
တောတောင်ထူထပ်ရာ ချင်းပြည်နယ်နှင့် နယ်နိမိတ်ဆက်နေသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အနောက်ဘက်ခြမ်းတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် ဒေသခံအရေအတွက် ၄ ဦး ရှိသည်ဟု သိရသည်။
ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းမှ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းက မြစ်သာမြစ် အနောက်ဘက်ကမ်းမှ အနောက်ဂန့်ဂေါရွာတစ်ဝိုက်တွင် ဩဂုတ် ၉ ရက်နေ့မှစ၍ စစ်ရေးလှုပ်ရှားနေသည်။
ထိုနေ့က မြစ်သာမြစ်ကို ကူးပြီး အနောက်ဂန့်ဂေါရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်က ရွာထဲတွင် ရှိနေသည့် ဒေသခံ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ၁ ဦးကို နေ့တွင်းချင်း သတ်ပစ်လိုက်ကြောင်း တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ ဂန့်ဂေါမြို့ခံ အမျိုးသားက ပြောသည်။
နောက်တစ်နေ့ ရွာနီးချုပ်စပ်ရှိ ရှုံးရှီးရွာကို ထပ်မံစီးနင်းစဉ် အနောက်ဂန့်ဂေါရွာမှ ဖမ်းခေါ်သွားသူ ၁ ဦး၊ ရှုံးရှီးရွာမှ ၂ ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။
ကျန်သည့် အနောက်ဂန့်ဂေါရွာခံ ၁ ဦး၏ ကံကြမ္မာကိုမူ မသိရသေးကြောင်း၊ ဒေသတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ရှိနေဆဲဖြစ်၍ သေဆုံး၊ ဖမ်းဆီးခံရသူများ၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“နေ့လယ်ပိုင်းမှာ ရှုံးရှီရွာထဲမှာ သတ်ဖြတ်ပြီးတော့ ညနေ ၃ နာရီလောက်မှာ နေအိမ်တစ်လုံးကို မီးရှို့တယ်။ ညနေပိုင်းကျတော့ ရွာထဲမှာရှိတဲ့ သုံးဘီးဆိုင်ကယ်နဲ့ အလောင်း ၃ လောင်းကို သယ်ပြီးတော့ မြစ်သာမြစ်ကူးတံတားကနေ အလောင်း ၃ လောင်းကို ရေထဲကို မျှောချလိုက်တာ” ဟု သူက ပြောသည်။

မိုးရာသီ မြစ်ရေတက်ချိန်၊ ရေစီးသန်ချိန်ဖြစ်၍ စစ်ကောင်စီတပ် ရေထဲ မျှောလိုက်သည့် ရုပ်အလောင်းများကို ယနေ့တိုင် ရှာမတွေ့သေးကြောင်း၊ ထိုစစ်ကြောင်းရန်ကြောင့် မြစ်သာမြစ်အနောက်ဘက်ကမ်းမှ အနောက်ဂန့်ဂေါ၊ ရှုံးရှီနှင့် ဇဟောရွာမှ ဒေသခံ ၅,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ထိုသူက ဆက်ပြောသည်။
စစ်ဘေးရှောင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကလည်း အလားတူ ပြောကြားသည်။
“တောထဲတွေမှာလည်း ရှောင်ရတယ်။ အလှမ်းဝေးတဲ့ရွာမှာလည်း ရှောင်ရတယ်။ သူ့အမျိုးကိုယ့်အမျိုးပေါ့။ ခုကတော့ မကပ်နိုင်ကြသေးဘူး။ ညက လက်နက်ကြီး လေးငါးချက် ထုတယ်။ (စစ်တပ်ဘက်) ကလည်း ပြန်ထုတယ်။ အခုလည်း အသံတွေကြားနေရတယ်” ဟု ယနေ့ (ဩဂုတ် ၁၁) မွန်းလွဲပိုင်းတွင် သူက ပြောသည်။
စစ်ကောင်စီက ဂန့်ဂေါမြို့မှနေ၍ လက်နက်ခဲယမ်းနှင့် စစ်အင်အား ဖြည့်တင်းနေဆဲဖြစ်ရာ ဒေသတွင်း စစ်ရေးတင်းမာနေသဖြင့် ဒေသခံများ နေရပ်မပြန်ရဲကြသေးကြောင်း အထက်ပါ စစ်ရှောင်က ပြောသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်တွင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဂန့်ဂေါမြို့နယ်သည် တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုကောင်းသည့် ဒေသဖြစ်လာသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ပဋိပက္ခများနှင့် မလုံခြုံမှုများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁.၆ သန်းကျော်ရှိသည့်အနက် မကွေးတိုင်းမှ နှစ်သိန်းကျော်ပါဝင်ကြောင်း ဇူလိုင်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာကူညီရေးရုံး၏ စာရင်းအရ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)