ရခိုင်ပြည်နယ်မြောက်ပိုင်း မာန်အောင်မြို့တွင် နေထိုင်သော လုပ်ငန်းရှင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
အသက် ၅၀ ကျော်အရွယ် ဦးစည်သူ (ခ) ဦးခေါင်းဖြူကို နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဦးစည်သူကို ၁၈ ရက်နေ့ မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက လာဖမ်းသွားတာပါ။ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ အခု သူ့ကို ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သူက ဗမာလူမျိုးဆိုပေမဲ့ မာန်အောင်မှာ နေတာ ကြာပြီ။ မေဃသစ္စာ ဖုန်းရောင်းဆိုင်နဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း လုပ်တယ်။ သာရေးနာရေးတွေမှာလည်း ပါဝင်တဲ့သူဖြစ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ဆိုသည်။
ဦးစည်သူ ဖမ်းဆီးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ၎င်းမိသားစုဝင်များကို မေးမြန်းရန် ကြိုးပမ်းသော်လည်း လတ်တလောတွင် အဆက်အသွယ်မရသေးသလို စစ်ကောင်စီကလည်း ထိုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ယခုနှစ် သြဂုတ်အတွင်း စစ်ကောင်စီက မာန်အောင်၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်တို့မှ ဒေသခံ ၁၀ ဦးခန့်ကို အာဏာသိမ်းခြင်းကို ဆန့်ကျင်မှုသံသယဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။ တချို့မှာ ရခိုင်ပြည်နယ်တွင် မရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသည်။
၂၀၂၁ နှင့် ၂၀၂၂ အတွင်း ရက္ခိုင့်တပ်တော် (AA) အားကောင်းသော ရခိုင်ဒေသတွင် PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးထောင်ချခံရသူ ၂၀ ထက်မနည်း ရှိခဲ့ပြီး ထိုအထဲတွင် နိုင်ငံရေးသမားများ၊ အရပ်သားများ၊ ပရဟိတလုပ်ကိုင်သူများ ပါဝင်သည်။
၂၀၂၁ ခုနှစ် မာန်အောင်မြို့တွင် စစ်တပ်၏ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
ယမန်နှစ်အတွင်း ရခိုင်တွင် AA နှင့် တိုက်ပွဲပြင်းထန်ချိန်တွင်လည်း မာန်အောင်ကျွန်းပေါ်မှ ရွာတချို့တွင် ULA /AA နှင့် မပတ်သက်ရန်၊ ထောက်ခံခြင်း မပြုရန် စစ်ကောင်စီက သတိပေးခဲ့ပြီး ဆက်စပ်သည်ဟု ယူဆရသူတချို့ကိုလည်း အပြင်းအထန် ရှာဖွေခဲ့သည်။
PDF ကဲ့သို့ AA ဆက်စပ်သံသယဖြင့် ရခိုင်ဒေသခံ ရာဂဏန်းကို ဖမ်းဆီး၊ ထောင်ချမှုများ ရှိခဲ့ပြီး ပြန်မလွတ်သူ အများအပြား ရှိသေးကြောင်း AA ဘက်က ပြောထားသည်။
စစ်ကောင်စီသည် မကြာသေးခင် ရက်ပိုင်းက AA ဆက်စပ်သံသယဖြင့် အမ်းမြို့နယ်မှ အသက် ၄၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်တင်မြင့်ကို စက်တင်ဘာ ၁၃ တွင်လည်းကောင်း၊ စစ်တွေမြို့နယ်မှ ဒေသခံနှစ်ဦးကို စက်တင်ဘာ ၁၁ တွင်လည်းကောင်း ထောင် ၂ နှစ်စီ ချလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)