သတင်း

မန္တလေးတွင် နတ်ဆိုးတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရ

မန္တလေးတိုင်းအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခု၏ ခေါင်းဆောင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း မြို့ခံများနှင့် တော်လှန်ရေးအဖွဲ့တချို့ထံမှ သိရသည်။

ဇူလိုင် ၈ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ လမ်း ၃၀၊ ၇၇ နှင့် ၇၈ လမ်းကြားရှိ ဆေးခန်းတစ်ခုသို့ နတ်ဆိုးမြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းအောင် သွားရောက်စဉ် အရပ်ဝတ်များဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်သားများက ယင်းဆေးခန်းရှေ့၌ ဖမ်းဆီးသွားကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆေးခန်းရှေ့မှာ ဖမ်းသွားတာ။ ဘာဖြစ်သွားမှန်းတောင် သေချာမသိလိုက်ဘူး။ ဆေးကုနေတုန်း ဖမ်းတာ မဟုတ်ဘူး။ ရှေ့မှာ စာရင်းပေးဖို့ ရပ်နေတဲ့အချိန် ဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။

သူနှင့်အတူ မပပဝင်း ဆိုသူလည်း ဖမ်းဆီးခံရသည်ဟု သိရသည်။

မန္တလေးပြောက်ကျားအဖွဲ့ဝင်တစ်ဦးကလည်း ယင်းဖမ်းဆီးခံရမှုကို အတည်ပြုသည်။

ကိုငြိမ်းချမ်းအောင်သည် ရရှိခဲ့သည့်ဒဏ်ရာ ဆေးကုသရန် သွားရောက်စဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း၊ အတူဖမ်းဆီးခံရသူမှာ အဖွဲ့ဝင် ဟုတ်မဟုတ် မသိရှိသေးကြောင်း သူက ဆိုသည်။

စစ်ကောင်စီကလည်း အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ယမန်နေ့ (ဇူလိုင် ၁၂) တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ ထုတ်ပြန်ချက်တွင် နတ်ဆိုးမြို့ပြပြောက်ကျားအဖွဲ့သည် ယမန်နှစ် ဇန်နဝါရီမှစ၍ မန္တလေး မြို့တွင်းမြို့ပြင် ပစ်ခတ်သတ်ဖြတ်၊ ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် မတ်လ ၂၀ တွင် မန္တလေး ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၊ ဧပြီ ၁၉ တွင် ပုသိမ်ကြီး နန်းဦးလွင်ကျေးရွာနေ လျှပ်စစ်ရုံးမန်နေဂျာ ဦးကျော်ရင်အောင်၊ ဇွန် ၁၉ တွင် ပုသိမ်ကြီးမြို့နယ် ကံသာကျေးရွာ ရာအိမ်မှူး ဦးသန်းဆွေတို့ကို ပစ်ခတ်လုပ်ကြံခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ဧပြီ ၂၀ တွင်လည်း ပုသိမ်ကြီးမြို့နယ် မြကန်သာဈေးအနီး Light Truck ကားတစ်စီးပေါ်မှ သံဃာအယောင်ဆောင်ထားသည့် အဖွဲ့ဝင်များက ဈေးဝယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားသည်။

ထို့နောက် ယင်းတပ်ဖွဲ့မှ ဖမ်းဆီးရန် ကျန်ရှိသည့် အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

မြကန်သာဈေးအနီး ပစ်ခတ်မှုတွင် ဈေးဝယ် ပြန်လာသော စစ်သားများ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများကို ကိုးကား၍ Myanmar Now က သတင်းဖော်ပြခဲ့သည်။

ယမန်နှစ် နှစ်လယ်က မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ဖမ်းဆီးခံထားရသော်လည်း မန္တလေးမြို့တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း မန္တလေးမြို့ပေါ်တွင် Urban Guerrilla Force-MDY အမည်ရ မြို့ပြပြောက်ကျားအဖွဲ့ဝင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား သုံးဦး ဖမ်းဆီးခံခဲ့ရသေးသည်။ အဖမ်းခံရအပြီး ရက်ပိုင်းအတွင်း ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ စစ်ကြောရေးစခန်း၌ သေဆုံးသွားသည်။

သေဆုံးရသည့်အခြေအနေကို စစ်ကောင်စီက ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း မြို့ပြပြောက်ကျားအဖွဲ့များနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

“အိမ်က အသက်ရှင်မရှင်ပဲ မေးကြည့်တော့ ရက်လည်လုပ်လိုက်တော့လို့ ပြောပါတယ်။ ဖမ်းမိပြီး ၃ ရက်လောက်နဲ့ မှန်းပြီး လုပ်လိုက်လို့ပဲ ပြောပါတယ်။ စစ်ကြောရေးထဲ ၂ ရက် ၃ ရက်ပဲ ခံလိုက်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

အခြားသုံးဦး၏ အခြေအနေကိုမူ ယနေ့တိုင် မသိရှိရသေးဟု သိရှိရသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်ပုန်ကန်မှု အားကောင်းခဲ့သည့် မန္တလေးမြို့တွင် ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဆရာမများ၊ သံဃာတော်များအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူ မြို့ခံ ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ထိုအထဲမှ အချို့မှာ စစ်ကောင်စီ၏ နာမည်ကျော် နန်းတွင်းစစ်ကြောရေးတွင် စစ်ဆေးမေးမြန်းခံနေရစဉ် သေဆုံးသွားခဲ့ပြီး အလောင်းပင် ပြန်မရသည့် ဖြစ်စဉ်များစွာလည်း ရှိနေသည်။

ဆန္ဒပြလျှင်ပင် ပစ်သတ်နေသည့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့အများအပြားလည်း ပေါ်ပေါက်လာပြီးနောက် နှစ်ဖက်တိုက်ခိုက်မှုများ ပြင်းထန်နေဆဲဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button