သတင်း

စစ်ကောင်စီကြောင့် မန္တလေး မင်္ဂလာဆေးရုံ ပိတ်ရမည်

မန္တလေးမြို့ရှိ နာမည်ကြီးပုဂ္ဂလိကဆေးရုံတစ်ခုကို လာမည့် ဩဂုတ် ၂၅ မှ စတင်၍ ယာယီပိတ်ထားရန် စစ်ကောင်စီက ညွှန်ကြားထား၍ လူနာများကို အခြားဆေးရုံများထံ လွှဲပြောင်းရန် စီစဉ်နေကြောင်း သိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်များကို အလုပ်ခန့်ထားသည်ဟု စွပ်စွဲကာ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်း (၄၂ နှင့် ၄၃ လမ်းကြား) ရှိ မင်္ဂလာဆေးရုံကို ဩဂုတ်၂၅ မှစ၍ ယာယီပိတ်ထားရန် စစ်ကောင်စီက ဩဂုတ် ၁၈ ရက်စွဲဖြင့် ညွှန်ကြားခဲ့သည်ဟု CDM ဆရာဝန် ဒေါက်တာစိုးသူရဇော်က ပြောသည်။

ယမန်နှစ်အတွင်း CDM ဆရာဝန်နှစ်ဦးကို မင်္ဂလာဆေးရုံမှ ခန့်အပ်ခဲ့သည့်ကိစ္စကို ယခုကာလတွင် အရေးယူခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဖြစ်ခဲ့တဲ့ကိစ္စပေါ့နော်။ CDM ဆရာဝန်နှစ်ဦးကို သူတို့ (စစ်ကောင်စီက) ဆေးရုံမှာ ရှာဖွေတွေ့ရှိသွားတဲ့ကိစ္စကို အခုချိန်မှာမှ အငြိုးတကြီးနဲ့ ပြန်လည်အရေးယူတယ်လို့ ကြားရပါတယ်” ဟု ၎င်းက Myanmar Now ကို ယနေ့ ပြောသည်။

မင်္ဂလာဆေးရုံပိတ်ရန် ညွှန်ကြားခံရမှုနှင့် ပတ်သက်၍ ဆေးရုံ၏ ဧည့်ကြိုဌာနသို့ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ လူနာများကို အခြားဆေးရုံများထံ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း၊ ယခုလ ၂၅ မှစ၍ လူနာလက်ခံမှု ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဖြေဆိုသည်။

ပိတ်သိမ်းရသည့် အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အတင်းအကျပ် ပိတ်သိမ်းခံရခြင်းကြောင့် အဆိုပါဆေးရုံကို အားကိုးနေရသူ လူနာများအပေါ် သက်ရောက်မှုကြီးမားနိုင်သည်ဟု ဒေါက်တာစိုးသူရဇော်က ဆိုသည်။

“မင်္ဂလာဆေးရုံဆိုရင် ခွဲစိတ်ခန်းတွေကအစ ခေတ်မီတဲ့ စက်ကိရိယာတွေ စုံတယ်။ လူနာတွေအတွက်ကို လုံလောက်တဲ့ ဆေးကုသမှုပေးနိုင်တဲ့ အဆင့်မြင့်တည်ဆောက်ထားတဲ့ ဆေးရုံတစ်ရုံဖြစ်တယ်။ ဒီလိုအဆင့်တန်းမီတဲ့ ဆေးရုံတစ်ရုံကို စစ်ကောင်စီဘက်ကနေ တရားလက်လွတ် ဥပဒေမဲ့ ပိတ်သိမ်းခိုင်းတဲ့အတွက်ကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူလက်စ၊ ကုသမှုခံယူဖို့ ကြိုတင်ရက်ချိန်းပေးထားတဲ့လူနာတွေ ထိခိုက်နစ်နာမှုဖြစ်ပေါ်ရတယ်” ဟု သူက ပြောသည်။ 

“စစ်ကောင်စီအနေနဲ့တော့ သူတို့ရာထူးအာဏာကို ထိခိုက်လာတယ်လို့ ယူဆရင်၊ ဆန့်ကျင်တယ်လို့ ယူဆရင် အစိမ်းသော အကျက်သော မရွေးဘူး။ လွန်ခဲ့တဲ့တစ်နှစ်ကကိစ္စကိုတောင် ပြန်ပြီးတော့ အရေးယူတာကို တွေ့ရတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းအများစု CDM တွင် ပါဝင်ခဲ့ကြသည်။

မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းအထိ CDM တွင် ပါဝင်ခဲ့ရာ စစ်ကောင်စီကလည်း အကြီးအကျယ် နှိပ်ကွပ်နေသည်။

၂၀၂၂ မတ်လအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံပိုင်ရှင်များ၊ ဆရာဝန်များကို ခေါ်၍ လူနာစာရင်းများ နေ့စဉ် ပေးပို့ရန် ဖိအားပေးခဲ့သည်။

၂၀၂၂ ဒီဇင်ဘာအတွင်း နန်းတော်နှင့် မြို့တော်ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးတစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းသုံးဦးတို့ ဖမ်းဆီးခံရသည်။

ထို့နောက် CDM ဆရာဝန်များကို အလုပ်ခန့်သည်ဟူသော စွဲချက်ဖြင့် ပုဂ္ဂလိကဆေးရုံအများအပြား လုပ်ငန်းရပ်ဆိုင်းခံရသည်။

ထိုစဉ်က ၂ လ အတွင်း မန္တလေးမြို့ နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၇ ခုဖြစ်သော မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း၊ ကြယ်စင်လင်းနှင့် ဓူဝံဆေးရုံတို့ကို စစ်ကောင်စီက လုပ်ငန်း အတင်းအကျပ် ရပ်ဆိုင်းစေခဲ့သည်။

ကြယ်စင်လင်းနှင့် ဓူဝံဆေးရုံ ပိုင်ရှင်နှစ်ဦးတို့လည်း ယခုနှစ် ဇန်နဝါရီအတွင်း ဖမ်းဆီးခံထားရသည်။

ဆေးရုံများသာမက ဆေးခန်းများကိုလည်း ပစ်မှတ်ထားခဲ့သောကြောင့် ပိတ်လိုက်ရသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း ၁၅ ခုထက်မနည်းရှိကြောင်း ဒေါက်တာစိုးသူရဇော်က ပြောသည်။

CDM ဆရာဝန်များကို အလုပ်ပေးထားသည်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်များဖြင့် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ ပိတ်သိမ်းခြင်း၊ ဆေးဝန်ထမ်းများကို ဖမ်းဆီးခြင်းများ စစ်ကောင်စီက ပြုလုပ်နေရာ အလုပ်အကိုင်စွန့်လွှတ်ရသူ ဆရာဝန်နှင့် ဆေးဝန်ထမ်းအရေအတွက် ရာဂဏန်းနီးပါးရှိနေသည်ဟု မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးမြို့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် မြန်မာပြည်အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ အရေးကြီးလူနာများအပါအဝင် ဒေသတွင်းမှ လူများ လာရောက်ကုသကြခြင်းဖြစ်ပြီး အစိုးရဆေးရုံများမှာ လူနာများလက်ခံရန် အကန့်အသတ်ရှိခြင်းကြောင့် ပုဂ္ဂလိကဆေးရုံများကို အားပြုကြသူများရှိကြသည်။

လက်ရှိတွင် ပုဂ္ဂလိကဆေးရုံများ ပိတ်သိမ်းမှုကြောင့် အရေးကြီးလူနာများ ပြောင်းရွှေ့ရသော အခက်အခဲများ ရှိနေသည်ဟု သိရသည်။

ယမန်နှစ် အောက်တိုဘာလကုန်ကလည်း မန္တလေးဆေးတက္ကသိုလ် ကထိကနှင့် အထူးကုဆရာဝန်ကြီးအပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထိုအခြေအနေများကြောင့် CDM လှုပ်ရှားမှုကို ရပ်ဆိုင်းကာ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်သွားသူများလည်း ရှိသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button