သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီနှင့် ABSDF တိုက်ပွဲပြင်းထန်၊ နှစ်ဖက် သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်အနီးရှိ အင်းတော်၊ ကသာမြို့နယ်တို့တွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှု ပိုမိုများပြားသည်ဟု သိရသည်။

ဩဂုတ် ၂၇၊ ၂၈ ရက်နေ့တို့တွင် အင်းတော်မြို့နယ်အနောက်ဘက် မော်တိတ်ရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရသွားသည်ဟု ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ်သော Indaw Revolution (IR) မှ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် အင်းတော်မြို့ နန့်သာရွာတွင် ၆ လခန့် တပ်စွဲထားသည်၊ ဩဂုတ် ၂၇ ရက်နေ့တွင် နန့်သာရွာမှ မော်တိတ်ရွာသို့ အသွား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၂၈ ရက်နေ့တွင်လည်း စစ်ကြောင်းထပ်ထိုးလာသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ ABSDF ဘက်မှ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့သည်ဟု Indaw Revolution (IR) တာဝန်ခံက ပြောသည်။

“တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်က ရှေ့ပွိုင့်တွေ တော်တော်များများ ကျသွားတာ၊ အဲဒီကျတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေကို ရဲဘော်တစ်ယောက်က သွားကောက်ပြီး ပြန်အလှည့်မှာ (စက်သေနတ်) ငါးကြင်းမြီးနဲ့ ဆွဲလိုက်တာမှာ သူ့ကို ထိပြီး သေသွားတာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ အင်းတော်မြို့ပေါ်ရှိ စစ်ကောင်စီစစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခဲ့သည်ဟု အင်းတော်ဒေသခံတချို့က ပြောသည်။

ဩဂုတ် ၂၉ ရက်နေ့တွင် ဝန်းသိုမြို့နယ်မှ အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု အင်းတော်မြို့နယ်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာပြီး အင်းတော်မြို့နယ်အစပ်တွင် တပ်နားထားသည်ဟု သိရသည်။

တိုက်ခိုက်ခံရသည့် ထိုစစ်ကြောင်း မော်တိတ်ရွာသို့ ရောက်ရှိသွားပြီး ယနေ့အထိ ရွာထဲတွင် တပ်စွဲထားသည်ဟု သိရသည်။

နန့်သာရွာတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၆ လခန့်မှ စတင်ကာ တပ်စွဲထားသောကြောင့် ထိုရွာအပါအဝင် အနီးအနားရွာများဖြစ်သည့် မော်တိတ်၊ ရွာသာယာ၊ အောင်းကုန်း၊ ပေပင်၊ နန့်စင်၊ ကျွန်းတော စသည့် ကျေးရွာများမှ ပြည်သူ ၆,၀၀၀ ကျော်ခန့်မှာ နီးစပ်ရာရွာများသို့ စစ်ရှောင်နေရသည်။

အင်းတော်နည်းတူ ကသာမြို့နယ်တွင်လည်း ရွာစဉ်လှည့် မီးရှို့နေသည့် စစ်ကောင်စီတပ် ကသာမြို့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း အင်းဒရန့်ရွာတွင် တပ်စွဲနေစဉ် ကသာပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်ရင်း (၁၂) က ဩဂုတ် ၂၉ ရက် နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နံနက် ၆ နာရီကျော်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် KPDF တပ်များ နောက်ပြန်ဆုတ်ခဲ့ကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ မသိရသေးကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ကသာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သလို တိုက်ပွဲပြီးနောက်တွင်လည်း လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေခဲ့သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲပြီးသွားပေမဲ့ မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ အင်းဒရန့်တင်မဟုတ်ဘူး၊ ဧရာဝတီအနောက်ဘက်ခြမ်းတွေလည်း လိုက်ပစ်နေတာ” ဟု အဆိုပါ တာဝန်ခံအမျိုးသားက ပြောသည်။

ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်နေကြရာ စစ်ကိုင်းတိုင်းမှာ အားကောင်းသည့် ဒေသတစ်ခုဖြစ်နေသည်။

စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင် ရှိသည့် မြို့နယ်များဖြစ်သည့် ကသာ၊ အင်းတော်၊ ဗန်းမောက် စသည့် မြို့နယ်များမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ရေးကူညီမှုများကို ရရှိနေပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ခုခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button