သတင်း

PDF ‌အယောင်ဆောင် စစ်သားကို ကောလင်းပကဖ ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်သားနှစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး၊ တစ်ဦး အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။

ဇူလိုင် ၁၄ တွင် မြို့အနောက်ဘက် မင်းတဲကြီးရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် အယောင်ဆောင်ထားသူများက လမ်းသွားလမ်းလာယာဉ်တို့ကို ငွေကြေးကောက်ခံနေကြောင်း သတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့သည်ဟု တိုက်နယ်အဆင့် ပကဖခေါင်းဆောင်တစ်ဦးက ပြောသည်။

ဆိုင်ကယ်စီးလာသည့် စစ်သားတို့က ၎င်းတို့ကို တားဆီးသည့် အဖွဲ့ဝင်နှစ်ဦးပါသော ပကဖ ကင်းအဖွဲ့ကို စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“စစ်ဆေးရေးလုပ်တဲ့ရှေ့ပွိုင့်ကို  လာပစ်တာ။ ရှေ့ပွိုင့်က နှစ်ယောက်လောက်ပဲ ရှိတာ။ အဲဒီတော့ သူတို့က ပစ်တာပေါ့။ ပြန်ပစ်တော့ တစ်ယောက်က လဲသွားတာ။ ကျန်တစ်ယောက်က ထွက်ပြေးတော့ စစ်ဆေးရေးအဖွဲ့တွေက အကုန်ဝိုက်ဖမ်းရတာ” ဟု သူက ဆက်ပြောသည်။

ကောလင်းမြို့အစွန်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း ထိုနေရာသို့  မြို့တွင်းရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ရောက်လာခြင်း မရှိကြောင်း ပကဖထံမှ သိရသည်။

သေဆုံးသူမှာ ကောလင်းမြို့ပေါ်တွင် တပ်စွဲထားသည့် ဝန်းသိုမြို့အခြေစိုက် အမှတ် (၁၁၁) ခြေမြန်တပ်ရင်းမှ တပ်သား ဝေလျှံထွန်းဆိုသူဖြစ်သည်၊ အရှင်ဖမ်းမိသူမှာ အမှတ် (၁၂၀) ခြေမြန်တပ်ရင်းမှ တပ်သားဟန်ဝင်းအောင် ဖြစ်သည်ဟု ဆိုသည်။

ထိုစစ်သားများသည် မြို့တွင်း၌ ပိုက်ဆံကောက်ရန် ဗိုလ်မှူးဆိုသူကို အသိပေးကာ အပြင်ထွက်လာကြခြင်းဖြစ်ကြောင်း၊ ဖမ်းမိပြီး သိပ်မကြာခင် ဗိုလ်မှုးဆိုသူက “ဘယ်ရောက်နေလဲ၊ ထွေအုပ်ရုံးထဲကို အမြန်ပြန်လာရန်” ဟု ဖုန်းဆက်လာကြောင်း ပကဖအဖွဲ့၏ ကနဦးစစ်ဆေးမှုများအရ သိရသည်ဟု အထက်ပါပကဖအဖွဲ့က ဆိုသည်။

အရှင်ဖမ်းမိသူထံမှ ကျည်အနည်းငယ်နှင့် လက်လုပ်ပစ္စတိုတစ်လက်၊ ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းနိုင်ခဲ့သည်၊ ထိုသူ့ကို  PDF ထံ လွှဲပြောင်းပေးခဲ့ပြီး သက်ဆိုင်ရာတပ်ရင်းက စစ်ဆေးနေသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် စစ်သားတစ်ဦးနှင့် လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ- ပေးပို့)

စစ်ကောင်စီတပ်သားတို့က ကောလင်းမြို့အနီးတစ်ဝိုက်တွင် အရပ်ဝတ်များနှင့် လက်လုပ်သေနတ်များ ကိုင်ဆောင်ပြီး PDF အယောင်ဆောင်ကာ ကားများ၊ ဆိုင်ကယ်များ၊ လောင်းကစားဝိုင်းများကို ပိုက်ဆံ အတင်းအကျပ်တောင်းခံနေကြောင်း မြို့နယ်ပကဖအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

“လုပ်နေတာ ကြာပြီ။ စုံစမ်းနေတာ ကြာပြီ။ ကျွန်တော်တို့ စိုးမိုးနယ်မြေကို သေနတ်တွေနဲ့ ရောက်..ရောက်လာတာ။ အဲဒါကြောင့် စစ်ဆေးရေးလုပ်နေရတာဗျ” ဟု သူက ဆိုသည်။

အဆိုပါပစ်ခတ်မှုများဖြစ်ပြီး နောက်တစ်ရက်တွင် ဝန်းသိုမြို့မှ စစ်သားအင်အား ၁၂၀ ခန့် က ကောလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ယမန်နေ့က ကောလင်းမြို့ပေါ်သို့ ရောက်ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် နီးစပ်သည့် ကောလင်း၊ ကသာ၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့် စသည့် မြို့နယ်များတွင် ဒေသခံတို့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကူညီထောက်ပံ့မှုများဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံနေကြသည်။

စစ်ကောင်စီ ထိန်းချုပ်မှုအားနည်းလာသည့် အဆိုပါဒေသများအပါအဝင် စစ်ကိုင်း၊ ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် ပြောခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button