(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံနှင့် အကြောင်းအရာများ ပါဝင်သည်)
ယမန်နေ့ (မေ ၃၁) က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအခြေပြု ကာကွယ်ရေးအဖွဲ့ စခန်းနှစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးသမား ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးသွားသည်။
ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ် အခြေချတပ်စွဲထားသည့် ကန့်ဘလူသကြားစက် မြောက်ဘက် လေးမိုင်အကွာ ဖုတ်ကုန်းရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းကို စစ်သား ၆၀ ဝန်းကျင်က ယမန်နေ့ မိုးမလင်းမီ နံနက် ၄ နာရီဝန်းကျင်တွင် ဝင်ရောက် တိုက်ခိုက်သည်။ ထိုဖြစ်စဉ်တွင် တော်လှန်ရေးသမားလေးဦး သေဆုံးသည်။
ထိုနေ့ နံနက်ပိုင်းတွင်ပင် စစ်ကိုင်းတိုင်းမြို့တော် မုံရွာတောင်ဘက် မုံရွေးနှင့် ကြေးမုံရွာအနီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ချောင်းဦးမြို့မြောက်ဘက် သုံးမိုင်အကွာ ခင်မွန်ရွာအနီးရှိ Area 71 People Defense Force Monywa စခန်းကို စီးနင်းရာ တစ်ဦး အသက်ဆုံးခဲ့ရသည်။
ကန့်ဘလူမြို့နယ် ဖုတ်ကုန်းရွာရှိ ပကဖစခန်း တိုက်ခိုက်ခံရချိန်တွင် လည်ပင်းကျည်ထိမှန်သူတစ်ဦးသာ သေဆုံးခဲ့ပြီး ၎င်းအပါအဝင် ကျန်သူများ လွတ်မြောက်ခဲ့ကြောင်း၊ နောက်ထပ်သေဆုံးသူသုံးဦးမှာ ကင်းစခန်းများမှ ဖြစ်ကာ ထိုသူတို့ကို စစ်တပ်က ဖမ်းပြီး အနီးကပ်ပစ်သတ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဖုတ်ကုန်းရွာ ပကဖခေါင်းဆောင်က ပြောသည်။
“အိပ်ရာထတဲ့အချိန် ကျွန်တော်တို့ကို စခန်းအရှေ့ဘက်ကနေ ဝိုက်ပြီး ရပ်ခိုင်းတာ။ ထွက်ပြေးတဲ့အချိန်မှာ ပစ်တာပဲ၊ ကျွန်တော်နဲ့ ဆယ်တောင်လောက်ပဲ ကွာတော့တယ်။ ငြိမ်ငြိမ်နေလို့ အော်တဲ့အချိန် ကျနော် ထပြေးတာနဲ့ တန်းပစ်တာပဲ”။
သေဆုံးသူများမှာ အသက် ၁၈ နှစ်အရွယ် ကိုဆိတ်သိုး၊ အသက် ၂၀ မှ ၂၈ နှစ်အတွင်းရှိ ကိုဇင်လင်းမောင်၊ ကိုနိုင်ထက်ဦး၊ ကိုမင်းမင်းဦးတို့ဖြစ်ကြောင်း၊ ထွက်ပြေးလွတ်မြောက်သူများထဲမှ နှစ်ဦး ဒဏ်ရာရထားကြောင်း သိရသည်။ ယနေ့ (ဇွန် ၁) တွင် ဖုတ်ကုန်းရွာမှ စစ်ကောင်စီတပ်ဖွဲ့ ပြန်ထွက်သွားရာ တော်လှန်ရေးအဖွဲ့က ရုပ်အလောင်းများကို ကောက်ယူ သင်္ဂြိုဟ်ပြီးဖြစ်သည်။
စခန်းစီးနင်းခံရချိန်တွင် လက်လုပ်များဖြစ်သည့် တစ်တောင့်ထိုးသေနတ် ၂၂ လက်၊ လက်နက်ကြီးများနှင့် လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ ဆုံးရှုံးခဲ့ရသလို ဆိုင်ကယ်အစီး နှစ်ဆယ်ကျော်နှင့် စခန်းအတွင်းရှိ နေအိမ်သုံးလုံးကိုပါ စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း ဖုတ်ကုန်းရွာ ပကဖခေါင်းဆောင်က ပြောသည်။
ကန့်ဘလူမြို့တောင်ဘက် ၁၇ မိုင်ရှိအကွာ အိမ်ခြေ ၇၀၀ ခန့်ရှိသည့် ဖုတ်ကုန်းကျေးရွာကို မေ ၂၁ ရက်တွင် စစ်ကောင်စီက မီးရှို့သဖြင့် အိမ်ခြေ ၄၅၀ ကျော် ပျက်စီးခဲ့ပြီးဖြစ်ရာ ရွာခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနှင့်ပြီးဖြစ်၍ ပကဖစခန်းစီးနင်းခံရချိန်တွင် အရပ်သားထိခိုက်မှုမရှိဟု သိရသည်။
Area 71 PDF စခန်း စီးနင်းခံရမှုတွင် တစ်ဦး သေဆုံးခဲ့ရကြောင်း၊ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ရလျက် မီးလောင်ကျွမ်းသေဆုံးနေသည်ဖြစ်၍ မည်သူမည်ဝါ ခွဲခြားမရသေးကြောင်း ထိုအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။
“တိုက်ပွဲတော့ မဖြစ်ဘူး။ လက်နက်အင်အားလည်း မမျှလို့ ရှောင်လာခဲ့လိုက်တာ။ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ ရမ်းသန်းပစ်ပြီးတော့ ဝင်လာတာ။.. စခန်းရှိသမျှ အကုန် မီးပုံရှို့ခဲ့တာပဲ။ လူတစ်ယောက်လည်း မီးလောင်ဒဏ်ရာတွေနဲ့ သေနေတာပဲ”။
စီးနင်းခံရမှုအတွင်း စခန်းတစ်ခုလုံး မီးရှို့ခံခဲ့ရကြောင်း၊ လက်လုပ်မိုင်းနှင့် ၄၀ မမ အမျိုးအစား လက်လုပ်လက်နက်ကြီး အလက် ၄၀ ထက်မနည်းနှင့် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ ခဲယမ်းများ ဆုံးရှုံးသွားကြောင်း ၎င်းက ရှင်းပြသည်။
“ကုန်ကြမ်းတွေလည်း ပစ္စည်းလေးရတုန်းဆိုပြီး ဝယ်ထားတာ အဲဒါတွေ အကုန်ပါသွားတာ” ဟု Area 71 PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားလက်နက်ကိုင်အဖွဲ့ (ပျူစောထီး) အခြေစိုက်ရွာများ ရှိနေသည်။ ထိုသို့ ပျူစောထီးဖွဲ့နိုင်သည့် ရွာများကို အခြေပြု၍ စစ်ကိုင်းတွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် စစ်ကိုင်းတိုင်းသည်လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက လက်လုပ်လက်နက်များသာ အားပြုနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များကို လေကြောင်းပါ သုံး၍ တိုက်ခိုက်နေရာ အရပ်သားထိခိုက်သေဆုံးမှုများ မြင့်မားနေသည်။
ဧပြီ ၁၁ ရက်ကပင် ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ရာ ကလေးများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၆၀ နီးပါး သေဆုံးခဲ့ရသည်။
“စိတ်ဓာတ်တော့ မကျဘူး။ ဆက်လုပ်မှာ၊ ဖြစ်တဲ့နည်းနဲ့ တော်လှန်မှာဗျာ၊ ရဲဘော်ပဲ၊ တစ်နေ့ သေရမှာ သိနေတာပဲ” ဟု စခန်း စီးနင်းခံရသည့် ဖုတ်ကုန်းရွာ ပကဖခေါင်းဆောင်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)