မကွေးတိုင်း၊ ဆောမြို့နယ်၊ နှော်ကျေးရွာတွင် ဒေသခံ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ တိုက်နယ်အဆင့် ဒုတာဝန်ခံက ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၉ ရက်နေ့က ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ ကျေးရွာအစည်းအဝေး ပြုလုပ်စဉ် ၅၈ နှစ်အရွယ် ဒေါ်ဌေးကြည်နှင့် ၃၈ နှစ်အရွယ် ဒေါ်ဇင်မာခိုင်တို့က ရယ်မောကြသဖြင့် ဇူလိုင် ၂၁ တွင် ခေါ်ယူရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
နှော်ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ပြောသည်။
“ပကဖတာဝန်ခံက ကျေးရွာအုပ်ချုပ်ရေးကို စော်ကားရမလားဆိုပြီးတော့ ရိုက်တာဗျ။ ရိုက်တာမှာကတော့ ခြောက်ပေါက်ချ (ထိတ်တုံးခတ်) ပြီးတော့မှ ရိုက်တာ။ ၁၅ ချက်လောက်တော့ ရှိတယ်” ဟု သူက Myanmar Now ကို ပြောသည်။
ရိုက်နှက်စဉ် ဝမ်းလျားမှောက်ခိုင်းကာ ခြေထောက်ကို ထိတ်တုံးခတ်၍ ရိုက်နှက်ခဲ့သည်၊ ဒေါ်ဌေးကြည်မှာ မျက်နှာကို ရိုက်နှက်ခံရသည်ဟု ဒေသခံများကလည်း ပြောသည်။
အထက်ပါ ပအဖတာဝန်ခံကလည်း ဒေသခံတို့၏ ပြောဆိုချက်ကို အတည်ပြုသည်။
“(ဒေါ်ဌေးကြည်ကို) ထိုင်နေတဲ့အချိန်မှာတော့ (ရိုက်တာ) ဟုတ်ပါတယ်။ နှာခေါင်းသွေးဘာညာ ထွက်တယ်။ နှာနုရိုး မကျိုးပါဘူး။ ထိုးတာတော့ မပါပါဘူး”
ပေါင်နှင့် ခြေသလုံးတို့တွင် ရိုက်နှက်ခံထားရသောကြောင့် ရရှိထားသော အညိုအမည်းဒဏ်ရာများကို ဒေသတွင်းလူမှုကွန်ရက်သတင်းဓာတ်ပုံများ၌ တွေ့ရသည်။
ထိရောက်သည့် ကုသမှု လိုအပ်သည်ဟု ထိုအမျိုးသမီးများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ခုချိန်ထိ အိပ်ရာထဲမှာ လဲနေတုန်းပဲ။ ဆေးဝါးကုသတယ်ဆိုတာလည်း လက်ရှိကာလ ဆေးရုံဆေးခန်းသွားပြဖို့ ခက်ခဲတဲ့ကာလဆိုတော့ ရှိတာလေးနဲ့ လိမ်းပြီး နေရတဲ့သဘောအဆင့်လောက်ပဲ ဖြစ်နေတာ။ တကယ် ထဲထဲဝင်ဝင် ဘယ်သူမှ လုပ်မပေးဘူး” ဟု သူက ပြောသည်။
ရိုက်နှက်ခံရမှုကြောင့် ဒေါ်ဇင်မာခိုင် ကိုယ်ဝန်ပျက်ကျသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုနှစ်ဦးမှာ ယခင်ကတည်းကပင် ကျေးရွာအုပ်ချုပ်ရေးနှင့် မကျေလည်မှုများ ရှိထားကြသည်၊ ဒေါ်ဌေးကြည်က စစ်ကြောင်းဝင်လျှင် ကျေးရွာ ပကဖ၊ ပအဖ အဖွဲ့ဝင်နေအိမ်များကို လိုက်လံပြသကာ မီးရှို့ခိုင်းမည်ဟု ခြိမ်းခြောက်ဖူးသဖြင့် ခံဝန်လက်မှတ်ထိုးထားရသူဖြစ်သည်ဟု နှောရွာပအဖ တာဝန်ခံက ဆိုသည်။
ထိုအမျိုးသမီးနှစ်ဦးက စစ်ကောင်စီတပ်ကို သတင်းပေးခြင်းမျိုးမရှိကြောင်း၊ စစ်ကောင်စီ လက်နက်ကိုင်တို့ လာသည်နှင့် ထွက်ပြေးရသူများသာဖြစ်ကြောင်း သိရသည်ဟု ထိုအမျိုးသမီးများနှင့် နီးစပ်သည့် အထက်ပါ ဒေသခံက ပြောသည်။
ရိုက်နှက် ပြစ်ဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေသည့် အခြေအနေ သိရှိရန် မြို့နယ်ပကဖကို မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါ။
အုပ်ချုပ်ရေးပိုင်းတွင် ကာကွယ်ရေးအဖွဲ့က ဝင်ရောက်စွက်ဖက်မှုကြောင့် ယခုကဲ့သို့ ပြဿနာမျိုး ပေါ်ပေါက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆသည်။
“ဒီလိုဖြစ်စဉ်မျိုး လုံးဝလက်မခံဘူး။ ပအဖက ပအဖအလုပ် လုပ်လိမ့်မယ်။ ပကဖက ပကဖအလုပ်ကို လုပ်တာပဲ အဖြေမှန်တစ်ခုဖြစ်မယ်။ ကျွန်တော်တို့သွားချင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့လည်း ဒါတွေက လုံးဝကို ဆန့်ကျင်နေတယ်” ဟု လုံခြုံရေးအအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
အချုပ်ခန်းနှင့် မုဒိမ်းမှု
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်း၊ ဆောမြို့နယ်သည် လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ မြို့နယ်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်လယ်မှစတင်၍ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်နေသည့် မြို့နယ်ဖြစ်သည်။
ပြီးခဲ့သည့်လပိုင်းက ဆောမြို့နယ်အတွင်း အချုပ်ကျနေသည့် အမျိုးသမီးတစ်ဦးကို မြို့နယ်ပလဖအဖွဲ့ဝင် ၈ ဦးက အကြိမ်ကြိမ်အဓမ္မပြုကျင့်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြို့နယ်ပအဖထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)