
ကိုရိုနာဗိုင်းရပ်ကြောင့် စီးပွားရေးလုပ်ငန်းများ နှေးကွေးနေသော်လည်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံအောက်မှစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရန် သမ္မတဦးဝင်းမြင့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။
တရုတ်-မြန်မာသမ္မတနှစ်ဦးသည် ကိုဗစ်နိုင်တင်းရောဂါထိန်းချုပ်ရေးနှင့် ယင်းစီမံကိန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဖော်ဆောင်ရန်တို့ကို မေ ၂၀ က ဖုန်းဖြင့်ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးက ယနေ့မနက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် တရုတ်နိုင်ငံကိုဗဟိုထား၍ ကမ္ဘာ့နိုင်ငံ ၆၀ ကျော်ကို ချိတ်ဆက်ကာ ကုန်သွယ်စီးပွားရည်ရွယ်ဖြင့် အကောင်အထည်ဖော်မည့် အခြေခံအဆောက်အအုံနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းကြီးဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative –BRI)နှင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ (CMEC)ထဲတွင် ပါဝင်သည့် စီမံကိန်းများကို မြန်မာနိုင်ငံဘက်က မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်စေချင်သည့် သဘောရှိသည်။
ယင်းကြောင့် ယခုနှစ်ဇန်နဝါရီလက လာရောက်ခဲ့သည့် တရုတ်သမ္မတ၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများနှင့်တွေ့ဆုံကာ သဘောတူစာချုပ်များ၊ စာချွန်လွှာများကို အများအပြား လက်မှတ်ရေးထိုးခဲ့သည်။
ယင်းခရီးစဉ်အတွင်း မြန်မာ-တရုတ်စီးပွားရေးစင်္ကြံထဲတွင် ပါဝင်သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ ယူနန်ပြည်နယ်မှ ကျောက်ဖြူအထိပေါက်မည့် ရထားလမ်း၊ကားလမ်း ဘက်စုံလမ်းမကြီး စီမံကိန်း၊ တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုန်များထူထောင်မှုနှင့် ရန်ကုန်မြို့သစ်စီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၃၃ ခုအထိ လက်မှတ်ရေးထိုးခဲ့သည်။
ကိုဗစ်နိုင်တင်းကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) တိုးတက်မှုနှုန်းသည် ၂ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိပြီး ဆင်းရဲနွမ်းပါးသူများအပေါ် ရိုက်ခတ်မှုရှိလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။
ထိုအခြေအနေသည် တရုတ်စီမံကိန်းများအပေါ် နှစ်နိုင်ငံညှိနှိုင်းသည့်အခါ မြန်မာနိုင်ငံအနေဖြင့် အားနည်းလာသည့် အနေအထားဖြစ်သည်ဟု Institute for Strategy and Policy (ISP-Myanmar) မှ တရုတ်နိုင်ငံဆိုင်ရာဌာနတာဝန်ခံ ဒေါ်ခင်ခင်ကျော်ကြီးက သုံးသပ်သည်။
“ ဒီစီမံကိန်းတွေက မြန်မာနိုင်ငံမှာ အရင်တုန်းက သတိထားပြီးကိုင်တွယ်နေတယ်။ ကိုဗစ်ကြောင့် မလွယ်မရှောင်သာနိုင်တဲ့ အခြေအနေ ပိုရောက်လာတယ်။ မြန်မာနိုင်ငံမှာ ပိုပြီးအရှိန်ရလာမယ့် အနေအထားရှိတယ်။ မြန်မာက ရွေးချယ်စရာ ပိုပြီးနည်းလာတယ်”ဟု ၎င်းကပြောသည်။
ယင်းစီမံကိန်းတော်တော်များများသည် စီးပွားရေးအကျိုးအမြတ်ပါသည့်အပြင် ပထဝီနိုင်ငံရေးအပေါ် မူတည်စဉ်းစားထားသည့် စီမံကိန်းများဖြစ်ကြောင်း ကိုဗစ်ဂယက်ကြောင့် အခြားနိုင်ငံများမှာလည်း စီးပွားရေး ကျဆင်းနေချိန် မြန်မာနိုင်ငံအနေနှင့်လည်း အကူအညီလိုအပ်နေချိန်ဖြစ်နေ၍ တရုတ်နိုင်ငံ၏လွှမ်းမိုးမှုအောက် ပိုမိုကျရောက်သွားနိုင်ကြောင်း ၎င်းကထောက်ပြသည်။
“ကြီးမားတဲ့စီမံကိန်းတွေက အလျင်စလိုလုပ်တာ လုံးဝမကောင်းဘူး။ ပြင်ဆင်မှုက အရမ်းအရေးကြီးတယ်။ ၆လ၊ တစ်နှစ်နဲ့ ချက်ချင်းလက်ခံရမယ်ဆိုတာ နောက်ပိုင်းပြဿနာတွေတက်နိုင်တယ်” ဟု သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခိုင်ဝင်းကဆိုသည်။
သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့မှာ မြန်မာနိုင်ငံတွင် ပြည်သူ့ရေးရာမူဝါဒနှင့်ဒီမိုကရက်တစ် အုပ်ချုပ်စီမံမှု တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။
အစိုးရက ကိုဗစ်နိုင်တင်းစီးပွားရေးကုစားမှု အစီအစဉ်ကို ဧပြီလကုန်ပိုင်းက ထုတ်ပြန်ပြီးနောက် မေလ ၆ ရက်နေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချန်ဟိုင်းနှင့် မြန်မာနိုင်ငံစီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့တွေ့ဆုံ၍ စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့သေးသည်။
တရုတ်စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် သတိထားရန်လိုအပ်ပြီး မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နိုင်ငံထံမှချေးငွေရယူပြီး အကောင်အထည်ဖော်မည်ဆိုပါက အတိုးများကြောင့် တရုတ်၏ကြွေးမြီထောင်ချောက်ကို ကြုံတွေ့ရနိုင်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။
တရုတ်၏ကြွေးမြီထောင်ချောက်ကြုံနိုင်ကြောင်း ထောက်ပြဝေဖန်မှုများကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇူန် စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာဘက်က ပြင်ဆင်ချုပ်ဆိုရန် အဆိုပြုခဲ့ပြီး နောက်ဆုံးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော်မှ ၁ ဒသမ ၃ ဘီလျံအထိ လျှော့ချခဲ့ပြီး ရှယ်ယာပိုင်ဆိုင်မှုကို တရုတ် ၈၅၊ မြန်မာ ၁၅ ရာခိုင်နှုန်းမှ ၇၀ – ၃၀ ရာခိုင်နှုန်းသို့ ၂၀၁၈ ကပြောင်းလဲချုပ်ဆိုခဲ့ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ယခုနှစ်ထဲတွင် နှစ် ၇၀ ပြည့်သည့် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအခမ်းအနားကို ကိုဗစ်နိုင်တင်း တည်ငြိမ်လာသည့်အခါ ကျင်းပသွားရန်ကိုလည်း သမ္မတနှစ်ဦး၏ ဖုန်းဖြင့်ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည်။