်းဆိုရန် ရပ်မိရပ်ဖများက တိုင်ပင်ထားခဲ့သော်လည်း အခွင့်အရေးမရခဲ့ဟု ၎င်းက ပြောသည်။ 

“သူ (ဦးသန့်စင်ထွန်း) က ဘာမှ (မဲဆွယ်စကား) မပြောဘူးလေ။ ဘာမှမပြောတော့ ကျနော်တို့လည်း ဘာမှမမေးတော့ဘူး”ဟု ဦးဌေးကျော်က ဆိုသည်။
 

စိုက်ခင်း (၃) ကျေးရွာတွင် ဩဂုတ် ၁၅ရက်က ထောက်ပံ့ငွေပေးအပ်နေစဉ်။ (ဓာတ်ပုံ –  ဌေးကျော်)

ဦးသန့်ဇင်ထွန်းအပေါ် ထိုသို့တိုင်ကြားမည်ကို တိုင်စာပါရက်စွဲဖြစ်သည့် ဩဂုတ် ၁၇ ရက်တွင်မှ ကျေးရွာရပ်မိရပ်ဖများ သိရှိခဲ့သည်ဟု ဆိုသည်။ 

စိုက်ခင်း(၃) ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်ကျော်က ထိုနေ့ (ဩဂုတ် ၁၇) နံနက်ပိုင်းတွင် အခြားရပ်မိရပ်ဖများနှင့် ရွာသားများကို ဒက္ခိဏသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ခေါ်ယူကာ တိုင်စာနှင့်ပတ်သက်၍ အသိပေးခဲ့သည်ဟု ဆိုသည်။ 

ထိုသို့တိုင်တန်းမည်ကို သဘောမတူကြောင်းပြောပြီး လက်မှတ်မထိုးဘဲ ပြန်ခဲ့ကြကြောင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ လိုက်ပါသွားခဲ့သည့် ရပ်မိရပ်မိသုံးဦးက Myanamr Now အတည်ပြုသည်။

“တိုင်ဖို့ပြောတော့ ကျွန်တော်တို့ကတော့ မတိုင်ဘူး။ စာဖတ်ကြည့်လိုက်တော့ တိုင်စာကြီး။ ကျော်ကျော် ငါတော့ မတိုင်ဘူးဆိုပြီး ဦးကြူစိန်ရယ်၊ ဦးအေးလွင်ရယ် ကျွန်တော်ရယ် (ရပ်မိရပ်ဖများ) ချက်ချင်းတန်းပြန်လာတယ်။ ကြံ့ခိုင်ရေးကနေ ဖုန်းနဲ့ ကျော်ကျော် လှမ်းခေါ်တာ” ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်ခက ပြောသည်။

ဦးတင်ခနှင့်အတူ ပြည်ခိုင်ဖြိုးရုံးသို့ သွားရောက်ခဲ့သူ ဦးအေးလွင်ကလည်း “ဘယ်သူက လက်မှတ်အတု ထိုးပေးလိုက်လဲတော့ မသိဘူး” ဟု မှတ်ချက်ပြုသည်။ 

ပြည်ခိုင်ဖြိုးရုံးသို့ လိုက်ပါသွားသူ နောက်ထပ်ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးကြူစိန်ကလည်း ယင်းသို့ မရိုးဖြောင့်သော လုပ်ရပ်အပေါ် ခံပြင်းသည်ဟု ဆိုသည်။ 

“ရပ်ရွာကလည်း သဘောတူမှာ မဟုတ်ဘူးပေါ့။ အဲ့ဒီတော့ ငါတို့ကလည်း ရပ်ရွာနဲ့ပတ်သက်လို့ ထိုးမပေးနိုင်ဘူးပေါ့။ အဲဒါနဲ့ သူ(ဦးကျော်ကျော်)က အေးတဲ့၊ ရတယ်၊ ရတယ်တဲ့ဆိုတော့ ပြန်မယ်ဆိုပြီး ပြန်လာကြတာ။ မထိုးချင်လို့ ပြန်လာတာလေ”ဟု ဦးကြူစိန်က ပြောသည်။ 
 

ပြည်ခိုင်ဖြိုးမြို့နယ်ရုံးသို့ သွားရောက်ခဲ့သည့် တိုင်စာကို သဘောမတူကြောင်းငြင်းဆိုခဲ့သည့် ရပ်မိရပ်ဖ ဦးကြူစိန်(ဘယ်)၊ ဦးတင်ခ(ညာ)။ (ဓာတ်ပုံ –  ဉာဏ်လှိုင်လင်း/ Myanmar Now)

လက်မှတ်ထိုးရန် ငွေဖြင့်မက်လုံးပေးစည်းရုံးခဲ့ 

စိုက်ခင်း (၃) ကျေးရွာ၌ Myanmar Now က တွေ့ခဲ့ရသူများတွင် ဩဂုတ် ၁၈ တွင် ဦးကျော်ကျော် (မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရပ်မိရပ်ဖများကို ခေါ်ယူခဲ့သူ) ခေါ်ယူသဖြင့် ရဲစခန်းနှင့် တရားရုံးများသို့ လိုက်ပါသွားခဲ့သူ မစန္ဒာအောင်နှင့် ဒေါ်ခင်မာတို့လည်း ပါဝင်သည်။

ထိုသို့လိုက်ပါသွားခဲ့သော်လည်း မည်သည့်အကြောင်းအရာမှန်း မသိခဲ့ဟု ၎င်းတို့က ပြောသည်။ 

“အဲ့ဒီနေ့က စန္ဒာအောင်တဲ့ လက်မှတ်ထိုးတဲ့။ ဦးကျော်လို့ သမီးဘာလို့ လက်မှတ်ထိုးရမှာလဲလို့။ ဒီဟာက ဘာလက်မှတ်တုန်းလို့ဆိုတော့ လက်မှတ်ထိုးလို့ရှိရင် လေးသိန်းခုနှစ်သောင်းရမှာတဲ့။ နင်တို့ လင်မယားနှစ်ယောက်ဆိုရင် ၉၄၀,၀၀၀ (ကိုးသိန်းလေးသောင်း) ရမှာ မလိုချင်ဘူးလားတဲ့။ လေးသိန်းခုနှစ်သောင်းရမှာဆိုရင် လက်မှတ်တစ်ခါမဟုတ်ဘူးလို့။ ဆယ်ခါတောင်ထိုးတယ်လို့။ စကားကို အလွယ်ပြောလိုက်သေးတယ်” ဟု မစန္ဒာအောင်က ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်းကို ထိုသို့တိုင်ကြားမည်ဖြစ်ကြောင်း မသိရှိခဲ့ဘဲ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ခြင်းမရှိဟုလည်း မစန္ဒာအောင်က ပြောသည်။

ဒေါ်ခင်မာကလည်း အထက်ပါ ငွေပမာဏရမည်ဆို၍သာ လိုက်ပါသွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ခေါ်တော့ လိုက်သွားလိုက်တယ်။ ဘာမှန်းလည်း မသိဘူး။ ကားပေါ်နေခဲ့ဆိုလို့ ကားပေါ် စန္ဒာအောင်နဲ့ ထိုင်နေခဲ့တာ။ သူတို့တိုင်ထားတာကို ဘာမှ မသိဘူး”ဟု ဒေါ်ခင်မာက ပြောသည်။

မစန္ဒာအောင်နှင့် ဒေါ်ခင်မာတို့ နှစ်ဦးစလုံးမှာ ဦးကျော်ကျော်ပြောသည့်အတိုင်း လက်မှတ်ရေးထိုးခြင်း မရှိခဲ့သော်လည်း တိုင်စာတွင် ၎င်းတို့၏အမည်များပါဝင်နေပြီး လက်မှတ်မှာ အတုဖြစ်နေသည်ဟု ဆိုသည်။ 
 

မစန္ဒာအောင်နှင့် ဒေါ်ခင်မာ။ (ဓာတ်ပုံ –  မင်းမင်း/Myanmar Now)

လက်မှတ်တုများဖြစ်နေခြင်း 

စိုက်ခင်း (၃) ကျေးရွာတွင် Myanmar Now က တွေ့ခွင့်ရခဲ့သည့် အခြားရွာသူရွာသား ၁၅ ဦးကလည်း တိုင်စာ၌ ပါဝင်သည့်လက်မှတ်များမှာ ၎င်းတို့၏ ထိုးမြဲလက်မှတ်များ မဟုတ်ကြောင်း ပြောသည်။ 

၎င်းတို့၏ လက်မှတ်များနှင့် တိုင်စာပါလက်မှတ်များ မတူညီကြောင်းကို စာရွက်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုးပြကြသည်။ တိုင်စာပါ အခြားမိသားစုဝင်များ၏ လက်မှတ်များမှာလည်း အလွဲသုံးစား လုပ်ခံရခြင်းသာဖြစ်သည်ဟု ဆိုသည်။ 
 

တိုင်စာပါလက်မှတ်နှင့် ၎င်းတို့ထိုးမြဲလက်မှတ် နှိုင်းယှဉ်ဖော်ပြချက်တစ်ခု။ (ဓာတ်ပုံ –  Myanmar Now)

“ကျွန်တော်တို့က တိုင်တာပြုတာ မရှိဘူး။ မတိုင်ဘူး။ မတိုင်ဘူးဆိုတာ ကိုယ့်ရွာကောင်းကျိုး လာလုပ်တဲ့သူလေ။ တိုင်တာ ကျွန်တော်တို့ မဟုတ်ဘူး။ ကျွန်တော်တို့ လက်မှတ်ထိုးအတုတွေနဲ့ တိုင်တာ။ ကျွန်တော့်လက်မှတ် လုံးဝမဟုတ်ဘူး” ဟု ရာအိမ်မှူး ဦးဌေးကျော်က ပြောသည်။

တိုင်စာအတွက် ကျေးရွာရပ်မိရပ်ဖများကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ခေါ်ယူခဲ့သူ ဦးကျော်ကျော်ကို ဆက်သွယ်မေးမြန်းရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်းကို တိုင်ကြားခြင်းမှာ ၎င်း၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ 

သို့သော် တိုင်ကြားစာပါ လူ ၁၀၁ ဦး၏ လက်မှတ်များနှင့်ပတ်သက်၍ သူမသိကြောင်း ဦးကျော်ကျော်က ပြောသည်။ သူသည် ရပ်မိရပ်ဖတစ်ဦးဖြစ်ပြီး အငြိမ်းစားစစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကြောင်းပြောသော်လည်း ကျေးရွာသားများကို ပြည်ခိုင်ဖြိုးပါတီရုံးသို့ ခေါ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

“ကျွန်တော်တစ်ယောက်တည်းပဲ တိုင်ထားတာခင်ဗျ။ လူအများကြီးပါတာ ကျွန်တော်တိုင်ထားတာ မဟုတ်ပါဘူးခင်ဗျ၊ ကျွန်တော်မသိပါဘူးခင်ဗျ၊ ကျွန်တော်မသိဘူးဆိုတာ ဒီလက်မှတ်ထိုးတာတွေလည်း မသိဘူး” ဟု ဦးကျော်ကျော်က ပြောသည်။

သို့သော် အဆိုပါတိုင်စာကိစ္စကို ဦးဆောင်သူမှာ ဦးကျော်ကျော်ဖြစ်ကြောင်း စိုက်ခင်း (၃) ရွာသူရွာသားများက တထစ်ချ ယုံကြည်ထားကြသည်။

“ကျော်ကျော် ဦးဆောင်တာပါ။ ကျော်ကျော်ဦးဆောင်တယ်ဆိုတာ ကျွန်တော်ပြောတယ်။ သူက ကြံ့ခိုင်ရေးဖြစ်တယ်။ ပြီးတော့ ရပ်မိရပ်ဖထဲ သူ့ကို ထည့်ထားတာ” ဟု ကျေးရွာရာအိမ်မှူး ဦးဌေးကျော်က ဆိုသည်။

ထို့အပြင် တိုင်ကြားသူများ၏ အမည်စာရင်းတွင်လည်း ဦးကျော်ကျော်၏ အမည်နှင့် လက်မှတ်က အမှတ်စဉ် (၁) နေရာတွင် ပါရှိနေသည်။ 

အဆိုပါတိုင်ကြားစာနှင့် ပတ်သက်၍လည်းကောင်း၊ ဦးကျော်ကျော်နှင့် ပတ်သက်၍လည်းကောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်ကို ဆက်သွယ်မေးမြန်းရာတွင် မသိရှိကြောင်း ပြောသည်။ 

အဆိုပါဖြစ်စဉ်တွင် မရိုးဖြောင့်မှုများရှိနေသည်ဟု သုံးသပ်ပြီး မည်သူ့လက်ချက်ဖြစ်သည်ကို စုံစမ်းနေကြောင်း တိုင်ကြားခံရသူ ဦးသန့်ဇင်ထွန်းက ပြောသည်။ 

“တစ်ယောက်တည်းကနေ လက်မှတ်အတုတွေထိုးပြီး တိုင်ကြားတယ်ဆိုတာမျိုး တွေ့ရတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစိုက်ခင်း (၃) ကျေးရွာသည် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ပါဝင်နေပြီး NLD ပါတီ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်းနှင့် ပြည်ခိုင်ဖြိုးပါတီမှ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်ဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အဆိုပါမဲဆန္ဒနယ်မှပင် ယှဉ်ပြိုင်ခဲ့ကြပြီး ဦးသန့်စင်ထွန်းက ဆန္ဒမဲနှစ်ထောင်ကျော်ဖြင့် အနိုင်ရရှိခဲ့သည်။ 

တိုင်စာတွင် အမည်ပါမပါနှင့် ၎င်းတို့၏ ထိုးမြဲလက်မှတ်ဟုတ်မဟုတ် စစ်ဆေးနေသည့် ရွာသူရွာသားများ။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/ Myanmar Now)
တိုင်စာကိစ္စအပေါ် မကျေမနပ်ပြောဆိုနေကြသည့် ရွာသူရွာသားများ။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/ Myanmar Now)
ရွာသူရွာသားများ၏ လက်မှတ်တုများပါဝင်နေသည့် တိုင်စာပါစာမျက်နှာနှစ်ခု။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/ Myanmar Now)

Show More

Related Articles

Back to top button