သတင်း

အသုတ်မြို့ NLD ရပ်ကျေးဥက္ကဋ္ဌ ဖမ်းဆီးသတ်ဖြတ်ခံရ

ဧရာဝတီတိုင်း၊ အသုတ်မြို့၊ အမှတ် (၄) ရပ်ကွက်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ ရက်အကြာ ယမန်နေ့ (စက်တင်ဘာ ၃) ညပိုင်းတွင် မိသားစုက သူ၏ရုပ်အလောင်း လက်ခံရရှိကြောင်း လက်မှတ်ထိုးခဲ့ရသည်။

ဩဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့အဝင်ရှိ မိုးစက်ဝတီ စားသောက်ဆိုင်တွင် မြို့နယ်စခန်းမှူး သက်စိုးဦး ဗုံးခွဲ လုပ်ကြံခံရပြီး နောက်တစ်နေ့တွင် ဦးအောင်မြင့်စိုး အပါအဝင် ဒေသခံတချို့ ဖမ်းဆီးခံရသည်။

ယမန်နေ့ (စက်တင်ဘာ ၃) နံနက်ပိုင်းက ဦးအောင်မြင့်စိုး ဆေးရုံတင်ထားရသည့် သတင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် သိရှိရသည်၊ ညနေပိုင်းတွင်မူ သေဆုံးပြီးဖြစ်သောကြောင့် သင်္ဂြိုဟ်မည့် အချိန်တွင် စစ်တပ်က မိသားစုထံ အကြောင်းကြားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သင်္ဂြိုဟ်ခါနီး အချိန်ရောက်မှ စာရွက်လေးကိုင်ပြီးတော့ ဦးအောင်မြင့်စိုးကို တစ်ခါတည်း သင်္ဂြိုဟ်သွားရမယ်ဆိုပြီး ပြောတော့မှ သိရတယ်။ သေမှုသေခင်းစာအုပ်မှာ လက်မှတ်ထိုးပေးခိုင်းတယ်။ ကောင်းမွန်စွာ အလောင်းကို သယ်ယူသွားပါသည်ဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတာပါ” ဟု မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

မည်သူက လက်မှတ်ထိုးခိုင်းသည်ကိုမူ ထိုသူက ပြောဆိုလိုခြင်းမရှိပါ။

“သင်္ဂြိုဟ်ပြီးတော့ အရိုးပြာအိုးကို ညတွင်းချင်း သယ်လာခွင့်ရတယ်။ အရိုးပြာအိုးကို ယူလာပြီးတော့ တောင်လယ်သုသာန်မှာ အုတ်ဂူလေး၊ မှတ်တိုင်လေး လုပ်ထားတာမျိုးတော့ ရှိပါတယ်” ဟု ၎င်းက​ ပြောသည်။

ဦးအောင်မြင့်စိုး၏ ဦးခေါင်းနောက်ဘက်တွင် ၃ လက်မခန့် ချိုင့်ဝင်နေသည်၊ နှာခေါင်းနှင့် ပါးစပ်တွင် သွေးစများ တွေ့ရသည်၊ ကျောကုန်းတွင် ဒဏ်ရာဒဏ်ချက်များစွာ တွေ့မြင်ရသည်ဟု အဆိုပါ အရင်းအမြစ်က ဆက်ပြောသည်။

ဒဏ်ရာဒဏ်ချက်များ ရှိလင့်ကစား ဦးအောင်မြင့်စိုး အမောဖောက်၍ သေဆုံးရခြင်းဖြစ်သည်ဟု စစ်တပ်က မိသားစုဝင်များကို ပြောထားသည်ဟု ဆိုသည်။

ဦးအောင်မြင့်စိုးကို ဖမ်းဆီးရာတွင် ကျုံပျော်ခရိုင် ရဲတပ်ဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်၊ ကျုံပျော်မြို့ အမှတ် (၃၆) ခြေမြန်တပ်ရင်း စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ဆိုသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူ ဦးအောင်မြင့်စိုးကို စစ်တပ်က ၂ ကြိမ် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်၊ ယခုတစ်ကြိမ်တွင် စစ်တပ်က ရန်ငြိုးဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းသည်ဟု ဦးအောင်မြင့်စိုး၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက မှတ်ချက်ပြုသည်။

“အကြမ်းဖက် စစ်အာဏာရှင်လက်အောက်က အလုံးစုံ မလွတ်မြောက်သေးသရွေ့ ကျွန်တော်တို့အားလုံး ဒီလိုအဖြစ်ဆိုးမျိုးတွေ နေ့စဉ် ကြုံနေရမှာပါ။ အားလုံး ပါဝင်ပြီး ဒီစနစ်ဆိုးကို တိုက်ဖျက်ဖို့ကိုပဲ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

အသုတ်မြို့နယ် (၄) ရပ်ကွက်၊ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှာ အငြိမ်းစား ဒုရဲအုပ်ဟောင်းတစ်ဦးဖြစ်ပြီး အသုတ်မြို့ အဝင်ဝတွင် BOC အမည်ဖြင့် စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

ဦးအောင်မြင့်စိုး သေဆုံးချိန်တွင် အသက် ၂၀ အောက် သမီး ၃ ဦး၊ အသက် ၇၅ နှစ်အရွယ် မိခင်တို့ ကျန်ရှိခဲ့သည်။ နာရေးအစီအစဉ် ပိတ်ပင်ခံရမည်ကို စိုးရိမ်နေရသည်ဟု မြိုခံများထံမှ သိရသည်။

အသုတ်မြို့ စခန်းမှုး ဗုံးဖြင့် လုပ်ကြံခံရမှု သံသယဖြင့် အသုတ်မြို့ခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရပြီး ၅ ရက်ကြာသည်အထိ ပြန်လွတ်မလာသေးပေ။

ထိုအထဲတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး၊ ပရဟိတသမားတစ်ဦး၊ လူငယ် ၃ ဦးလည်း ပါဝင်သည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၄၀၂၉ ဦး သေဆုံးခဲ့ပြီး ၂၄၆၃၁ ဦး ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၁ တွင် ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ခေါင်းဆောင်များ၊ ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ထင်ပေါ်ကျော်ကြားသူများကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button