စီးပွားရေးသတင်း

အခွန်သက်သာခွင့် အကျိုးသက်ရောက်မှုနည်းဟုဆို 

ကိုဗစ်နိုင်တင်း (Covid-19) စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ အခွန်သက်သာခွင့်ပေးမည့်အစီအစဉ် မှာ ရှုပ်ထွေးပြီး စီးပွားရေးကဏ္ဍတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု အားနည်းကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်သည်။

အခွန်သက်သာခွင့် အမျိုးအစားလေးမျိုးအတွက် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေဆိုင်ရာအမိန့်ကို သမ္မတရုံးက ယခုလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အခွန်သက်သာခွင့်လေးမျိုးနှင့်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ယခုလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခွန်သက်သာခွင့်လေးမျိုးမှာ (၁) လုပ်ခလစာအပေါ် အခွန်ခုနှိမ်ခွင့်ပြုခြင်း၊ (၂) လုပ်ခလစာအပေါ် အသုံးစရိတ်တိုးမြှင့်နုတ်ပယ်ခွင့်ပြုခြင်း၊ (၃) မ-တည်ပိုင်ပစ္စည်းများနှင့်ဆိုင်သည့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ခုနှိမ်ခွင့်ပြုခြင်းနှင့် (၄) ထပ်တိုး မ-တည်ပိုင်ပစ္စည်းများအပေါ် တန်ဖိုးလျော့စရိတ် တိုးမြှင့်ခွင့်ပြုခြင်းများဖြစ်သည်။

အခွန်သက်သာခွင့်အရ ထပ်တိုးပေးချေရသည့် လုပ်ခလစာစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို အခွန်ခုနှိမ်ခွင့်၊ ထပ်တိုးပေးချေရသည့် လုပ်ခလစာစုစုပေါင်း၏ ၁၂၅ ရာခိုင်နှုန်းကို အသုံးစရိတ်အဖြစ် နုတ်ပယ်ခွင့်၊ မတည်ပစ္စည်းတိုးချဲ့ဝယ်ယူရာတွင် စုစုပေါင်းပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို အခွန်ခုနှိမ်ခွင့်နှင့် ထပ်တိုးရယူသည့် မတည်အပိုင်ပစ္စည်းများအတွက် တန်ဖိုးလျော့စရိတ်၏ ၁၂၅ ရာခိုင်နှုန်းကို စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုမည်ဖြစ်သည်။

ယခုအခွန်ဖြေလျှော့မှုသည့် လုပ်ငန်းအမျိုးအစားအလိုက် ခံစားပိုင်ခွင့်ကွာခြားမည်ဖြစ်ပြီး စက်ယန္တရားများ၊ အလုပ်သမားဝန်ထမ်းအများအပြားဖြင့် လည်ပတ်နေသည့် ကုမ္ပဏီများအတွက် သက်သာခွင့်ပိုရနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က Myanmar NOW ကိုပြောသည်။ 

အစိုးရအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ငန်းတိုးချဲ့စေလိုပြီး ဝန်ထမ်းများထပ်မံခန့်အပ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အခွန်ဖြေလျှော့ခြင်းဖြစ်ကာ ထပ်မံတိုးလာမည့် ဝန်ထမ်းလစာပမာဏ၊ ထပ်တိုးဝယ်ယူမည့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များကို ဝင်ငွေခွန်ဆောင်ရာတွင် ခုနှိမ်ခွင့်နှင့် နုတ်ပယ်ခွင့် ပိုပေးခြင်းဖြစ်သည်။

ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုသည် အကြမ်းဖျင်းအမြတ် ကျပ်သိန်း ၁၀၀၀ ရရှိရာတွင် ကုန်ကျစရိတ် ၅၀၀ နုတ်ပါက အမြတ်သိန်း ၅၀၀ အပေါ်တွင် ၂၅ ရာခိုင်နှုန်းပေးဆောင်ရသော်လည်း ယခုအခါ ကုန်ကျစရိတ် ၅၀၀ တွင် ရာခိုင်နှုန်းအလိုက်နုတ်ပယ်ခွင့် ပိုမိုရမည်ဖြစ်ရာ ဝင်ငွေခွန်ပေးဆောင်ရာတွင် လျော့နည်းသွားမည့် သဘောဖြစ်သည်။

ထပ်တိုးရင်းနှီးမြှုပ်နှံမှုအပေါ် သက်သာခွင့်ပေးခြင်းဖြင့် ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်နေသည့် စီးပွားရေးလုပ်ငန်းများ ခံစားခွင့်မရနိုင်ကြောင်း အဆိုးမြင်ဝေဖန်မှုများရှိသော်လည်း စီးပွားရေးကို ပြန်လည်လှုံ့ဆော်သည့်အနေဖြင့် ယင်းကဲ့သို့ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

စီးပွားရေးလုပ်ငန်းများတိုးချဲ့ခြင်းနှင့် အလုပ်သမားတိုးမြှင့်ခန့်အပ်ခြင်းကို အခြေခံ၍ အခွန်သက်သာခွင့်ပေးခြင်းဖြစ်သော်လည်း ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် လုပ်ငန်းများတိုးချဲ့ရန် မလွယ်သဖြင့် အကျိုးသက်ရောက်မှုနည်းကြောင်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

“အလုပ်သမားတွေတိုးခန့်နိုင်တာ၊ အလုပ်တွေတိုးချဲ့ပြီးတော့ အခြေခံပစ္စည်းဝယ်နိုင်တယ်ဆိုတာနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ အရောင်းအဝယ်အားလုံးက တုံ့နှေးသွားတယ်။ ယေဘုယျအားဖြင့်တော့ ဒီအခွန်ဖြေလျှော့မှုက စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုအလွန်နည်းတယ်” ဟု ၎င်းက ပြောသည်။

အခွန်ဖြေလျှော့မှုသည် စာရင်းမှန်မှန်ကန်ကန်တင်ပြကာ အခွန်ပေးဆောင်သည့် ကုမ္ပဏီကြီးများအတွက် အခွန်သက်သာခွင့်ပေးရာရောက်ပြီး စာရင်းဇယားစနစ်တကျမရှိသည့် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အခွန်သက်သာခွင့်ပေးသော်လည်း အကျိုးမထူးကြောင်း မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်က ပြောသည်။

“နဂိုကတည်းကိုက SME လေးတွေက စာရင်းလည်း စနစ်တကျမရှိဘူး။ အဲ့ဒီအပေါ်မှာသွားကြည့်မယ်ဆိုရင် မြန်မာစကားပုံလိုပေါ့။ ပေးကားပေး၏ မရဖြစ်နိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုကို ပြန်လည်ကုစားနိုင်ရန် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေးသုံးစွဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ရည်မှန်းထားသည်။ 

အခွန်ဝင်ငွေလျော့ကျမှုကြောင့် ဘဏ္ဍာရေးလိုငွေပြနိုင်သော်လည်း အသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက် မကျော်ရန် ဆောင်ရွက်နေကြောင်း ဒီချုပ်ပါတီ၏ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးဟံသာမြင့်က Myanmar Now ကို ပြောကြားထားသည်။ 

ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် ပြည်တွင်းအခွန်ရရှိမှုမှာ ယခင်နှစ်ထက် ကျပ်ဘီလျံ ၁၂၀၀ ကျော်အထိ လျော့နည်းနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ခန့်မှန်းထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၈ – ၂၀၁၉ တွင် အခွန်ဝင်ငွေစုစုပေါင်း ကျပ် ၆၅၈၁ ဒသမ ၃ ဘီလျံရရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာတွင်မူ ကျပ် ၅၃၁၁ ဒသမ ၂ ဘီလျံသာ ရရှိမည်ဟု အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Myanmar Now ကို ပြောကြားထားသည်။

Show More

Related Articles

Back to top button