ဆေးဝန်ထမ်းများ အပြင်းအထန် ဖိနှိပ်ခံနေရသည့် မန္တလေးမြို့တွင် နာမည်ကြီး ပုဂ္ဂလိကဆေးရုံ နောက်တစ်ခုကို ပိတ်သိမ်းရန် စစ်ကောင်စီက ထပ်မံအမိန့်ပေးလိုက်ပြီး ဆေးရုံပိုင်ရှင် ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ဆေးဝန်ထမ်းများက ပြောသည်။
မဟာအောင်မြေမြို့နယ် လမ်း ၆၀၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ ကြယ်စင်လင်းဆေးရုံကို ယမန်နေ့ (ဒီဇင်ဘာ ၁၀ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်သွားပြီး အာဏာဖီဆန်မှုလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများကို အလုပ်ခန့်ထားသည်ဟု စွပ်စွဲကာ ဆေးရုံပိုင်ရှင်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဆေးရုံကို ပိတ်သိမ်းမည်ဟုပင် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
“ဖမ်းခံရတာ ဟုတ်ပါတယ်။ ခုက အခြေအနေတွေက တအားရှုပ်ထွေးနေတယ်၊ သူတို့ (စစ်ကောင်စီ) လာပြီး ချိပ်ပိတ်တာမျိုးတော့ မလုပ်သေးဘူး။ လူနာတွေတော့ လက်မခံတော့ဘူး၊ ရှိပြီးသား လူနာတွေကိုလည်း ဆင်းခိုင်းနေပြီ” ဟု ကြယ်စင်လင်းဆေးရုံနှင့် နီးစပ်သူ ဆေးဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
ကြယ်စင်လင်းဆေးရုံပိုင်ရှင်အမည်၊ ဖမ်းဆီးခံရမှုအခြေအနေအသေးစိတ်တို့ကိုမူ ၎င်းက ဖြေဆိုလိုခြင်း မရှိပေ။
ဆေးရုံပိုင်ရှင်သည် စက်တင်ဘာလတွင်လည်း ထိန်းသိမ်းခံရဖူးသည်ဟု သိရသည်။
အလားတူပင် ထိုနေ့ ညနေ (၅) နာရီကျော်တွင်လည်း ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၇၃ လမ်း ၇၄ လမ်း ကြားတွင်ရှိသည့် ဓူဝံဆေးရုံလည်း အလားတူဖြစ်ရပ်နှင့် ရင်ဆိုင်ရသည်ဟု သိရသည်။
ဓူဝံဆေးရုံပိုင်ရှင် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်မသိရှိကြောင်း၊ ဆေးရုံတွင်မူ ပုံမှန်အခြေအနေအတိုင်း လူနာများ ဆက်လက်ကုသပေးနေကြောင်း ဝန်ထမ်းတစ်ဦးက (ဒီဇင်ဘာ၁၁) နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။
မန္တလေးမြို့တွင် နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၅ ခုကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီက အတင်းအကျပ် ပိတ်သိမ်းခဲ့သည်။ ထိုဆေးရုံများမှာ မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်းနှင့် စိန်ပန်းဆေးရုံတို့ ဖြစ်သည်။
ဒီဇင်ဘာလအတွင်းက နန်းတော်နှင့် မြို့တော်ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီး တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ယင်းနောက် အထက်ပါဆေးရုံ ၅ ရုံ ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။
CDM ဝန်ထမ်းများကို လက်ခံထားသည်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို ထောက်ပံ့သည်ဟူသည့် စွပ်စွဲချက်များဖြင့် မန္တလေးပုဂ္ဂလိကဆေးရုံများကို စစ်ကောင်စီက ပိတ်သိမ်းခြင်း၊ ဆေးဝန်ထမ်းများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်နေရာ အလုပ်အကိုင်စွန့်လွှတ်ရသူ ဆရာဝန်နှင့် ဆေးဝန်ထမ်းအရေအတွက် ရာဂဏန်းရှိနေသည်။
ဖမ်းဆီးမှု၊ ဆေးရုံပိတ်ရန် အမိန့်ပေးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ယူထားသူတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူများထဲတွင် မန္တလေးမှ ကျန်းမာရေးဝန်ထမ်းများက တက်ကြွစွာပါဝင်ခဲ့ရာ တိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများသည် CDM ပြုလုပ်မှုရာခိုင်နှုန်း ၈၀ အထိ ရှိသည်ဟု သိရသည်။
သို့သော် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ယခုလများအတွင်း လုပ်ငန်းခွင်ပြန်ဝင်သွားသူအရေအတွက် မြင့်တက်နေသည်ဟုလည်း မန္တလေးမြို့ခံ ဆရာဝန်တစ်ဦးက ဆိုသည်။
“မတရားဖိနှိပ်ခံရတာနဲ့ အကြောင်းကြောင်းတွေကြောင့် ဆရာဝန်တော်တော်များများ ပြန် Non ကုန်ကြပြီ အဓိကက ဖမ်းခံရမှာ ကြောက်လို့ ကျွန်တော်နဲ့သိသမျှ ဆရာဝန်အတော်များများလည်း Non ကုန်ကြပါပြီ” ဟု ဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ကလည်း မန္တလေး ဆေးတက္ကသိုလ်ကထိကနှင့် အထူးကုဆရာဝန်ကြီးအပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၃၀ကျော်ကို ဖမ်းဆီးခဲ့သေးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)