အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတောင်ပိုင်းသို့ အဓိက ဆက်သွယ်ထားရာ လမ်းမကြီးများပေါ်တွင် ယာဉ်အသွားအလာ ကန့်သတ်လိုက်သော်လည်း စစ်ဆေးချိန် ပိုကြာမြင့်သည်မှလွဲ၍ ယာဉ်များ ပုံမှန် သွားလာနေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် ယာဉ်မောင်းတချို့ထံမှ သိရသည်။
NUG လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၂) က ဒေသတွင်း အဓိကလမ်းတချို့ကို ဇူလိုင် ၁ မှ စတင်ပြီး ညအချိန် သွားလာခွင့် ပိတ်ပင်ထားသလို နေ့အချိန်တွင်လည်း မော်တော်ယာဉ်များကို ရပ်တန့်စေပြီး စစ်ဆေးနေသည်။
အလားတူ မော်လမြိုင်-သံဖြူဇရပ် – ရေး-ထားဝယ်မြို့များကို ဖြတ်သန်းသွားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတွင်လည်း ဇွန် ၁၅ မှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) က ယာဉ်အသွားအလာများ စစ်ဆေးနေပြီး NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကလည်း ပူးပေါင်းဆောင်ရွက်နေသည်။
စစ်တပ်နှင့် ဆိုင်သည့် ပစ္စည်းကို သယ်ယူပေးခြင်း မပြုရန်၊ ၎င်းတို့နှင့်အတူ စီးနင်းလိုက်ပါခြင်း မပြုရန် တားမြစ်ခြင်းဖြစ်သည်ဟု KNU က ပြောထားသည်။
ထိုသို့ တားမြစ်စစ်ဆေးနေသော နေရာများသည် မြန်မာနိုင်ငံ၏ အရေးပါသော ကုန်သွယ်မိတ်ဖက်ဖြစ်သည့် ထိုင်းနိုင်ငံနှင့် ထိစပ်ရာ နယ်စပ်သို့ သွားရာလမ်းများ ပါဝင်နေ၍ စစ်ဆေးမှုနှင့် ရင်ဆိုင်ရသည့် မော်တော်ယာဉ်များ အချိန်ကြန့်ကြာမှုအနည်းငယ်ရှိသော်လည်း ပုံမှန် သွားလာနေကြကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
“ပုံမှန်တော့ ကားတွေ သွားနေကြပါတယ်။ သိပ်အခက်အခဲမရှိပါဘူး။ ကားတွေက သူလိုကိုယ်လိုပဲ သွားနေကြပါတယ်။ အစစ်ဆေးခံရတဲ့ အခက်အခဲကတော့ ပုံမှန်ထက် ပိုအချိန်ပေးရတဲ့ သဘောပါပဲ။ ထူးထူးခြားခြားတော့ ဘာမှ မရှိပါဘူး” ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထိုလမ်းပိုင်းများ၌ နှစ်ဖက်တပ်များက စစ်ဆေးမှု တင်းကျပ်နေပြီး စစ်တပ် ဂိတ်စခန်းများက ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည်ဟု ကုန်ကားယာဉ်မောင်းများကို ကိုးကား၍ ၎င်းနှင့် အခြားယာဉ်မောင်းတစ်ဦးက ပြောသည်။
NUG ထုတ်ပြန်ချက်အတိုင်း လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးပါက အန္တရာယ်မရှိကြောင်း ရန်ကုန်-ထားဝယ် လမ်းကြောင်းတွင် ကုန်ကားမောင်းသည့် အသက် ၄၀ ကျော်အရွယ် ယာဉ်မောင်း အမျိုးသားတစ်ဦးက ပြောသည်။
“စစ်တပ်ဂိတ်ကတော့ ပိုက်ဆံတောင်းတယ်။ PDF ဂိတ်ကတော့ ပိုက်ဆံမတောင်းဘူး ကွမ်းယာပါရင် ကွမ်းယာ၊ ဆေးလိပ်ပါရင် ဆေးလိပ်ပေးလိုက်ပေါ့၊ အဲဒါမျိုးပဲ၊ မေးတာတော့ သူတို့က စစ်တပ်ပစ္စည်း ပါလား မေးတာ၊ ခုအစိုးရ (စစ်ကောင်စီ) နဲ့ ပတ်သက်တဲ့ ပစ္စည်းတင်ရင် မကြိုက်ဘူး” ဟု အထက်ပါယာဉ်မောင်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှာ တံတားများ၊ မြို့အဝင်အထွက်နေရာများတွင် တည်ရှိပြီး တော်လှန်ရေးအင်အားစုကမူ စစ်ဆေးသည့် နေရာကို အတည်တကျ သတ်မှတ်ထားခြင်း မရှိပေ။
ဆယ်ဘီးတပ် မော်တော်ယာဉ်မောင်းနှင်သူ အမျိုးသားတစ်ဦးက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စစ်ကောင်စီဂိတ်များသာ တွေ့ရသည်၊ ငွေပေးရသည်ဟု ပြောသည်။
“ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်တယ်ဆိုပြီး ဗီနိုင်းကပ်ထားပေမဲ့ တောင်းတာပါပဲ။ မန္တလေး၊ နေပြည်တော် မြို့ထဲရောက်ရင် မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) အဖွဲ့ပေါင်းစုံ ပေးရတာ။ PDF တွေ (လမ်း) စစ်တာတော့ မရှိပါဘူး” ဟု လတ်တလောအခြေအနေကို ပြောပြသည်။
NUG က မော်တော်ယာဉ်များ ညဘက် သွားလာမှု ကန့်သတ်ထားပြီး နောက်ပိုင်း နေပြည်တော်မှ မြဝတီနှင့် ပဲခူးလမ်းဟောင်းမှ သွားသည့် အဝေးပြေးကားများလည်း ညပိုင်းအချိန်များကို ရပ်ဆိုင်း၍ နံနက်ပိုင်း တစ်နေ့လျှင် တစ်ကြိမ်သာ ပြေးဆွဲတော့ကြောင်း ကားဂိတ်တချို့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်-မော်လမြိုင်- နေပြည်တော်- မြဝတီ လမ်းကြောင်းတို့တွင်လည်း ညဘက်ပြေးဆွဲသည့်ခရီးစဉ်များ မရှိဘဲ နံနက်ပိုင်းခရီးစဉ်များသာရှိကြောင်း ကားဂိတ်များထံမှ စုံစမ်းသိရှိရသည်။
သွားလာနေသောယာဉ် ရာခိုင်နှုန်း ၆၀ ခန့်က PDF ထုတ်ပြန်ချက်ကို လိုက်နာကြောင်း ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောသည်။
“လိုက်နာမှုကတော့ အရင်ကထက်ပိုပြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ တချို့ပြည်သူတွေလည်း စာနာနားလည်မှုရှိရှိနဲ့ တော်လှန်ရေးအပေါ်မှာ ဝိုင်းဝန်းပြီးတော့ တတ်နိုင်တဲ့ဘက်က ပါဝင် ဖြည့်ဆည်းတဲ့အနေနဲ့ လိုက်နာကြတာတွေလည်း ကျွန်တော်တို့ဘက်က တွေ့ရပါတယ်။ တချို့သော မလိုက်နာတဲ့ ပြည်သူလူထုလည်း ရှိနေပါသေးတယ်” ဟု သူက ဆိုသည်။
လတ်တလောတွင် ခရီးကြန့်ကြာမှုရှိသော်လည်း ကုန်စည်စီးဆင်းနေဆဲဖြစ်သောကြောင့် ကုန်ဈေးနှုန်းများအပေါ် သက်ရောက်မှု မရှိသေးကြောင်း ဘုရင့်နောင်ပွဲရုံမှ မန်နေဂျာတစ်ဦးက ပြောသည်။
“ခုထိ ကုန်စည်က စီးဆင်းနေဆဲပဲဆိုတော့ ဈေးနှုန်းက ပုံမှန်ပါပဲ၊ လမ်းမတွေပိတ်ပြီး တိုက်ပွဲဖြစ်မယ်၊ ကုန်စည်မစီးဆင်းတော့ဘူးဆိုရင်တော့ ဈေးနှုန်းပေါ် သက်ရောက်မှုရှိမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်” ဟု သူက သုံးသပ်သည်။
စစ်ရေးအရှိန်မြှင့်ရန် ရည်ရွယ်၍ နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအကြား ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်း ရန်ကုန်-မုတ္တမ၊ ကရင်ပြည်နယ်အတွင်း ရန်ကုန်- ဖားအံလမ်းပိုင်းတို့တွင် ယာဉ်များ သွားလာခြင်း မပြုရန် NUG လက်အောက်ခံ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲက ဇူလိုင် ၁ တွင် ကြေညာခဲ့သည်။
ထိုသို့ လမ်းမကြီးများပေါ်တွင် ယာဉ်သွားလာခွင့်ကို အချိန်နှင့် ကန့်သတ်လိုက်သော်လည်း ကုန်စည်ပို့ဆောင်ရေးအတွက် အကျိုးသက်ရောက်မှု မရှိဘဲ ပုံမှန်လည်ပတ်နေကြောင်း ရန်ကုန်မြို့မှ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ သို့ရာတွင် လက်ရှိအခြေအနေကို မှတ်ချက်ပေးရန် ငြင်းဆန်သည်။
ဇွန် ၁၈ ရက်နေ့က ထိုသို့ စစ်ဆေးနေစဉ် စစ်ကောင်စီနှင့် ဆက်စပ်သည်ဟု ယူဆရသည့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း KNU က ပြောသော်လည်း နောက်ပိုင်းတွင် ဆက်စပ်မှုမရှိကြောင်း တွေ့ရှိသဖြင့် ပြန်လွှတ်ပေးခဲ့သည်။ အလားတူ ဇွန် ၂၆ ကလည်း ခရီးသည်တင်ကားပေါ်တွင် ရဲအသုံးဆောင်ပစ္စည်းများ သယ်ယူလာသည်ကို ဖမ်းဆီးရမိသောကြောင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံးက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ရန်အတွက် သွားလာမှုကန့်သတ်ခြင်း ဖြစ်ကြောင်း NUG တောင်ပိုင်းစစ်ဒေသ အမှတ် (၂) ၏ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက Myanmar Now ကို ပြောသည်။
“ပြည်သူတွေ သွားရေးလာရေး အခက်အခဲရှိကောင်းရှိနိုင်တယ် ဆိုပေမဲ့ စစ်ကောင်စီက ဒီလမ်းတွေကို အဓိကထားပြီးတော့ စစ်အင်အားရွှေ့တာတွေ၊ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ အဓိကထား လုပ်နေလို့ စစ်ရေးအရ တားမြစ်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ညဘက်သွားလာခြင်းကို ကန့်သတ်လိုက်ခြင်းမှာ စစ်တပ်က ညပိုင်းတွင်လည်း ခရီးသည်ယာဉ်များကို အသုံးပြု၍ အသွင်ယူရွှေ့ပြောင်းနေ၍ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းတို့အနေဖြင့် အဝေးပြေးကုန်တင်ကားများနှင့် ခရီးသွားများအတွက် ထိခိုက်မှု နည်းစေရန် လုပ်ဆောင်သွားမည်ဟု NUG ဘက်က ဆိုသည်။
NUG လက်အောက်ခံ အမှတ် (၂) စစ်ဒေသခွဲ လှုပ်ရှားရာ ဒေသများတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့ ပါဝင်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)