သတင်း

မန္တလေးအိုးဘိုထောင်သို့ ပြောင်းရွှေ့လာသည့် နိုင်ကျဉ်းများ နှိပ်စက်ခံရ

စစ်အာဏာရှင်လက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များအနက် တစ်ခုဖြစ်သော မန္တလေးအိုးဘိုအကျဉ်းထောင်သို့ အခြားထောင်များမှ ပြောင်းရွှေ့ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရသည်။

ဩဂုတ် ၁၅၊ ၁၆ ရက်များတွင် မန္တလေးမြို့အနောက်ဘက် မိုင် ၈၀ ဝန်းကျင်အကွာ မုံရွာထောင်မှ နိုင်ကျဉ်းအမျိုးသား ၉၀ နှင့် အမျိုးသမီး ၁၁ ဦးတို့ကို အိုးဘိုထောင်သို့  ရွှေ့ပြောင်းချိန်တွင် ထိုသို့ ညှဉ်းပန်းခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) က စက်တင်ဘာ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာမှ ရောက်လာသူများကို အိုးဘိုထောင်အာဏာပိုင်များက မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ကြောက်ခြင်း၊ ခန္ဓာကိုယ်ကို ကျင်စက်ဖြင့် တို့ခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် နိုင်ကျဉ်း ၅၀ ခန့် ဒဏ်ရာများရခဲ့သည်ဟု PPN အဖွဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက ထောင်သတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။

“ထောင်ဘူးဝရောက်တာနဲ့ ရိုက်နှက်တာတွေက ပြင်းတယ်။ ၅၀ ဦးလောက်က ကွဲရှဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာတွေရတယ်လို့ သိရတယ်” ဟု သူက ဆိုသည်။

မုံရွာထောင်မှ အိုးဘိုထောင်သို့ ပြောင်းရွှေ့လာစဉ် ရိုက်နှက်ခံရသည့် နိုင်ကျဉ်းများ၏ ကျန်းမာရေး၊ ဆေးကုသခွင့်ရမရနှင့် အခြားအသေးစိတ်အခြေအနေများကို အတည်မပြုနိုင်သေးပေ။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် နိုင်ကျဉ်းများကို နှိပ်စက်ခြင်းသည် ၂၀၂၁ နှစ်ဆန်းပိုင်း စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက အကြောက်တရားသွတ်သွင်းနိုင်ရန် အစဉ်အမြဲ ကျူးလွန်နေဆဲဖြစ်သည့် ရာဇဝတ်မှုသာ ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။

“ဘယ်ထောင်ကပဲ လာလာ၊ ထောင်ဘူးဝထဲမှာ ရိုက်နှက်ခံရမှုတွေက အမြဲတမ်းဖြစ်နေတယ်။ ထောင်ပြောင်းတွေမှ မဟုတ်ဘဲ နောက်ပိုင်း ဖမ်းခံရတဲ့ အကျဉ်းသားမှန်သမျှ အရင်ဆုံး ထောင်ဘူးဝကနေ ရိုက်နှက်ပြီးမှ ပုံစံပေးတယ်။ အကြောက်တရားပေးတယ်။ ပြီးမှ ထောင်ထဲကို ထည့်တာ” ဟု သူက ပြောသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် အကျဉ်းကျနေရာမှ မန္တလေးအိုးဘိုထောင်မှ ဩဂုတ်လတွင် လွတ်မြောက်လာသူ အမျိုးသားတစ်ဦးကလည်း နိုင်ကျဉ်းများကို ထိုသို့နှိပ်စက်နေသည်ဆိုသည့်သတင်း မှန်ကန်ကြောင်း Myanmar Now အပါအဝင် သတင်းဌာနတချို့ကို ဩဂုတ်လ ၂၁ရက်နေ့တွင် စာပို့ပြောဆိုထားသည်။

အိုးဘိုထောင်သို့ မန္တလေးတိုင်း မုံရွာ၊ ပဲခူးတိုင်း တောင်ငူ၊ ရှမ်းပြည်နယ် ညောင်ရွှေအကျဉ်းထောင်များမှ ဩဂုတ်လတွင် ပြောင်းရွှေ့ရောက်ရှိလာသူများ ရိုက်နှက်ခံခဲ့ရပြီး ဒဏ်ရာရရှိသူများ ဆေးကုသခွင့်မရကြောင်း ထိုစာတွင် ရေးထားသည်။

ထိုသို့ ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်နေသူတို့မှာ အိုးဘိုထောင်ပိုင် ဦးသိန်းလွင်၊ တပ်ကြပ်ကြီးဘစိုး၊ ၎င်းတို့ မြှောက်စားပေးထားသည့် ချစ်ပို၊ ချစ်ကောင်း၊ ကိုတိ၊ အိုက်ကျွဲ၊ ဂြိုလ်သား၊ ဖိုးတေ စသည့် အကျဉ်းသားလူမိုက်များ ဖြစ်ကြသည်ဟု အထက်ပါ အကျဉ်းသားဟောင်းက ဆိုသည်။

ရိုက်နှက်ခံရသူများထဲတွင် တောင်ငူထောင်မှ ပြောင်းလာသူ ကိုဇော်ဇော်လည်း ပါဝင်ကြောင်း၊ ကိုဇော်ဇော် ခြေထောက်တွင် ဒဏ်ရာ ပြင်းထန်စွာရကာ လမ်းမလျှောက်နိုင်တော့ဘဲ ခွဲစိတ်ကုသရန် မဖြစ်မနေ လိုအပ်ချိန်ရောက်မှ အိုးဘိုထောင်ဆေးရုံသို့ ပို့ပေးကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်မှုဖြင့် အိုးဘိုထောင်တွင် အကျဉ်းကျခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် လွတ်မြောက်လာကာ အမျိုးသားတစ်ဦးကလည်း အိုးဘိုထောင်ပိုင် ဦးသိန်းလွင် လာဘ်လာဘ မျှော်ကိုးမှု၊ နိုင်ကျဉ်းများကို နှိပ်ကွပ်မှုတို့မှာ နာမည်ကြီးသည်ဟု ဆိုသည်။

“ထောင်ပိုင်သိန်းလွင်ဆိုတာ တော်တော်ကို ဆိုးတယ်။ လာဘ်စားတယ်။ မစားဘူးမပြောနဲ့ဦး။ ဂျူတီချိန်မှာ သူဝတ်ဝတ်လာတဲ့ ရွှေကိုက ငါးဆယ်သားလောက်ရှိတယ်ဗျာ” ဟု လွတ်မြောက်နယ်မြေသို့ ရောက်နေပြီဖြစ်သည့် အဆိုပါ နိုင်ကျဉ်းဟောင်းက ပြောသည်။

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၊ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးထားသူအားလုံးကို မိသားစုနှင့်တွေ့ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။

ထို့အတူ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို ဆိုးရွားစွာဖိနှိပ်နေရာ လူမသိသူမသိ အသက်သေဆုံးမှုများလည်း ရှိနေသည်။ ထောင်ပြောင်းရွှေ့စဉ် အကြောင်းအရင်း ခိုင်လုံစွာမသိရဘဲ နိုင်ကျဉ်းများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တချို့လည်း ပေါ်ပေါက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button