သတင်း

အရာတော်၌ ရွာကာကွယ်ရေးစခန်းကို စစ်တပ်စီးနင်းစဉ် ၄ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၂၆) က ရွာကာကွယ်ရေးအဖွဲ့စခန်း စီးနင်းခံရစဉ် အဖွဲ့ဝင် ၄ ဦး ပစ်သတ်ခံရသည်ဟု သိရသည်။

အရာတော်မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ ရဲချင်းရွာရှိ ၎င်းတို့စခန်းကို ဝင်ရောက်စီးနင်းမည်ဟု သတင်းကြိုရသဖြင့် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ခုခံတိုက်ခိုက်ရန် စခန်းပြန်သွားသည့် အဖွဲ့ဝင်များ စစ်တပ်နှင့် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဆွေဆိုသူက ပြောသည်။

“ညကတည်းက စခန်းကို မနေဘဲ ရွှေ့လိုက်တာ၊ မနက်ကျတော့ လင်းပြီပဲဆိုပြီး သွားကြတာ။ စခန်းနား ရောက်တော့ …………ဆီးပစ်ခံရတာ”

အရာတော်မြို့ပေါ်ရှိ အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ လာသည့် အင်အား ၅၀ ခန့်ရှိ စစ်သားများက ပကဖအဖွဲ့ဝင် ၅ ဦး၏ ကားကို စောင့်ကြိုတိုက်ခိုက်စဉ် တစ်ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်လေးဦးစလုံး သေဆုံးခဲ့သည်ဟု ဆိုသည်။

သေဆုံးသူများမှာ အသက် ၂၀ နှင့် ၃၀ ကြားရှိ ရွာပကဖအဖွဲ့ဝင် လူငယ်များဖြစ်သည်ဟု သိရသည်။ စစ်တပ်က ၎င်းတို့စခန်းကို မီးတင်ရှို့ခဲ့သည့်နည်းတူ ပစ်သတ်ခံရသူ လေးဦးအနက် နှစ်ဦးကိုလည်း ကားနှင့်အတူ မီးရှို့သည်ဟု ဆိုသည်။

စစ်တပ်က ရွာပကဖအဖွဲ့စခန်းကို စီးနင်းမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိ ရဲချင်းရွာဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်။

ရဲချင်းရွာပကဖစခန်းကို စီးနင်းပြီးနောက် အရာတော်မြို့နယ် အနောက်မြောက်ပိုင်းရှိ နောင်ကြီးအိုင်ရွာသို့ ထွက်ခွာသွားသည့် စစ်တပ်ကို ဒေသတွင်းရှိ တော်လှန်အင်အားစုများက လိုက်လံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ပကဖစခန်းကို စီးပြီး ချက်ချင်းပဲ သူတို့ နောင်ကြီးအိုင်ကို ဆက်ထွက်တာ။ တစ်နေကုန် ကျွန်တော်တို့ လိုက်ပစ်တာမှာ ဒီကောင်တွေက ထိပ်တိုက်ပြန်တိုက်တာ တစ်ခါတည်းပဲ ရှိတယ်၊ ရှောင်ပြီးတော့ နောင်ကြီးအိုင်ရောက်ရှိရေးသာ အားထုတ်သွားခဲ့တာ” ဟု အရာတော်ပကဖတာဝန်ခံက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ လိုက်လံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း သေချာမသိရဟု ဆိုသည်။

လက်နက်ကိုင် ခုခံတော်လှန်မှု ပြင်းထန်သည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကရင်နီဒေသတို့တွင် စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ယခုလဆန်းပိုင်းတွင် အမိန့်ပေးထားသည်။

စစ်ကိုင်းတိုင်းအတွင်း ခင်ဦး၊ ဝက်လက်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လတ်တလော စစ်ကြောင်းထိုးနေပြီး ယခုလ ၂၁ ရက်နေ့က ယင်းမာမြို့နယ် စုန်းချောင်းရွာကို စစ်တပ်က ဝင်စီးကာ ကလေးငယ်များ အပါအဝင် စုစုပေါင်း ၁၄ ဦးကို သတ်ဖြတ်ခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button