ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ အမှတ် ၁ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်း ရဲတပ်ကြပ်တစ်ဦး ယမန်နေ့ ညနေပိုင်းက ဓားထိုးခံရပြီး သေဆုံးခဲ့သည်။
ရဲတပ်ကြပ် မောင်မောင်သန်းသည် ရဲစခန်းမှ ၎င်းနေထိုင်ရာ မကျည်းမြိုင်ရပ်ကွက်နေအိမ်သို့ ပြန်လာစဉ် ည ၈ နာရီခန့်အချိန်တွင် အမည်မသိလူနှစ်ဦးက ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ဓားဒဏ်ရာ ရှစ်ချက် ရရှိသွားသောကြောင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က Myanmar Now ကို ပြောသည်။
“အိမ်ကိုဝင်တဲ့အခါ အမည်မသိလူနှစ်ဦးက ဓားနဲ့လာပြီးထိုးတာ။ သူတို့တွေက မျက်နှာဖုံးမပါဘဲ ဒီအတိုင်းထိုးသွားတာ “ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တရားခံများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေပြီး ဇွန် ၃၀ နေ့လယ်ပိုင်းအထိ မည်သည့်ပုဒ်မဖြင့် အမှုဖွင့်လှစ်ထားသည်ကို မသိရှိရသေးကြောင်း ဦးသိန်းရွှေမောင်က ဆက်လက်ပြောသည်။
သေဆုံးသွားသည့် ရဲတပ်ကြပ်ကြီးသည် မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိဘဲ “သူက သိပ်အေးဆေးပဲ။ သဘောလည်းကောင်းတယ် “ဟု ဦးသိန်းရွှေမောင်က ဆက်ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်ကို သိရှိနိုင်ရန်အတွက် စစ်တွေမြို့၊ အမှတ် ၁ ရဲစခန်း စခန်းမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ ရဲအရာရှိများ၊ တပ်ဖွဲ့ဝင်များ ဓားထိုးခံရမှု တဖြည်းဖြည်းများပြားလာသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ က ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်တစ်ဦး မြို့လယ်ကောင်တွင် ဓားထိုးခံရပြီး သေဆုံးခဲ့သည်။
ဇွန် ၁၁ လည်း ဈေးဝယ်ထွက်လာသည့် တပ်မတော်အရာရှိတစ်ဦးကို လူတစ်စုက ဓားဖြင့်ထိုးပြီး အတူပါလာသည့် တပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ဖြစ်ပွားခဲ့သည်။
ယခုနှစ် မေ ၂၅ က စစ်တွေမြို့ရှိ စက်ရုံစုရပ်ကွက် (ယခင်အခေါ် နာဇီရွာ) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး မှာ ဓားထိုးခံရပြီး သေဆုံးသွားသည်။



