မကွေးတိုင်း၊ ဆိပ်ဖြူမြို့သို့ ဝင်ထွက်ရာတွင် အရေးပါသည့် လမ်းမကြီးများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ သတင်းနှစ်ပတ်ခန့် ကြာမြင့်လာပြီးနောက် မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း မြို့ခံများက ပြောသည်။
ဒေသခံကာကွယ်ရေးတပ်များ အင်အားကောင်းသည့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ဆိပ်ဖြူမြို့သို့ ဝင်ထွက်နိုင်သည့် အဓိကလမ်းမကြီးများကို စစ်ကောင်စီတပ်က ဇူလိုင် ၁၂ မှ စတင် ပိတ်ဆို့ထားပြီး အစားအသောက်၊ ဆေးဝါးသာမက အရေးပေါ်လူနာ သယ်ဆောင်မှုကိုပင် တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ဆန်နှင့် ဆီ သယ်ဆောင်မှုကို အဓိကစစ်ဆေးနေခြင်းကြောင့် ဆိပ်ဖြူနှင့် အနီးတစ်ဝိုက်တွင် ဆန်နှင့် ဆီ ပြတ်လပ်မှုများရှိလာကြောင်းလည်း သိရသည်။ ဆိပ်ဖြူအနီး ရွာတချို့တွင် တယ်လီဖုန်းဘေ၊ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များလည်း ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။
မြို့၏ အနီးပတ်ဝန်းကျင်တွင် စစ်ပြေးနေရသည့် ဒေသခံ ၂၀၀၀ ခန့်ရှိရာ ကုန်ပစ္စည်းရှားပါးလာမှုနှင့် စျေးနှုန်းကြီးမြင့်မှုတို့ကို စစ်ဘေးရှောင်များလည်း ခါးစည်ခံနေကြရသည်။
စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်များကို ထိုးစစ်ဆင်ရန်အတွက် ယင်းကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိပ်ဖြူPDF ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က ပြောသည်။
“ဒီဘက်ကို စစ်ကြောင်းထိုးမှာမလို့ ပြည်သူတွေရော၊ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့ဝင်တွေရော အခက်တွေ့အောင် ပိတ်ထားတာ” ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်က ဆိပ်ဖြူအနောက်ဘက် ဆောသို့ သွားရာ ဆိပ်ဖြူ-ကန်ဇွန်းမလမ်း၊ ပခုက္ကူ-ဆိပ်ဖြူလမ်းနှင့် ဆိပ်ဖြူမြောက်ပိုင်းလမ်းပိုင်းကို ဇူလိုင် ၁၂ မှ စတင် ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နှစ်ရက်အကြာတွင် ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်အစပ်ရှိ တောင်ရွာမရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူအနောက်ဘက်မှ ဆောနှင့် ကန်ပက်လက်မြို့တို့သည် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များ၊ ချင်းကာကွယ်ရေးတပ်များအကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားရာ မြို့များလည်းဖြစ်သည်။
စစ်ကောင်စီသည် ဇူလိုင် ၁၄ မှ စတင်ပြီး ဆိပ်ဖြူမြို့နယ်အတွင်း အင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ကိုသူရိန်က ရှင်းပြသည်။
ဇူလိုင် ၁၄ ရက်က အိမ်ခြေ ၃၀၀ ခန့်ရှိ တောင်ရွာမရွာအတွင်း မွှေနှောက်ပြီးနောက် နေအိမ်လေးလုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း၊ ထို့နောက် ရွာမှ ထွက်မည်ပြုစဉ် ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိသဖြင့် တောင်ရွာမရွာမှာပင် စစ်ကောင်စီတပ်က ညအိပ် တပ်စွဲခဲ့သည်ဟု ကိုသူရိန်က ပြောသည်။
ဇူလိုင် ၁၅ တွင်လည်း စစ်ကောင်စီတပ်သည် တောင်ရွာမရွာမြောက်ဘက်လျက်ရှိ ဆိုက်ခမ်းရွာနှင့် ယောချောင်းသာ ခြားသည့် ပခုက္ကူမြို့နယ် စိုင်ဖြူရွာကို ဆက်လက်စီးနင်းခဲ့ကြောင်း၊ ညနေပိုင်းတွင် အိမ်ခြေ ၁၅၀ ခန့်ရှိသည့် စိုင်ဖြူရွာကို ညပိုင်းတွင် မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၂၀ ထက်မနည်း မီးလောင်ပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။ ထို့နောက် ဆိပ်ဖြူမြို့နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကျေးရွာများကို ဆက်လက်စီးနင်းမှုများ ပြုလုပ်ခဲ့သော်လည်း မီးရှို့သည့်သတင်း မရသေးကြောင်း ကိုသူရိန်က ပြောသည်။
ထိုစစ်ကြောင်းသည် ယမန်နေ့ (ဇူလိုင် ၂၄) က ပခုက္ကူဘက်သို့ ထွက်ခွာသွားသော်လည်း ဆိပ်ဖြူမြို့ အဝင်အထွက်လမ်းများကိုတော့ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်များ ထွက်သွားသည့် သတင်းရပြီးနောက် မြို့မြောက်ပိုင်းရှိ ရွာခံအချို့မှာ နေရပ်ပြန်လည်နေထိုင်နေကြပြီဖြစ်သော်လည်း မြို့နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော်မှာမူ ယာယီစစ်ဘေးရှောင်စခန်းများတွင်သာ ဆက်လက်ခိုလှုံနေရဆဲဖြစ်သည်။
ဆိပ်ဖြူမြို့နယ်အတွင်း စီးနင်းခဲ့သည့်အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့များသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံနေသည့် နေရာများဖြစ်ကာ စစ်ကောင်စီကလည်း ကျေးရွာများကို လှည့်လည်စီးနင်းမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် တုံ့ပြန်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



