သတင်း

မောင်တောမြို့အနီးဖြစ်ပွားသည့်တိုက်ပွဲတွင် နယ်ခြားစောင့်ရဲသုံးဦးနှင့်အရပ်သားတစ်ဦးသေဆုံး

မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်အုပ်စု သဝင်ချောင်းရွာပျက်နီး ဆားငံတတ်ချောင်းတွင် ဇွန် ၂၂ ညနေပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်( AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အရပ်သားတစ်ဦးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် အင်းဒင်ရဲကင်းစခန်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ မော်တော်ယာဉ်များဖြင့်ထွက်ခွာလာစဉ် ကိုးတန်ကောက်ကျေးရွာအနီးအရောက် AA အဖွဲ့က ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ 

ရဲဝန်ထမ်းများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို မောင်းနှင်သူ အရပ်သားသေဆုံးကာ ယာဉ်နောက်လိုက်သည်လည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ယမန်နေ့ညနေပိုင်းက သဝင်ချောင်းဘက်သို့သွားသည့် အင်းဒင်ကျေးရွာမှ အမျိုးသမီးအချို့မှာ သဝင်ချောင်းနှင့် ကိုးတန်ကောက်ကြားတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်လာ၍ ကြောက်လန့်ထွက်ပြေးခဲ့ရသည်ဟု အမည်မဖော်လိုသည့် အင်းဒင်ကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ရွာက မိန်းကလေးတွေက သဝင်ချောင်းနယ်ခြားစောင့် ရဲကင်းစခန်းအောက်က ချောင်းမှာ ဂုံးသွားကောက်ကြတယ်။ ဂုံးကောက်နေတဲ့အချိန်မှာ ကိုးတန်ကောက်နဲ့ သဝင်ချောင်းကြားမှာ လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်သံတွေကြားလို့ ပြေးလာကြတယ်” ဟု အဆိုပါအင်းဒင်ရွာသားက ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသည့် အရပ်သားဖြစ်သူ ယာဉ်မောင်း၏အလောင်းကို မောင်တောခရိုင်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်လာစဉ် (ဓာတ်ပုံ – သန့်မြတ်ခိုင်)

ဆားငံတက်ချောင်းသည် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်နှစ်ခုကြား မြို့နယ်ချင်းဆက်စပ်နေသည့် နယ်မြေတစ်ခုဖြစ်ပြီး ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာနှင့် သုံးမိုင်ခန့် ဝေးကြောင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မောင်တောမြို့နယ်အတွင်းဖြစ်ကာ ကျေးရွာများနှင့် အလှမ်းဝေးသည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“အခုဖြစ်တဲ့နေရာက ရွာနဲ့ အရမ်းဝေးတယ်။ အမှန်ဆိုရင် မောင်တောမြို့နယ်ဘက်ကို ကျတယ်။ မနက်မိုးလင်းမှ အဲဒီနားမှာ ကားတစ်စီးအပျက်ကိုတွေ့တယ်လို့ အဲဒီကလူတွေက ပြောပါတယ်။ အဲဒီကားကလည်း အရပ်သားကားလို့ ပြောကြတယ်။ ကိုယ်တိုင်မြင်ရတာမဟုတ်တဲ့အတွက် ပြောဖို့ခက်ခဲတယ်” ဟု ဦခင်မောင်လတ်က ပြောသည်။

အငူမော်ဘက်မှ မောင်တောဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်လိုင်းကားများနှင့် အရပ်ဘက်ကားများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာအနီး ပိတ်မိနေခဲ့ကာ မနက်မိုးလင်းမှ ပြန်ခဲ့ရသည်ဟု ကားသမားများ၏ ပြောကြားချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းနှင့် အင်းဒင်နယ်ခြားစောင့် ရဲကင်းစခန်းများမှ လက်နက်ကြီးပစ်ခတ်သံများကို ထိုနေ့ည ၉ နာရီအထိ ကြားနေရသည်ဟု အင်းဒင်ကျေးရွာသားတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ အငူမော် – မောင်တော ကားလမ်းဘေးရှိ ဒုံးပိုက်ကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခုကိုလည်း AA က ဇွန် ၁၃ တွင် ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒုံးပိုက်ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။

Show More

Related Articles

Back to top button