သတင်း

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးမင်းသိန်း ရွေးချယ်ခံထားရ

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ ၎င်း၏ မူလမဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ် မဲဆန္ဒနယ် (၂) အတွက် ပထမဦးစားပေး ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံထားရပြီဖြစ်သည်။

လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးတွင် မြို့နယ် ရပ်မိ၊ ရပ်ဖများနှင့် ပါတီ အလုပ်အမှုဆောင်များ ယနေ့ မဲခွဲဆုံးဖြတ်ခဲ့ပြီး ဦးဖြိုးမင်းသိန်းမှာ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၂)အတွက် ပထမဦးစားပေးဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်က ပြောသည်။

“ရပ်မိ၊ရပ်ဖနဲ့ NLD အလုပ်အမှုဆောင်အဖွဲ့နဲ့ ပေါင်းပြီးတော့ မဲခွဲဆုံးဖြတ်လိုက်ပြီ။ ဒါကို ဗဟိုကို ဆက်လက်တင်သွားဖို့ပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။

လှည်းကူးမြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) အတွက် ပထမဦးစားပေးအဖြစ် ဦးဖြိုးမင်းသိန်းကို ရွေးချယ်ထားပြီး လှည်းကူးမြို့နယ် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစည်သူက ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ခံထားရသည်။

လှည်းကူးမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ပထမဦးစားပေးမှာ လှည်းကူးမြို့နယ် NLD တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒေါ်ကေသွယ်စိုး၊ ဒုတိယဦးစားပေးမှာ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်ဖြစ်သည်။

လှည်းကူးမြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော် မဲဆန္ဒနယ် (၁) အတွက် ပထမဦးစားပေးအဖြစ် လက်ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းကို ရွေးချယ်ထားပြီး ဒုတိယဦးစားပေးမှာ လှည်းကူးမြို့နယ် NLD လူငယ်တာဝန်ခံ ဦးဂျူလိုင်ဟိန်း ဖြစ်သည်။

ပြီးခဲ့သည့်လက ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး ရန်ကုန်မြို့လယ်ရှိ ဗိုလ်တထောင်ဘုရားကို ဘက်စုံမွမ်းမံပြုပြင်ရေးအဖြစ် မြနန်းနွယ်နတ်နန်းကို ရွှေ့ပြောင်းခြင်း၊ ရှင်ဥပဂုတ္တ ဖောင်တော် ရေချပူဇော်ခြင်းဆောင်ရွက်ခဲ့ရာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကျရောက်နေချိန်တွင် လူစု၊လူဝေး ဖြစ်ပေါ်စေခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီက သတိပေးခဲ့ပြီး၊ နိုင်ငံတော်သမ္မတရုံးကလည်း ထုချေလွှာ တောင်းခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် နှလုံးခွဲစိတ်ကုသံခံရထားသည့်အတွက် ရွေးကောက်ပွဲဝင်ရန် မသေချာဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယနေ့တွင် ပထမဦးစားပေး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button