သတင်း

မတ္တရာအရှေ့ခြမ်းတွင် စခန်းရွှေ့သော စစ်သားများ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် နှစ်လကျော်ကြာ စခန်းချထားသော ရွာမှ ထွက်ခွာရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ဇူလိုင် ၉ တွင် မြို့နှင့် ၁၀ မိုင်ခန့်အကွာ မြောင်းသစ်ကျေးရွာမှ ထွက်ခွာရန် ပြင်ဆင်နေသော အင်အား ၄၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်၊ ရွာမှ ထွက်ခွာလာပြီး စိုက်ပျိုးရေးမြောင်းမကြီးကို ကူးကာ မူးဘောင်အတိုင်း တက်လာသည့် ထိုစစ်သားများ မိုင်းကွင်းကို ဖြတ်သန်းသွားစဉ် အချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့သည်ဟု ပကဖတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နေရာ ၃ ခုမှာ တိုက်ခိုက်တာမှာ မြောင်းသစ် (ရွာ) ထဲမှာတော့ နှစ်ယောက် ထိတယ်။ မြောင်းမကြီးကို ကူးပြီးမှ မိုင်းကွင်းထဲမှာ တိုက်ခိုက်ရာမှာတော့ ၅ ယောက် သေဆုံးတယ်” ဟု သူက ပြောသည်။

ထိုစစ်သားများကို ၃ မိုင်ခန့်အကွာ ရှားစေးချက်ရွာအနီး မိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။

“ရှားစေးချက်ရွာနားမှာတော့ အထိအခိုက် မသိရသေးဘူး” ဟု သူက ပြောသည်။

နေရာပြောင်းရာတွင် လမ်းတစ်လျှောက် ဒေသခံတချို့ကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုနေသည့်အတွက် တိုက်ခိုက်မှုအများအပြား မဖော်ဆောင်နိုင်ခဲ့ကြောင်း ပကဖအဖွဲ့က ဆိုသည်။

သေဆုံး၊ ဒဏ်ရာရ စစ်သားများကို အနီးရှိ ကျောက်တံတားကျေးရွာ အခြေချစစ်စခန်းသို့ ခေါ်သွားကြောင်း၊ ထမ်းစင်များ ထမ်းလာသည့် စစ်သားများကိုလည်း တွေ့မြင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့နောက် မြောင်းသစ်ရွာအနီးဝန်းကျင်ကို တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) တံဆိပ်ပါ ယူနီဖောင်းတချို့၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ် (ကပစ) တံဆိပ်ပါ ယူနီဖောင်းတချို့အပါအဝင် စစ်တပ်အသုံးအဆောင်များ တွေ့ရသည်ဟု ဆိုသည်။

ပကဖထံမှ ရရှိသော ဓာတ်ပုံများတွင် တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်ရာထူးတံဆိပ်များ၊ ကင်းတာဝန်ကျစာအုပ်တို့ကို တွေ့ရှိရသည်။

ပကဖ ပြောဆိုသည့် စစ်တပ်က ဒေသခံတို့ကို ဓားစာခံအဖြစ် ဖမ်းခေါ်ထားမှု၊ စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်သေဆုံးမှုတို့နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

သိမ်းဆည်းရမိသော အသုံးအဆောင်တချို့နှင့် ကင်းစာအုပ်။ (ဓာတ်ပုံ-ပေးပို့)

ယခုလဆန်းမှ စတင်၍ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကင်းရွာ၊ မြောင်းသစ်၊ ကြပ်ပြင် စသည့် ကျေးရွာများတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်များမှာ အနောက်ခြမ်းရှိ ရှားစေးချက်၊ ကျောက်တံတားကျေးရွာများသို့ တပ်စခန်းနေရာ ပြောင်းရွှေ့နေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မတ္တရာအရှေ့ဘက်ခြမ်းရွာများသည် စစ်ကောင်စီ စစ်ကြောင်း ရောက်လာပါက ဘေးလွတ်ရာ တိမ်းရှောင်သွားလေ့ရှိကြောင်း၊ ဒေသခံတို့ မရှိသဖြင့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်ကို ဝင်တိုက်ရန် လွယ်ကူကြောင်း မြို့နယ်ပကဖ တာဝန်ရှိသူက ပြောသည်။

ပျူစောထီး ခေါ် ပြည်သူ့စစ်များ ရှိတတ်သည့် အနောက်ခြမ်းရွာများတွင်မူ ဒေသခံအများအပြားက တိမ်းရှောင်ခြင်း မပြုကြောင်း၊ ထိုဒေသခံတို့ကို ထိခိုက်မည် စိုးရိမ်သဖြင့် ဝင်ရောက်တိုက်ခိုက်ရန် ခက်ခဲနေကြောင်း သူက ဆက်ပြောသည်။

“အနောက်ခြမ်းရွာတွေကကျတော့ အဲဒီလို မဟုတ်ဘူး။ စစ်သားတွေလာလည်း မထွက်ကြတော့ တိုက်ခိုက်တာတွေ မလုပ်နိုင်ဘူး” ဟု မြို့နယ်ပကဖ တာဝန်ရှိသူက ပြောသည်။

ဤအခြေအနေတွင် စစ်ကောင်စီလက်နက်ကိုင်တို့ အနောက်ဘက်သို့ ကူးပြီး စခန်းပြောင်းထိုင်ကြခြင်းမှာ ပိုမို လုံခြုံရေးအတွက် ဖြစ်သည်ဟု သူက သုံးသပ်သည်။

၂၀၂၁ ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် မတ္တရာမြို့နယ်ပကဖသည် ၂၀၂၃ ဇူလိုင်အထိ စစ်ဆင်ရေးပေါင်း ၆၀ ကျော် ဖော်ဆောင်ခဲ့သည်၊ စစ်သားနှင့် ရဲ ရာဂဏန်း သေဆုံးသည်ဟု ဆိုသည်။

မန္တလေးမြို့မြောက်ဘက် မတ္တရာနယ်သည် တော်လှန်ရေး အားကောင်းသောကြောင့် စစ်ကောင်စီတပ်က အမြဲ စစ်ကြောင်းထိုးလေ့ရှိသော ဒေသဖြစ်သည်။

ယခုနှစ် ဧပြီ ၂၂ မှ ၂၅ အတွင်း စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် မတ္တရာမြို့နယ်အရှေ့ခြမ်းကို စီးနင်းပြီး ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့သည်၊ ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရသည်၊ မြောင်းသစ်၊ အောင်ချမ်းသာ၊ ငါးလုံးပြွန်၊ လက်ဝဲကြီးကျေးရွာတို့ကို မီးရှို့ခဲ့သည်ဟု သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button