သတင်း

စစ်တပ်က ကသာဒေသခံ ၄ ဦးကို သတ်ပြီး အိမ်များကို မီးရှို့

ယမန်နေ့ (စက်တင်ဘာ ၁၈) ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများ ကသာမြို့တွင် တိုက်ခိုက်ခံရပြီးနောက် ကမ်းကပ်ကာ ဒေသခံ ၄ ဦးကို သတ်ဖြတ်သည့်အပြင် နေအိမ် ၃၇ လုံးကို မီးရှို့သွားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပကဖအဖွဲ့များက သင်္ဘော ၆ စီးကို ကသာမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တုတ်ကြီးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြသည်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနှင့် ပစ်ခတ်ခဲ့ရာ သင်္ဘောတချို့ ထိမှန်ခဲ့သည်ဟု သိရသည်။

သင်္ဘောများထဲမှ ၃ စီး တုတ်ကြီးရွာအနီးသို့ ကမ်းကပ်လာရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု ကသာ-ပကဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအပြီးတွင် တုတ်ကြီးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ကာ၊ ဒေသခံများကို သတ်ဖြတ်သွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများ မီးရှို့ခြင်းကြောင့် မီးလောင်နေသည့် တုတ်ကြီးရွာမှ နေအိမ်များကို စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

ရွာတွင် ထွက်ပြေးခြင်းမပြုသည့် အမျိုးသား ၄ ဦး ရှိရာ အသက် (၃၀) ဝန်းကျင်ရှိ ကိုရဲမောင်မောင်၊ ကိုကိုက်ကိုက်တို့ ပစ်သတ်ခံရသည်၊ အမည်နှင့် အသက်အရွယ် မသိရသေးသည့် ကျန် ၂ ဦး မီးရှို့သတ်ဖြတ်ခံရသည်ဟု သိရသည်။‌

“သူတို့ကို ထိသွားတော့ ရွာထဲကို ဝင်တာပေါ့၊ ရွာထဲမှာလည်း သတ်ခံရတဲ့ ပြည်သူ ၄ ယောက်က ပေါ့ပေါ့ဆဆပဲ နေကြမိတာပေါ့။ ပြည်သူအများစုကတော့ မရှိကြတော့ဘူး၊ ပြေးကြပြီ၊ အဲဒါ ရွာထဲဝင်တဲ့အခါ အဲဒီ ၄ ယောက်ကို သတ်ပစ်ခဲ့တာ” ဟု ကသာ-ပကဖအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မြေပြင်သတင်းတချို့အရ အသတ်ခံရသူ ၈ ဦးအထိ ရှိသည်ဟု သိထားရသော်လည်း အလောင်းများ ရှာမတွေ့သေးသည့်အတွက် ထိုအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကသာ-ပကဖ အဖွဲ့တာဝန်ရှိသူက ပြောသည်။

တုတ်ကြီးရွာအနီး တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် သင်္ဘော ၆ စီးလုံး မြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်လာသည်၊ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ရေနီရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးခဲ့ပြီး နွားတချို့ သေဆုံးခဲ့သည်ဟု သိရသည်။

“ဘုန်းကြီးကျောင်း ကျောင်းဆောင်မကြီးက အလျား ပေ ၅၀ လောက် ရှိမယ်၊ အဲဒါကြီးက တစ်ခါတည်းကို မီးလောင်သွားတာ၊ နွားတွေ သေတယ်၊ လူတွေရော ဘုန်းကြီးတွေရောက တအားကို ပစ်ခတ်နေကြတော့ မရှိတော့ဘူး၊ ပြေးကုန်ကြပြီ” ဟုလည်း ကသာ-ပကဖ အဖွဲ့ဝင် တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်သားများ မီးရှို့ခြင်းကြောင့် မီးလောင်နေသည့် ရေနီကျေးရွာ ဘုန်းကြီးကျောင်းကို စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

သင်္ဘောများ ကသာမှ ယနေ့နံနက် (စက်တင်ဘာ ၁၈ ရက်) ၇ နာရီတွင် စတင်ကာ ဆန်တက်လာသည့်နောက် တုတ်ကြီး၊ ရေနီ၊ မိုးတားစသည့် ဧရာဝတီမြစ်ကြောင်းဘေးရှိ ကျေးရွာများအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ကသာဒေသခံ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ကသာမြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုများ ရှိနေသည်ဟု သိရသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ထားသည့်အတွက် သတိနှင့် သွားလာလှုပ်ရှားနေကြရသည်ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။

သင်္ဘော ၆ စီးမှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဆန်တက်လာခြင်းဖြစ်သည်။ တွဲသင်္ဘော ၃ စီး၊ ခရီးသည်တင်သင်္ဘောတစ်စီးနှင့် စစ်သင်္ဘောနှစ်စီးတို့ ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်တွင် ထီးချိုင့်မြို့နယ် မြတောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် ဆက်လက်ထွက်ခွာလာခဲ့ရာ ထီးချိုင့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းနှစ်ခုမှာ အဆိုပါ သင်္ဘောများနှင့် လိုက်ပါသွားသည်ဟု သိရသည်။

ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်လာကြရာ စစ်ကိုင်းတိုင်းသည် အားကောင်းသည့် ဒေသတစ်ခုဖြစ်နေသည်။

စစ်ကိုင်း-ကချင်နယ်စပ်အနီးရှိ မြို့နယ်များဖြစ်သည့် ရွှေကူ၊ ကသာ၊ အင်းတော်၊ ဗန်းမောက် စသည့် မြို့နယ်များမှာ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေးကူညီမှုများကို ရရှိနေပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ခုခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button