သတင်း

NCA စာချုပ်အတိုင်း လုပ်ရန် KNU ဘားအံခရိုင်ဥက္ကဋ္ဌ စာထုတ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့်အခမ်းအနားကို လာမည့်လတွင် နေပြည်တော်၌ အကြီးအကျယ်ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေချိန်တွင် ထိုစာချုပ်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အလယ်အလတ်အဆင့်ရှိ ခေါင်းဆောင်တစ်ဦးက ထိုစာချုပ်ကို အခြေခံပြီး ဆောင်ရွက်သွားမည်ဟု စက်တင်ဘာ ၁၄ ရက်နေ့ နေ့စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။

KNU တပ်မဟာ (၇) ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မောင်ဧ လက်မှတ်ထိုးထားသည့် ထုတ်ပြန်ချက်တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်၊ နယ်မြေဒေသ တည်ငြိမ်ရေး ဆောင်ရွက်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်တို့အတွက် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အခြေခံပြီး ပြည်သူ့အကျိုးကို ရှေးရှု ဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

NCA စာချုပ်မှာ ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများရှေ့တွင် ချုပ်ဆိုထားသော စာချုပ်တစ်ရပ်လည်းဖြစ်ပြီး စာချုပ်ချုပ်ဆိုနိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာနိုင်ရေးမှာ KNU ၏ တစိုက်မတ်မတ် တောင်းဆိုချက်ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

KNU တပ်မဟာ ၇ ခေါင်းဆောင် ပဒိုစောအောင်မောင်ဧ (ဓာတ်ပုံ – KNU)

ထို့ပြင် KNU ၏ နိုင်ငံရေးရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အခြေခံသဘောထားများကို NCA စာချုပ်တွင် ထည့်သွင်းထားပြီး ဖြစ်သည်ဟု ဘားအံခရိုင် ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်က ဆိုသည်။ စစ်ကောင်စီ၏ သတင်းစာများကလည်း ထိုထုတ်ပြန်ချက်ကို စက်တင်ဘာ ၁၆ ရက်နေ့တွင် ထပ်ဆင့်ဖော်ပြထားကြသည်။

ခရိုင်ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ဗဟိုအဆင့်ခေါင်းဆောင်များ၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

KNU ၏ ဗဟိုခေါင်းဆောင်များက အပစ်ရပ် NCA စာချုပ်သည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားပြီးဖြစ်ကြောင်း သြဂုတ်လအတွင်းက ထုတ်ဖော်ပြောဆိုထားသည်။

NCA သဘောတူညီချက်များကို စစ်တပ်က ချိုးဖောက်ခြင်းဖြစ်ကြောင်း သြဂုတ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် KNU ခေါင်းဆောင်သစ်များ၏ ရက်တစ်ရာပြည့် သတင်းစာရှင်းလင်းပွဲတွင် အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားထားသည်။

“NCA နဲ့ ပတ်သက်လို့ ကျွန်တော်တို့ လိုက်နာစရာအကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်” ဟု စောတာဒိုမှုးက ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လတ်တလော ထွက်ပေါ်လာသော တပ်မဟာ (၇) ဘားအံခရိုင် ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဗဟိုက ပြန်လည် ရှင်းလင်းခြင်း မရှိသေးပေ။

အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွင် တပ်မဟာအရေအတွက် ၇ ခု ရှိပြီး တပ်မဟာ (၇) နယ်မြေသည် ဘားအံခရိုင်အတွင်း ပါဝင်သည်။

နေပြည်တော်တွင် ၂၀၁၉ က ကျင်းပသည့် NCA နှစ်ပတ်လည်နေ့တွင် KNU ခေါင်းဆောင် မိန့်ခွန်းပြောစဉ် (ဓာတ်ပုံ – KNU)

NCA တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ထိုးထားကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင်မူ NCA လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့ထဲမှ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ခိုက်နေကြသည်။

ငြိမ်းချမ်းရေးတည်ဆောက်နေကြောင်း အဆက်မပြတ် ကြေညာနေသည့် စစ်ကောင်စီက နေပြည်တော်တွင် အပစ်ရပ်စာချုပ် နှစ်လည်ပွဲကို အကြီးအကျယ်ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button