သတင်း

မတ္တရာတွင် တော်လှန်ရေးသမားတစ်ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၉ နံနက် ၁ နာရီခန့်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ရပ်ကျေးအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လူငယ်တစ်ဦး ဆိုင်ကယ်စီးနေစဉ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်။

စက်တင်ဘာ ၆ မှ စပြီး အင်အား ၉၂ ဦးပါ စစ်ကောင်စီတပ်သည် အုပ်စု နှစ်စုခွဲ၍ မတ္တရာမြို့နယ် အရှေ့မြောက်အစွန်မှ ဝင်ရောက်လာကြောင်း၊ စက်တင်ဘာ ၈ တွင် ၅၂ ဦးပါ အုပ်စု ဆိပ်သာကျေးရွာအတွင်း ဝင်လာစဉ် ကိုဖြိုးဝေအောင် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု မတ္တရာမြို့နယ်အလယ်ပိုင်းမှ ကျေးရွာသားတစ်ဦးက ပြောသည်။

“ညပိုင်း စစ်သားတွေ ဝင်လာတာကို မြင်တော့ သူထွက်မပြေးဘဲနဲ့ ရွာကို သတိပေးဖို့အတွက် ဆိုင်ကယ်နဲ့ ရွာဆီကို မောင်းပြေးတဲ့အချိန်မှာ စစ်သားတွေက သူ့ကို လိုက်ပစ်ကြတာ၊ မှန်ပြီးတော့ နေရာမှာတင် ဆုံးသွားတယ်။ မနက်လင်းတော့ သူ့အလောင်းပြန်ရလို့ အဲ့ဒီနေ့ကပဲ သင်္ဂြိုဟ်လိုက်ကြတယ်” ဟု သူက ပြောသည်။

အသက် ၂၆ နှစ်အရွယ် ကိုဖြိုးဝေအောင်သည် မြို့နယ်အလယ်ပိုင်းအခြေစိုက် ရပ်ကျေးအဆင့် ပကဖအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ထိုစစ်ကြောင်း ဆိပ်သာကျေးရွာအတွင်းမှ နံနက် ၉ နာရီခန့်တွင် ပြန်ထွက်သွားသောကြောင့် ဒေသခံတချို့ ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ ကိုဖြိုးဝေအောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကိုဖြိုးဝေအောင်၏ ဘယ်ဘက်ရင်ဘတ်တွင် ကျည်ပေါက်ဒဏ်ရာ နှစ်ချက်ရှိသည်ကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ 

ကိုဖြိုးဝေအောင်၏ ရုပ်အလောင်းကို စက်တင်ဘာ ၉ ညနေက သင်္ဂြိုဟ်ရန် ပြင်ဆင်နေကြစဉ်။ (ဓာတ်ပုံ- ပေးပို့)

မြို့နယ်အလယ်ပိုင်းရှိ ကျေးရွာများဖြစ်သော ဆိပ်သာ၊ ကျွဲကျ၊ အုတ်တိုက်၊ ကရမတ်၊ ချောင်းတော်ဝ၊ ကျောင်းကုန်း၊ ကွေ့ကြီး၊ ဇီးဖြူကုန်း၊ တံငါသည် စသည့် ကျေးရွာများကိုလည်း အထက်ပါစစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် ယင်းစစ်ကြောင်းကို ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ကွေ့ကြီးနှင့် ကုန်းကြီးကျေးရွာတို့အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်၊ ကွေ့ကြီးကျေးရွာအနီး မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့က ပြောသည်။

“မိုင်းဆွဲတဲ့ နှစ်နေရာလုံးကတော့ ရန်သူအတွက် အထိအခိုက်များတယ်၊ မိုင်းကွင်းနေရာမှာဆိုလည်း သွေးကွက်တွေ၊ စုတ်ပြဲနေတဲ့ ရန်သူ့အဝတ်အစားတွေ တွေ့ရတယ်။ ထိသွားသူတွေကိုလည်း တံငါကျေးရွာက ကားလေးစီးနဲ့ လာခေါ်သွားတာကို တွေ့လိုက်ရတယ်” ဟု ထိုအဖွဲ့ စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ဆိုသည်။

ဒေသတွင်း စစ်ကြောင်းဝင်နေစဉ် လမိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံ ၂၈ ဦးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကာ ကျောက်တံတားကျေးရွာအရောက်တွင် ၂၆ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

အသက် ၆၀ အရွယ်ခန့်ရှိကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ပြန်မလွှတ်ဘဲ မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ထိုနှစ်ဦးနှင့် ပတ်သက်၍ အခြေအနေအသေးစိတ် မသိရသေးပေ။

မြို့နယ်အလယ်ပိုင်း တံငါသည်ရွာနှင့် အောင်ချမ်းသာရွာတို့တွင် စစ်ကောင်စီတပ်က အင်အား ၄၀ နှင့် ၅၂ ဦးပါ စစ်ကြောင်းနှစ်ခုခွဲကာ စခန်းချ တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသတွင်းကာကွယ်ရေးအဖွဲ့များအဆိုအရ သိရသည်။

မန္တလေးမြို့နှင့် နီးကပ်သည့် မတ္တရာမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားသလို စစ်တပ်ကလည်း ရေကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button