မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ရွာတွင် ဖြစ်ပွားသည့် စက်တင်ဘာ ၁၈ ရက်နေ့ တိုက်ပွဲအတွင်း လက်နက်အများအပြား ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်က ရွာသားများ၊ ပျူစောထီးတပ်ဖွဲ့ဝင်များကို ရွာထဲတွင်ပင် စစ်ဆေးနေကြောင်း ဒေသခံများ၊ ကာကွယ်ရေးတပ်များထံမှ သတင်းရရှိသည်။
စစ်ဆေးခံနေရသူအရေအတွက် ၂၀၀ ခန့် ရှိနိုင်သည်ဟု သိရသည်။
ထိုရွာသည် လက်နက်ကြီးကျည်များထုတ်လုပ်သည့် အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၃) နှင့် စက်ရုံဝန်ထမ်းအိမ်ရာအနီးမှ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ရွာဖြစ်သည်။
စစ်တပ်က ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ရွာသားတချို့ကို စစ်သင်တန်းပေးကာ ပျူစောထီးဟု အရပ်စကားဖြင့် ခေါ်ကြသည့် ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့ပေးထားရာ စက်ရုံလုံခြုံရေးအတွက် အားထားရသည့် အင်အားစု ဖြစ်လာသည်။
မြောက်ပိုင်းရှိ ရွာခံပျူစောထီးနှင့် စစ်တပ်စခန်းချရာ ကင်းစခန်း တိုက်ခိုက်ခံရစဉ် ပျူစောထီး ၂ ဦး၊ စစ်သား ၁ ဦး သေဆုံးသွားသည်။
ပူးတွဲ စစ်ဆင်တိုက်ခိုက်သည့် ဂန့်ဂေါခရိုင် PDF တပ်ရင်း အမှတ် ၇၊ ၁၈၊ ၁၉ နှင့် အခြားမဟာမိတ်များက သေနတ် ၁၅ လက်နှင့် ခဲယမ်းများ ရရှိသွားသည်။
လက်နက်များမှာ ကာဘိုင် ၉ လက်နှင့် ဂရင်နာ သာမန်ရိုင်ဖယ် ၆ လက်တို့ ဖြစ်သည်။
ရင်ဆိုင်တိုက်ပွဲများတွင် ထိရောက်သည့် အပေါ့စား ပြောင်းတိုရိုင်ဖယ်ကာဘိုင်ကို ပျူစောထီးတပ်သားများ ကိုင်ဆောင်လေ့ရှိသည်။
စစ်ကောင်စီတပ်သည် ကာကွယ်ရေးပစ္စည်းစက်ရုံ အများအပြားရှိသော်လည်း လက်နက်ဆုံးရှုံးမှုကို တပ်သားဆုံးရှုံးမှုထက် ပိုမို အလေးအနက်ထားသည့်အဖွဲ့အဖြစ် ထင်ရှားသည်။
တော်လှန်ရေးအဖွဲ့များမှာ လက်နက်အင်အားနည်းပါးသဖြင့် သေနတ်နှင့် ကျည်များ သိမ်းနိုင်သည့် တိုက်ပွဲမျိုးကို မျှော်လင့်နေတတ်ကြသည်။
တိုက်ပွဲဖြစ်ပြီး သုံးရက်အကြာ စက်တင်ဘာ ၂၁ တွင် ရဟတ်ယာဉ်များဖြင့် ရောက်လာသည့် စစ်ကောင်စီလက်နက်ကိုင်တို့က ကန့်သတ်ရွာထဲ ဝင်လာခဲ့ပြီး ကျေးရွာအတွင်း အခွင့်မရှိဘဲ မည်သူမျှ အိမ်ပြင်မထွက်ရန် အမိန့်ထုတ်ကာ ပျူစောထီးများနှင့် ရွာသားများကို စစ်ဆေးနေသည်ဟု သိရကြောင်း ကျောမြို့ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။
“(အိမ်) အပြင်ထွက်တာနဲ့ သတ်မိန့်ပေးထားတယ်။ မာရှယ်လော ထုတ်ထားတယ်လို့ သတင်းရတယ်။ လောလောဆယ်တော့ ရွာသားတွေကို တစ်နေရာတည်းမှာ စုထားတဲ့ အနေအထားတော့ မဟုတ်ဘူး။ ခေါ်စစ်တာတော့ ရှိတယ်။ အများစုက သူ့အိမ်၊ ကိုယ်အိမ်မှာ နေလို့ရတဲ့ အနေအထားတော့ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။
ယခင်က ထိုရွာတွင် လူ ၅၀၀ ခန့် နေထိုင်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီက ရွာသားများကို ပျူစောထီးသင်တန်း မဖြစ်မနေတက်ရန် ဖိအားပေးသဖြင့် ထွက်ပြေးကြသည့် ရွာသားအရေအတွက် ၃၀၀ ခန့် ရှိကြောင်း၊ ရွာထဲ ကျန်ရစ်သူများထဲတွင်အမာခံပျူစောထီး ၂၅ ဦးခန့် ရှိကြောင်း ၎င်းက ပြောသည်။
“စခန်းကို ဝင်သိမ်းလိုက်တော့ ရွာထဲကနေ သတင်းပေးလို့ဆိုပြီး ရွာသားတွေကို အတင်းအကြပ် စစ်ဆေးတာတွေ လုပ်နေတာ။ ပြည်သူတွေအတွက် တော်တော်လေးစိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံအလယ်ပိုင်း စစ်ကောင်စီတပ်ကို ပြင်းထန်စွာ ခုခံတွန်းလှန်နေသည့် ဂန့်ဂေါဒေသရှိ ကပစ-၂၃ သည် မကြာခဏ ပစ်မှတ်ဖြစ်နေသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကပစ ၂၃ စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိကြောင်း ယောကာကွယ်ရေးတပ်-YDF က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁ နိုဝင်ဘာလအတွင်းကလည်း ကပစ ၂၃ အတွက် ရိက္ခာသယ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှင့် တပ်သားတို့ကို ပြည်သူ့တော်လှန်ရေးတပ် (PRA) က ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ဖမ်းခံရသူများ ထွက်ပြေးစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟုလည်း PRA က ဆိုသည်။
လက်နက်စက်ရုံနှင့် ဆက်စပ်သည့် သတင်းများကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)