
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြို(ချင်းရွာ) ကျေးရွာအနီးတွင် ယမန်နေ့ (ဇူလိုင် ၂၀) က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါကျေးရွာအနီး တောင်တန်းများတွင် ထိုနေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ အသက် ၄၄ နှစ် အရွယ် ဒေါ်မတင်ကြည်သည် နေအိမ်မှ ဘေးလွတ်ရာသို့ ထွက်ပြေးစဉ် နောက်ကျောကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲ သေနတ်သံကြားလို့ အိမ်ကနေဆင်းတဲ့အခါ နောက်ကျောကို ကျည်ထိသွားတာ။ အိမ်တိုင်းကို ကျည်ကျတယ်။ တခြားသူတွေကို မထိဘူး။ ကျွန်တော့်မရီးတစ်ယောက်ပဲ ကျည်ထိတာ။ တခြားသူတွေက အားလုံးပုန်းနေကြတယ် “ဟု ဒဏ်ရာရရှိခဲ့သူ ဒေါ်မတင်ကြည်နှင့် ဆွေမျိုးတော်စပ်သူ ကိုရွှေကျော်တင်က ပြောသည်။
လက်ရှိတွင် ဒဏ်ရာရရှိသွားသည့် အမျိုးသမီးကို မင်းပြားဆေးရုံမှတစ်ဆင့် မြောက်ဦးဆေးရုံ ပို့ဆောင်ကာ ဆေးကုသနေသည်ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် ဖားပြို (ချင်း) ကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ချင်းလူမျိုးများ နေထိုင်သောရွာဖြစ်ကာ လတ်တလောတွင် နေအိမ်များမှ စွန့်ခွာထွက်ပြေးခြင်းမရှိသော်လည်း ဒေသခံအများစု စိုးရိမ်ကြောက်လန့်နေကြသည်။
ယမန်နေ့ညပိုင်းတွင် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ လာသည့် တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းတစ်ခုကို ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော် (AA ) က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ယနေ့ (ဇူလိုင် ၂၁) တွင် သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီသွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် AA ကို အကြမ်းဖက်နှိမ်နင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က “ကျိန်းတောင်က လက်နက်ကြီးတွေပစ်တော့ ဘာဖြစ်လဲဆိုပြီး စုံစမ်းကြည့်တဲ့အခါ ဖားပြို(ချင်း)ရွာနားတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ကြားတယ်။ လက်နက်ကြီးတွေက ခုလည်းပစ်တုန်း”ဟု ယနေ့ မွန်းလွဲ၂ နာရီခန့်က ပြောသည်။
မင်းပြားမြို့နယ်တွင် ကာလအတန်ကြာ တိုက်ပွဲရပ်တန့်နေရာမှ လွန်ခဲ့သည့် ဇူလိုင် ၁၈ မှ စတင် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၂၀ ကလည်း ကိုရိုနာဗိုင်းရပ်စစ်ဆေးရန် အာခေါင်တို့ဖတ်နမူနာများ ယူဆောင်လာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကားတစ်စီးသည် မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး၌ ပစ်ခတ်ခံခဲ့ရသဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည်။
ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေး စတင်လုပ်ဆောင်မည်ဟု တပ်မတော်က ဇူလိုင် ၁၆ ကတည်းက ကြေညာထားသည်။
AA ကို မတရားအသင်း၊ အကြမ်းဖက်အသင်း တံဆိပ်ကပ်ပြီး စစ်ရေး၊ နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုံမှတိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်၊ ရရှိထားပြီးသောယုံကြည်မှုကို နောက်ဆုတ်သွားစေနိုင်သည်ဟု မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့ ယနေ့ သတင်းထုတ်ပြန်ထားသည်။
ရပ်တန့်နေသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးစတင်လိုကြောင်းလည်း အဆိုပါသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။