အာဏာသိမ်းစစ်တပ် နိုင်ငံကို စီမံခန့်ခွဲနေချိန် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုအကြောင်း ဝေဖန်သည့် အသက် ၃၈ နှစ်အရွယ် Hip-hop အဆိုတော် ကိုမင်းအုပ်မြန်မာ ခေါ် ဗျူဟာ နှစ်ရှည်ထောင်ဒဏ်ချခံရသည်ဟု ၎င်း၏ မိသားစုဝင်များက Myanmar Now ကို အတည်ပြုသည်။
ယနေ့ (ဩဂုတ် ၂၃) နံနက်ပိုင်းတွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း အင်းစိန်အကျဉ်းထောင် အာဏာပိုင်များက ဖုန်းဆက် အကြောင်းကြားလာသည်ဟု ဇနီးဖြစ်သူက ပြောသည်။
“ဒီနေ့ ၁၁ ခွဲလောက်က ဖုန်းရတာပါ။ ဒီနေ့ အမိန့်ချမယ်လို့လည်း မသိရပါဘူး။ ဖုန်းဆက်မှ သိရတာပါ။ ဒီနေ့ ချဖြစ်တယ်။ နှစ် ၂၀ ချလိုက်တယ်လို့ ပြောပါတယ်။ ကျန်းမာရေးကတော့ ကောင်းတယ်လို့ သိရပါတယ်။ ဖုန်းဆက်တာကတော့ ကျွန်မတို့ အစ်ကိုငယ်ဆီကို ဆက်သွယ်ပြောလာတာပါ” ဟု ၎င်းက ပြောသည်။
အထပ်မြင့်တိုက် အများအပြားရှိသဖြင့် လျှပ်စစ်ဓာတ်အား မရှိမဖြစ်လိုအပ်သည့် ရန်ကုန်တွင် နေထိုင်သည့် အဆိုတော် ကိုဗျူဟာသည် ဓာတ်အားပြတ်သည့် အကြောင်းကို ရှုတ်ချပြောဆိုရာတွင် အာဏာသိမ်းစစ်တပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ စီမံခန့်ခွဲမှုတို့ကို နှိုင်းယှဉ်လျက် အွန်လိုင်း လူမှုကွန်ရက်တွင် မေ ၂၃ ရက်နေ့က ဝေဖန်ပြောကြားရာ ထိုညတွင်ပင် ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲခံရသည်။
စစ်ကောင်စီသည် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅ (က) နှင့် ဆိုင်သော ထောင်ဒဏ်ကို အာဏာသိမ်းပြီးစတွင် တိုးမြှင့်ပြင်ဆင်ကာ ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးရာ၌ ထိုပုဒ်မကို အများဆုံး အသုံးပြုလေ့ရှိသည်။ ပုဒ်မ ၁၂၄ သည်လည်း စစ်ကောင်စီ အသုံးချလေ့ရှိသည့် အထင်ကရပုဒ်မတစ်ခုဖြစ်သည်။
ကိုဗျူဟာ၏ ဖခင်မှာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံတွင် ထင်ရှားခဲ့သည့် “ကမ္ဘာမကြေဘူး” သီချင်းကို ရေးစပ်ခဲ့သူ တေးရေး နိုင်မြန်မာ ဖြစ်သည်။
ထိုသီချင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ပါဝင်သူများက ဆန္ဒပြပွဲများနှင့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် သီဆိုလေ့ရှိသည်။
စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်မှုနှင့် ဆက်စပ်ပြီး ပြည်သူ ၃၉၆၆ ဦးကို သတ်ဖြတ်ခဲ့သည်၊ ၁၉,၈၇၂ ဦးကို ဆက်လက် ဖမ်းဆီးထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုသည်။
ထိုကိန်းဂဏန်းများမှာ အသင်းက လက်လှမ်းမီသမျှ စုံစမ်းထားချက်ကို အခြေခံခြင်း ဖြစ်သည်၊ ဖမ်းဆီးခံရသူ၊ သတ်ဖြတ်ခံရသူ အရေအတွက်မှာ ထို့ထက်မက များပြားနိုင်သည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)